လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြပါစေ။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ။

Sunday, August 5, 2012

ဘယ်တော့များမှ.....

၂၀၁၂ခုနှစ်၊ သြဂုတ်လ၊(၅)ရက်နေ့ တနင်္ဂနွေနေ့မှာ ဂျပန်ပြည် တိုကျိုမြို့ဟာ သဘာဝအစိမ်းရောင်နဲပါးခြင်းဒဏ်ကို မရှု့မလှခံနေရတယ်။ ဂျပန်နိုင်ငံရဲ့ နွေရာသီမှာ ပူအိုက်ပုံနဲ့ မြန်မာနိုင်ငံရဲ့ နွေရာသီ ပူအိုက်ပုံက ကွဲပြားခြားနားတယ်။ အပူဆုံးလဟာလည်း မြန်မာပြည်မှာ  ဧပြီလ ဖြစ်ပေမယ့် ဂျပန်မှာတော့ သြဂုတ်လဟာ အပူဆုံးပဲ။

ကျွန်ုပ်တို့ မြန်မာပြည်မှာက နွေနေ့လယ်ခင်းမှာ နေပူရှိန်ကြောင့် ဘယ်လိုပင် ပူအိုက်နေပါစေ၊ ပင်ထီးပညောင်လို့ ခေါ်တဲ့ အရိပ်ရ အပင်ကြီးတပင်အောက် ရောက်သွားရင် ဝင်လာတသူ ခပ်သိမ်းလူကို အပူငြိမ်းစေတဲ့အတွက် တကယ့်ကို အေးရိပ်ဆာယာလို့ ပြောလို့ရပါတယ်။

ဂျပန်ပြည်ရဲ့ နွေရာသီ ပူပုံကတော့ တမျိုး။ နွေနေ့လည်ခင်းတွေမှာဆို ဘယ်လိုပင် အရိပ်တခုခု အောက်ကို ခိုဝင်ပါသော်လည်း နေပူထဲမှာ အကြာကြီး ထားထားတဲ့  နို့ဆီခွက်ထဲ ဝင်လိုက်ရသလိုသာ ခံစားရလိုက်တယ်။ အရိပ်အောက်မှာ ရှိနေပေမယ့် အေးမသွားဘူး။

တိုက်ခတ်တဲ့လေဟာလည်း စိုထိုင်းဆတွေ များနေပြီး ကိုယ်ခန္ဓာက ထွက်တဲ့ချွေး၊ လေထုထဲက ရေငွေ့နဲ့ ပတ်ဝန်းကျင်က ဖုန်ငွေ့တို့ကြောင့် ခန္ဓာကိုယ် တခုလုံးဟာ စေးကပ်ကပ်ဖြစ်နေတတ်တယ်။ အဲဒါကို ဂျပန်လိုတော့ (မုရှိအာဆုအိ) (mushiatsui) လို့ ပြောပါတယ်။ အိုက်စပ်စပ် စေးကပ်ကပ်ကြီး ဖြစ်နေခြင်းကို "မုရှိ မုရှိ" လို့ လည်း ညည်းတွားတတ်ကြတယ်။

ဒီနေ့ဟာ တနင်္ဂနွေဆိုပေမယ့် အိမ်မှာ နားမနေနိုင်အားပဲ အလုပ်ကိစ္စတခုကြောင့် နွေနေ့လည်ကို အန်တုပြီး ကျွန်ုပ်တယောက် မုရှိမုရှိစွာနဲ့ပဲ အပြင်ကို ထွက်ခဲ့ရပါတယ်။ ထွက်လာရတဲ့နေရာကလည်း နိုင်ငံခြားသားတွေရော ဂျပန်လူမျိုးတွေပါ ထူထပ်ပေါများလှတဲ့ (ရှင်းအိုးကုဘိုး)လို့ ခေါ်တဲ့ ရပ်ကွက်တခုဆိုပါတော့။

ကြည့်လေရာနေရာတိုင်း၊ မြင်ကွင်းတိုင်းဟာ ဘယ်လိုမှ မအေးချမ်းနိုင်တဲ့ လူရောင်စုံတွေကြားမှာ ကွေ့ကာရှောင်ကာ လျှောက်လှမ်းနေခိုက် ကျွန်ုပ်ဖုန်းက အသံမြည်လာတယ်။ ကိုင်လိုက်တော့ " မကြီးလား စကားပြောလို့ရလား အခုဘယ်မှာလဲ" ဆိုတဲ့ ဂျပန်မှာနေတဲ့ ချစ်ညီမလေးတယောက်ရဲ့ အသံကို ကြားရတယ်။

ဒီနေရာမှာ ကြုံလို့ ပြောရဦးမယ်။ ဂျပန်မှာ တဦးနဲ့တဦး ဖုန်းဆက်ရင် အခုလိုပဲ  "စကားပြောလို့ရလား" ဆိုတဲ့ ကိစ္စကို အရင်ဆုံး မေးလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ လက်ကိုင်ဖုန်း ကိုင်ထားတိုင်း အော်ကျယ်အော်ကျယ် စကားပြောလို့မရတဲ့နေရာတွေ (စကားပြောလို့ မသင့်ဘူးလို့ ဂျပန်လူမျိုးတွေက သူတို့အသိစိတ်ဓါတ်နဲ့သူတို့ သတ်မှတ်ထားတဲ့ နေရာတွေ) ဂျပန်မှာ အများကြီးမို့လို့ပါ။

စောစောက ကိစ္စကို ပြန်ဆက်ကြပါစို့။ ကျွန်ုပ်က "ရတယ် ညီမလေး၊ မကြီး ဈေးဝယ်နေတာ၊ ပြော" ဆိုတော့ ဒေါသသံလေးတွေ စွက်နေပေမယ့် ချစ်စရာကောင်းတဲ့ သူ့အသံလေးနဲ့ ကျွန်ုပ်နားထဲကို တရပ်စပ် ပစ်လွှတ်ပါတော့တယ်။ စိတ်တိုနေတယ်ဆိုတော့လည်း ဒီလိုပဲပေါ့လေ။

သူပြောတဲ့ အကြောင်းအရာက သူမတို့ တမိသားစုလုံးဟာ သိပ်မကြာခင် လပိုင်းလောက်မှာပဲ ကိုရီးယားကို တမိသားစုလုံး ခ၇ီးထွက်ဖို့ စီစဉ်ကြပါသတဲ့။ သူမ မိခင်ရဲ့ passport သက်တမ်းဟာ ကုန်ခါနီးဖြစ်နေလို့ လွန်ခဲ့တဲ့ (၁)လလောက်ကတည်းက ဂျပန်မှာရှိတဲ့ မြန်မာသံရုံးကို ဖုန်းဆက်ပြီး သက်တမ်းတိုးဖို့အကြောင်း မေးမြန်းစုံစမ်းတဲ့အခါ passport ကို စာတိုက်ကနေ သံရုံးကို ပို့လိုက်ပါလို့ ဖြေကြားပါသတဲ့။
ဒီလိုနဲ့ သူတို့လည်း passportကို စာတိုက်ကနေ သံရုံးလိပ်စာအတိုင်း ပို့လိုက်ပါသတဲ့။ ၂ပါတ်ကျော်တဲ့အထိ ဘာအကြောင်းမှ ထူးမလာလို့ နောက်တကြိမ် ဖုန်းဆက်မေးကြည့်တော့ passportက သံရုံးကို ရောက်မလာပါဘူးလို့ ဖြေပါသတဲ့။

ဒါနဲ့ သူတို့လည်း သူတို့နေထိုင်ရာနေရာနဲ့ နီးစပ်ရာ မြို့နယ်(၆)မြို့နယ်က စာတိုက်တွေကို လိုက်စုံစမ်းတော့ စာတိုက်တွေက အဲသည့်passportကို သံရုံးကို ပို့ပြီးပြီလို့ အတိအကျ အကြောင်းပြန်ကြတယ်တဲ့။ သံရုံးကိုပြန်ပြောတော့ သံရုံးက မရောက်ဘူးတဲ့။ ကြားထဲမှာတော့ passportက ပျောက်ရပြီပေါ့။

ဒါနဲ့ပဲ အသစ်ပြန်လုပ်မှ ဖြစ်မှာမို့ သံရုံးက ပြောသလောက် ကျသင့်ငွေ ဗမာငွေနဲ့ဆိုရင် သိန်းဂဏန်းနဲ့ချီတဲ့ ယန်းငွေတွေကို ပေးသွင်းလိုက်ရပါတယ်တဲ့။ ဒါပေမယ့် passport အသစ်ကတော့ (၃)ကြာမှ ရမယ်လို့ ဆိုပါသတဲ့။

(၃)လ ဆိုရင်တော့ ခရီးသွားရမယ့် အစဉ်အစီကို ဖျက်ရမလိုဖြစ်တာကြောင့် ဂျပန်က လ.ဝ.က ကိုသွားပြောတော့ ဂျပန်လ.ဝက က မြန်မာသံရုံးမှာ passportအစား မြန်မာနိုင်ငံသားဖြစ်ကြောင်းကို အသိအမှတ်ပြုထားပေးတဲ့၊ ဗီဇာထုလို့ရတဲ့ passport အစားထိုး စာရွက်စာတမ်း တခုခု တောင်းကြည့်ပါလို့ အကြံပေးတာကြောင့် လူကိုယ်တိုင် သံရုံးကို ဒီနေ့ ထပ်သွားတဲ့အခါမှာတော့ အဲသည်လို စနစ်မျိုး မြန်မာသံရုံးမှာ လုပ်ထုံးလုပ်နည်း မရှိကြောင်းနဲ့ အသစ်လျှောက်ထားတဲ့ passport ဟာလည်း (၆)လလောက်ကြာမယ်လို့ ပြောလိုက်ပါသတဲ့။

တနင်္ဂနွေနေ့မို့ သံရုံးရဲ့ အလုပ်ချိန်က မနက်(၉)နာရီမှ နေ့လည် (၁)နာရီအထိပဲ ဆိုပေမယ့် ဝန်ထမ်းတွေဟာ (၁၀)နာ၇ီထိုးမှ ရောက်လာကြပါသတဲ့။ သူတို့လိုပဲ အခြားကိစ္စအသီးသီးနဲ့ မနက်အစောကြီးကတည်း လာစောင့်နေရတဲ့ ဧည့်သည်တွေဟာလည်း အချိန်အကြာကြီး စောင့်ဆိုင်းနေရပါသတဲ့။ ကိုယ့်ကိစ္စ အသီးသီးကို တင်ပြကြတဲ့အခါမှာလည်း မပြေလည်တာတွေကများလို့ တချို့ဆို သံရုံးနဲ့ပါတ်ဝန်းကျင်ကို ဓါတ်ပုံတောင် ရိုက်ယူသွားကြပါသတဲ့။

"စဉ်းစားကြည့်ပါ မကြီးရယ်၊ သူတို့ ပြောတဲ့ ပိုက်ဆံလည်း ပေးပြီးပြီ၊ ပထမပြောတုန်းက (၃)လ၊ အခုကျတော့ (၆)လကြာမယ်တဲ့။ ဒါတောင် (၆)လ ပြည့်ရင်တောင် ရချင်မှ ရဦးမှာတဲ့၊ ဘယ်လောက် ဒေါသထွက်ဖို့ ကောင်းလိုက်လဲ၊  Passportကိုလည်း ဖျောက်လိုက်တယ်၊ ပိုက်ဆံတွေလည်း ပေးရတယ်၊ အချိန်တွေလည်း မတရားယူထားတယ်၊ အဲဒါ ဘယ်လို လုပ်ရမလဲဟင်၊ ဘယ်သူ့ကို တိုင်ရမလဲ " တဲ့။

ဒီနေရာမှာကျွန်ုပ်အနေနဲ့ အဲသည့် ညီမလေးကို အကြံပေးချင်တာက တကယ်ဆို ဂျပန်က စာတိုက်တွေက passportကို သံရုံးကို ပို့ပြီးပြီလို့ စာတတန်ပေတတန်နဲ့ သေသေချာချာ လာကတည်းက အဲသည့်စာကို သံရုံးကို ယူသွားပြီး ပြသင့်ပါတယ်။ သံရုံးက မရဘူးဆိုတာ ကျိန်းသေတယ် ဆိုရင်လည်း မရတဲ့အကြောင်းကို ဂျပန်စာတိုက်က လုပ်သလိုပဲ အကြီးအကဲတယောက်ရဲ့ လက်မှတ်နဲ့ တကယ်မရရှိကြောင်း စာကို တောင်းယူသင့်ပါတယ်။

ဒါဆို ကြားထဲမှာ ဘယ်သူက မှားယွင်းတယ်၊ ပျက်ကွက်တယ်၊ပေါ့လျော့တယ်ဆိုတာဟာ အဖြေမှန်ထွက်လာပါလိမ့်မယ်။ ဒါမျိုးဆို ဂျပန်ဘက်ကလည်း သေသေချာချာကို စုံစမ်းလေ့ရှိပါတယ်။

ဒါပေမယ့် ညီမလေးတို့ မိသားစုကလည်း ခရီးထွက်ဖို့ ကိစ္စကရှိနေတော့ အဲလိုတွေ လုပ်နေရင်ကြာနေပါဦးမယ် ထင်ဟန်ရှိပုံရတာနဲ့ ဗမာ့နည်း ဗမာ့ဟန်နဲ့ သူတို့ ပိုက်ဆံလိုချင်လို့ မရဘူးလို့ပြောတာ ပိုက်ဆံပေးပြီး အသစ်လုပ်လိုက်မယ်လို့ တွက်ပြီး အမြန်ရအောင် လုပ်ပါမှ အခုလို ဖြစ်နေရပါတော့တယ်။

ပူပြင်းလှတဲ့ နေရောင်အောက်မှာ လက်နှစ်ဖက်က အထုတ်တွေနဲ့ စာရွက်စာရွက်အိတ်ကိုလည်း မပျောက်အောင် ဂရုစိုက်ရင်း ကျွန်ုပ် ဗယ်ဘက်ပခုံးနဲ့ နားနဲ့ ကြားမှာ ခိုးလိုးခုလု ဖြစ်နေတဲ့ နေကာမျက်မှန်ကိုင်းနဲ့ ဖုန်းနဲ့ကိုလည်း ပြုတ်ကျမသွားအောင် ထိန်းညှပ်ထားရင်းက ကြားနေရတဲ့ စကားတွေက မသက်သာလှပါဘူး။ ကျွန်ုပ်အနေနဲ့ လောလောဆယ် သူ့ကို ကူညီနိုင်တာက သက်ဆိုင်ရာတွေ၊ ဆက်စပ်သူတွေ သိစေရန် ညကျရင် ဒီကိစ္စကို face bookထဲမှာ ရေးပေးနိုင်တာပဲ ရှိပါတယ်။

ဒီလိုနဲ့ အိမ်ပြန်ဖို့ စောစောက (ရှင်းအိုးကုဘိုး)ဘူတာကို အပြန်မှာတော့ ဘူတာရှေ့မှာ လူတွေက သာမာန်ထက်ပိုပြီး ပြွတ်ခဲနေတာကို တွေ့လိုက်ရတယ်။ လက်မှတ်ဝယ်တဲ့စက်တွေအားလုံးလည်း ပိတ်ထားတယ်။ လက်မှတ်ဖြတ်ပြီး ဘူတာထဲကို ဝင်တဲ့အပေါက်ဝမှာတော့ ဘူတာက ဝန်ထမ်းတယောက်က ဆိုင်းဘုတ်တခုကို ကိုင်ထားတာ တွေ့လိုက်ရတယ်။ ဘူတာအတွင်းကို လှမ်းကြည့်လိုက်တော့ လူက ရှင်းနေတယ်။ ဒီတော့မှ ဘူတာက ဖွင့်ထားတဲ့ စပီကာက ကြေငြာသံကို သေသေချာချာ နားထောင်လိုက်တော့ ဒီရထားလိုင်းရဲ့ တိုကျိုဘူတာမှာ ရုတ်တရက် လူသေမှုဖြစ်ပေါ်ကြောင်း အော်နေတာကို ကြားလိုက်ရတယ်။

လူအုပ်ကြားထဲ တိုးပြီး ဆိုင်းဘုတ်ကို သွားဖတ်ကြည့်တော့လည်း အလားတူပဲ YAMANOTE ရထားလိုင်းရဲ့ တိုကျိုဘူတာမှာ လူအလောင်းတခု တွေ့ရပါတယ်လို့ ရေးထားတာတယ်။ ဂျပန်မှာက အဲသည်လိုပဲ ကိုယ့်ဖာသာကိုယ် ရထားလာနေချိန်ကျမှ ကိုယ့်ဖာသာကိုယ် ခုန်ချတာတို့၊ ကိုယ်သေစေချင်သူကို နောက်ကနေ တွန်းချတာတို့ ဖြစ်တတ်ပါတယ်။ သေချင်၊ သတ်ချင်လည်း တခြားနည်း သုံးကြပါလားကွယ်တို့ရယ်...လို့ တကိုယ်တည်း မြည်တွန်တောက်တည်းပြီး ဆိုင်းဘုတ်ကိုင်ထားတဲ့ ဝန်ထမ်းကို ကျွန်ုပ်သွားချင်တဲ့ ဘူတာဆို နောက် ဘယ်လောက်လောက် စောင့်ရမလဲမေးတော့ မိနစ် ၄၀ လောက်တဲ့။

ဒီလောက်ပူပြင်းတဲ့ နေပူထဲမှာ အထုတ်အပိုးစုံလင်စွာနဲ့ ကျွန်ုပ်က မိနစ်(၄၀)လုံးလုံး ဘယ်မှာ အချိန်ဖြန်းရပါမည်နည်း။ မထူးပါဘူးလေ။ ဘူတာ စင်္ကြန်ပေါ်မှာပဲ ထိုင်စောင့်တာပေါ့လို့ ဆုံးဖြတ်ပြီး ဘူတာထဲဝင် စင်္ကြန်ပေါ်တက်သွားလိုက်တယ်။

အလိုလေး....စင်္ကြန်ပေါ်မှာလည်း ကျွန်ုပ်နဲ့ အကြံတူ လူတွေမနည်းပါလား။ ထိုင်စရာ ထိုင်ခုံနေရာတွေက လူပြည့်နေပြီ။ ဒီကလည်း ခြေထောက်၂ဖက်က ၃လက်မဒေါက်၊ လက်၂ဖက်က ၃ကီလိုလောက် အထုတ်တွေနဲ့ဆိုတော့ မထူးလျှော့ လျှော့ပြီး စင်္ကြန်ကြမ်းပြင်ပေါ်မှာပဲ အားရပါးရ ထိုင်ချလိုက်ပါတော့တယ်။

မိနစ်(၄၀)လုံးလုံး ထိုင်စောင့်ရမှာဆိုတော့ အထုတ်တွေဘေးချ၊ တပလ္လင်ခွေထိုင်ပြီး စောစောက ညီမလေး ပြောတာကို ပါလာတဲ့ note bookထဲမှာ အကြမ်းချရေးနေလိုက်တယ်။ ရေးကောင်းကောင်းနဲ့ ရေးနေလိုက်တာ ကျွန်ုပ်ရှေ့ကို "ဝေါခနဲ" မြည်သံကြီးအတူ ရထားကြီး ထိုးဆိုက်လာမှပဲ ကမန်းကတမ်း အထုတ်တွေကောက်ဆွဲပြီး ရထားပေါ်တက်လိုက်ရပါတယ်။ ရထားတံခါးပိတ်ပြီး ရထားရုန်းအထွက်ကျမှ စင်္ကြန်ပေါ်က နာရီကို ကြည့်လိုက်တော့ (၄)နာရီ (၃၅)မိနစ်။

နာရီကို ကြည့်ပြီးမှ ဖြတ်ခနဲ သတိရလိုက်တာက...ကျွန်ုပ် ဖုန်း။
ကျွန်ုပ်က ဖုန်းထဲမှာ ညနေ(၄)နာရီခွဲ အချိန်ကို နေ့စဉ်နေ့တိုင်း alarm(နှိုးစက်)ပေးထားပါတယ်။ ညနေ(၄)နာရီခွဲဆိုတာဟာ တနေ့မှာ လူတယောက် အလုပ်လုပ်လို့ရနိုင်တဲ့ အချိန်တွေထဲက အလယ်ပိုင်း အချိန်လောက်ဖြစ်နေလို့ပါ။ ဆိုလိုတာက ဒီနေ့တနေ့ရဲ့ ညနေ(၄)နာရီခွဲသွားပြီ။ ဒီနေ့အဖို့ ဘာတွေ အလုပ်လုပ်ဖြစ်ခဲ့လဲ။ ဘာတွေ လုပ်ပြီးသွားပြီလဲ။ တခါတခါကျရင် ညနေသာ ရောက်သွားတယ် ဘာမှ မယ်မယ်ရရ ကိုယ့်အတွက်၊ တစုံတယောက်အတွက်၊ အများအတွက် ဘာဆိုဘာမှ မရလိုက်တဲ့ အခါမျိုးတွေရှိတတ်ပါတယ်။

အဲလို အခါမျိုးတွေဆိုရင်လည်း အခုချိန်ကစပြီး တခုခု လုပ်မယ်ဆိုရင်လည်း နောက်ထပ်လုပ်ဖို့ အချိန် (၄)(၅)နာရီလောက်ပဲ ကျန်တော့တယ်နော်...ဆိုတာမျိုးကို ကိုယ့်ကိုကိုယ် သတိပေးဖို့ alarmပေးထားခြင်းဖြစ်ပါတယ်။
နေ့စဉ်နေ့တိုင်း ပုံမှန် ဒီလိုအချိန်လောက်ရောက်ရင် ကြားနေကြ နှိုးစက်သံက အခုမကြားရဘူးဆိုတော့ တခုခု လွဲနေပြီဆိုတာကို သိလိုက်တယ်။ ချက်ချင်းဆိုသလည်း သယ်လာသမျှ အိတ်တွေနဲ့ ခန္ဓာကိုယ်ပေါ်က အိတ်တွေကို စစ်ကြည့်လိုက်တော့ ကျွန်ုပ်ဖုန်း မရှိတော့ဘူး။

စောစောက ရထားပေါ် ကပြာကယာ ပြေးတက်တုန်း စင်္ကြန်မှာ ကျကျန်ခဲ့ပြီ။ ရှေ့ဘူတာရောက်တော့ ချက်ချင်းပဲ ဆန့်ကျင်ဘက် ပလက်ဖေါင်းကို ကူးပြီး လာရာလမ်းအတိုင်း ရထားပြန်စီးလိုက်တယ်။ ဖုန်းကျကျန်ခဲ့တဲ့ ဘူတာစင်္ကြန်ပြန်ရောက်တော့ စင်္ကြန်မှာ လူတွေလူတွေဆိုတာ နည်းတာမဟုတ်ဘူး။ ဖုန်းကိုပြန်တွေ့ရင်တောင် ကုန်းကောက်လို့ ရတဲ့အနေအထားမှာ မရှိဘူး။

သွားပါပြီ။ ငါ့ ဖုန်းလေးတော့ ခြေထောက်တွေအောက်မှာ ရစရာရှိတော့မယ် မထင်ဘူး။ ဒီလိုမှ မဟုတ်ဘဲ တယောက်ယောက်က ကောက်ရလို့ နိုင်ငံခြားဖုန်းတွေဘာတွေ ခေါ်လိုက်မှဖြင့်.......။ ဖုန်းထဲက ကျွန်ုပ်မှတ်ထားတာတွေကို လျှောက်ကလိနေမှဖြင့်.....၊ ဂျပန်လူမျိုးတယောက်ယောက် ကောက်ရရင်တော့ ၉၅ရာခိုင်နှုန်း ပြန်ရဖို့ ကျိန်းသေလောက်တယ်ဆိုပေမယ့် ဒီဘူတာမှာကလည်း နိုင်ငံခြားသားတွေက အများကြီး။ နိုင်ငံခြားသား အားလုံးကို မဆိုလိုပေမယ့် အများစုကတော့ စိတ်မချရတာ ကိုယ်တွေ့ပေါင်း များစွာရှိခဲ့လေတော့.......စသဖြင့်စသဖြင့် ပူပင်မှုများနဲ့အတူ။

နောက်ပြီး ဖုန်းပျောက်သွားပြီဆို အလုပ်တွေက ရှုပ်ဦးမယ်။ ကိုယ်ဖုန်းလိုင်း ဖွင့်ထားတဲ့ ကုမ္မဏီမှာသွားပြီး ဖုန်းလိုင်းကို သွားပိတ်ရဦးမယ်။ နောက်ထပ် ဖုန်းအသစ်တလုံးကိုလည်း ထပ်လုပ်ရဦးမယ်။ ပိုက်ဆံလည်း ကုန်ဦးမယ်။ ဖုန်းထဲမှာ မိတ်ဆွေတွေရဲ့ ဖုန်းနံပါတ်တွေ၊ လိပ်စာတွေလည်း ပါသွားတယ်။ အစကပြန်ပြီး အားလုံးကို ဖုန်းနံပါတ်နဲ့ mailလိပ်စာ ပြောင်းသွားကြောင်း ပြန်ပြောရဦးမယ်။ တဒင်္ဂအတွင်းမှာပဲ ကျွန်ုပ်စိတ်တွေဟာ အတော့ကို ရှုပ်ထွေးသွားခဲ့ရတယ်။

ဒီလိုနဲ့ပဲ ကျွန်ုပ်စထွက်လာတဲ့ ဘူတာရောက်တော့ စင်္ကြန်ပေါ်ကနေ ရထားဝန်ထမ်းရုံးရှိတဲ့ အောက်ထပ်ကို ပြန်ဆင်းပြီး စုံစမ်းရတာပေါ့။ ဝန်ထမ်းက ကျွန်ုပ်ကို ကောင်တာအပြင်ဘက်ကနေ သူတို့ရုံးခန်းထဲကို ခေါ်သွင်းလိုက်တယ်။ နောက်ပြီးတော့ ဖုန်းအရောင်နဲ့ အမျိုးအစားကို မေးတယ်။ နောက်ပြီး ကျွန်ုပ်ရဲ့ နိုင်ငံခြားသား မှတ်ပုံတင်ကဒ်ကို တောင်းကြည့်တယ်။ ပစ္စည်းပျောက်တိုင်ကြားတဲ့ လျှောက်လွှာစာရွက်မှာ နာမည်၊နေရပ်လိပ်စာ၊ဖုန်းနံပါတ်တွေ ဖြည့်ရတယ်။

ဒီ့နောက်မှာတော့ ဝန်ထမ်းက ကျွန်ုပ်ရေးထားတဲ့ ဖုန်းနံပါတ်ကို ကြည့်ပြီး ရုံးခန်းက ဖုန်းနဲ့ ကျွန်ုပ်ရဲ့ ပျောက်သွားတဲ့ ဖုန်းကို ခေါ်ကြည့်မယ်လို့ ပြောတယ်။ ပြောပြောဆိုဆိုပဲ သူခေါ်လိုက်တယ်။ အဲသည့်အချိန်မှာပဲ ရုံးခန်းတနေရာကနေ ထွက်လာတဲ့ ကျွန်ုပ်ဖုန်းရဲ့ မယ်လိုဒီမြည်သံလေးကို အင်မတန်သာယာနာပျော်ဖွယ် ကောင်းလှစွာ ကြားလိုက်ရပါတော့တယ်။

" အဲဒါ ငါ့ဖုန်းအသံ၊ အဲဒါ ငါ့ဖုန်းအသံ" လို့ ဝမ်းသာအားရပြောတော့ ဝန်ထမ်းက "ကျိန်းသေသွားတာပေါ့" တဲ့။ ဒီနောက်မှာတော့ ကျွန်ုပ်လက်ထဲ ဖုန်းပြန်အပ်ပြီး စစ်ကြည့်ဖို့ပြောတယ်။ ကျွန်ုပ်လည်း ကျေးဇူးတင်ကြောင်းပြောပြီး ပြန်လှည့်အထွက်မှာ " သြော်...ဒါနဲ့ ငါ့ဖုန်းကို ဒီကို လာအပ်တာ ဘာလူမျိုးလဲဟင်" လို့ မေးကြည့်လိုက်တယ်။

"ဂျပန်လူမျိုးလေ" တဲ့။
"သြော်...ထင်တဲ့အတိုင်း ဂျပန်လူမျိုးပဲ" (やっぱり 日本人だ) လို့ ပြောမိလိုက်တော့ ဝန်ထမ်းက သိပ်နားမလည်တဲ့ မျက်လုံးနဲ့ ကြည့်ပြီး ကျန်ခဲ့ပါတော့တယ်။
စိတ်ထဲမှာလည်း ကျေးဇူးတင်နေတယ်။ စင်္ကြန်ပေါ်ကနေ ကောက်ရလို့ ရုံးခန်းအထိ တကူးတက သွားပေးတဲ့ ဂျပန်လူမျိုးတယောက်ကိုရော၊ အဲဒီလို သူတပါး ပစ္စည်းကို အချောင်မလိုချင်တတ်အောင်၊ အလွဲသုံးစား မလုပ်တတ်အောင် အသိစိတ်ဓါတ်မျိုး ထည့်ပေးထားတဲ့ ဂျပန်နိုင်ငံရဲ့ တစုံတရာကိုရော ကျေးဇူးတင်ပါတယ်လို့။

အိမ်အပြန်လမ်းမှာတော့ ကျွန်ုပ်အတွေးထဲကို ကိစ္စရပ်(၂)ခုက ယှဉ်တွဲပြီး ပေါ်လာပါတော့တယ်။ အဲသည့် (၂)ခုကတော့.....
ကျွန်ုပ်က နမော်နမဲ့ နိုင်စွာ ဖျောက်ပစ်လိုက်တာတောင် လူမှုတာဝန်သိတတ်တဲ့၊ စိတ်ဓါတ်အဆင့်အတန်းရှိတဲ့ ဂျပန်လူမျိုးတယောက်နဲ့ တွေ့သွားတာအခါ ကံကောင်းသွားရတဲ့ ကျွန်ုပ်ဖုန်းကလေးနဲ့၊ သေသေချာချာ ဂရုတစိုက် ပို့ပေးလိုက်တာတောင် သက်သေအကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိဘဲ ပျောက်ခြင်းမလှ ပျောက်သွားရတဲ့ မြန်မာသံရုံးဝန်ထမ်းတွေနဲ့ ပါတ်သက်လိုက်ရလို့ ကံဆိုးသွားရတဲ့ ညီမလေးမေမေရဲ့ passportလေးပါပဲ။

ကျွန်ုပ်တို့ မြန်မာနိုင်ငံသားနိုင်ငံသားတွေ ဘယ်အချိန်ထိများ ကံဆိုးနေကြဦးမှာလဲ.......
ဘယ်တော့များမှ ဒီလို စိတ်ဓါတ်တွေ ပျောက်သွားမှာလဲ......

ကျွန်ုပ်တို့ မြန်မာနိုင်ငံတော်ကြီး အလုံးစုံ စိတ်ဓါတ်အဆင့်အတန်း မြင့်မီသော တိုင်းပြည်ဖြစ်အောင် ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ တတ်နိုင်သမျှ ကြိုးစားနေပါဦးမည်။
လေးစားစွာဖြင့်
နန္ဒာ

0 comments:

Post a Comment