လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြပါစေ။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ။

Saturday, August 4, 2012

ရေရှည်လား ရေတိုလား

ကျွန်ုပ်သည် အခါများစွာပင် ကိုယ့်ကိုကိုယ် အားမရလျက်ရှိ၏။ မနှစ်က ကျွန်ုပ်ကို ဒီနှစ်ကျွန်ုပ်က အားမရပါ။ နှစ်တနှစ်ကုန်လို့ ပြန်စဉ်းစားလိုက်တိုင်း ငါ အဲဒီ့တုန်းက အဲလို လုပ်လိုက်ရအကောင်းသား ဆိုတဲ့အတွေးမျိုး နှစ်စဉ်နှစ်တိုင်း ဖြစ်လျက်ရှိ၏။ နှစ်တနှစ် ကုန်သွားတိုင်း ကျွန်ုပ်၏ ကြီးမားသော လိုအပ်ချက်များ၊ လွဲမှားမှုများ၊ တာဝန်မကျေပွန်မှုများကို တနှစ်တာ ဒိုင်ယာရီ၏ နောက်ဆုံးစာမျက်နှာတွင် ချရေးလေ့ရှိ၏။

အဲသည့်အတွက် ရလာတဲ့ အကျိုးကျေးဇူးကတော့ လာမယ့်နှစ်တွင် အဲသည်လို လိုအပ်ချက်များ၊ ထပ်တူလွဲမှားမှုများ၊  အလားတူတာဝန်မကျေမှုများမှာ မဖြစ်တော့ပါ။ သို့သော် အသစ်အသစ်သော လွဲမှားမှုများ၊ ညံ့ဖျင်းမှုများကတော့ မရိုးရအောင် နှစ်စဉ်နှစ်တိုင်း ဖြစ်လျက်ရှိပါသည်။ထို့ကြောင့်လည်း ဤစာကိုရေးနေသည့် ယခုအချိန်ထိတိုင် ကိုယ့်ကိုကိုယ် ကျေနပ်အားရမှုမရှိသေးပါ။

" နင်က ကိုယ့်ကိုကိုယ်နဲ့ ကိုယ့်လုပ်ရပ်ကို ကျေနပ်အားရမှုမရှိဘူး ဆိုရင်ဘယ်သူ့ကို ကျေနပ်အားရမှုရှိသလဲ၊ ဘယ်သူ့ လုပ်ရပ်ကို ကျေနပ်အားရမှုရှိသလဲလို့ " ကိုယ့်ကိုကိုယ် ပြန်မေးကြည့်မိသော အခါ မြောက်များစွာသော ပုဂ္ဂိုလ်တို့သည် ကျွန်ုပ်စိတ်အစဉ်၌ အရိပ်ထင်၍ လာပါတော့သည်။

သူတို့သည် နယ်ပယ်အစုံမှ ပုဂ္ဂိုလ်မျိုးစုံတို့ဖြစ်နေ၏။ သူတို့သည် သူတပါးထက် ထူးထူးခြားခြား အောင်မြင်နေကြ၏။ အောင်မြင်သည်ဆိုရာတွင် သူ့အတိုင်းအတာနှင့် သူအောင်မြင်နေခြင်းကို ဆိုလိုပါသည်။ အားလုံးဟာ ကမ္ဘာကျော်နေခြင်းတော့ မဟုတ်ပါ။ တချို့သည် နာမည်အလွန်မကြီးပါ။ တချို့သည် ငွေကြေးအလွန်မချမ်းသာပါ။ သူတို့အားလုံးတွင် ကိုယ်စီကိုယ်စီ တခုကောင်း၊ ၂ခုကောင်း အရည်အချင်းများ ရှိနေကြသည်ကို စာတွေ့အားဖြင့်လည်းကောင်း၊ လက်တွေ့အားဖြင့် လည်းကောင်း ကျွန်ုပ်တွေ့မြင်ရပါသည်။

သို့ရာတွင် ထူးခြားသည်မှာ သူတို့အားလုံးတွင် တူညီသော အပြုအမူ၊ အကျင့်အကြံ၊ စိတ်သဘော တခုရှိနေသည်ကို တွေ့ရခြင်းဖြစ်သည်။ ဤသည်ကား တခြားမဟုတ်။ သူတို့မှာ ဖြတ်လမ်းနည်းများကို မကျင့်သုံးခြင်းဖြစ်သည်။ တနည်းဆိုသော် ရေရှည်ရည်မှန်းချက်ဖြင့် ရပ်တည်ကြသူများ ဖြစ်၏။ သူတို့သည် တပွဲထိုးသမားများ မဟုတ်ကြခြင်းဖြစ်၏။

လုပ်ငန်းလောကတွင် နောင်တနေ့၌ ကမ္ဘာမှာ ထိပ်အဆင့်သို့ ရောက်လာမည့် သောမတ်စ်ဝပ်ဆင်(Thomas Watson Sr.) ဆိုသော ပုဂ္ဂိုလ်ဟာ အသက်(၄၀)အရွယ်မှာ ကုမ္မဏီခပ်သေးသေးတခုက အထွေထွေမန်နေဂျာတယောက်ပေါ့။ သူတို့ ကုမ္မဏီက အသားပါးလွှာစက်၊ လုပ်သားများ အလုပ်ချိန်ကို မှတ်သောစက်၊ စာရင်းဇယား ရေးသွင်းသည့်စက် စသည်များတို့ကို ထုတ်လုပ်ရောင်းချတဲ့ ကုမ္မဏီဆိုပါတော့။ သောမတ်စ်က လက်ရှိ ထုတ်လုပ်ရောင်းချနေသော စက်တို့ထက် ပိုကောင်းသော၊ ပိုအသုံးဝင်သော စက်တမျိုးကို မြင်ယောင်မှန်းဆ စိတ်ကူးလျက်ရှိ၏။

အဲဒီ့စက်ကတော့ ကိန်းဂဏန်း အချက်အလက် အမြောက်အများကို စုဆောင်းသိုမှီးထားခြင်း၊ ယင်းတို့ထဲမှ လိုရာကိုဖြစ်စေ၊ ဆက်စပ်ရာရာများကိုဖြစ်စေ စုစည်းပြီး ယင်းမှတဆင့် အချက်အလက် အသစ်များကို ကောက်နှုတ်၍ ထုတ်ပေးနိုင်သော နောင်တွင် ကွန်ပျူတာဟူသော အမည်ဖြင့် ထင်ရှားလာမည့်စက် ဖြစ်သည်။

သူစဉ်းစားစိတ်ကူးသည့်အချိန်က ကွန်ပျူတာဆိုတာ ဈေးကွက်ထဲရောက်လာဖို့ (၁၀)နှစ်ခန့် လိုသေးသည့် အချိန်ကာလ။ သူ့စိတ်ကူးကို လူတွေကိုပြောတော့
တချို့က သူ့ကို သရော်ကြ၏။ ပခုံးတွန့်ကြ၏။ သို့သော် သူကတော့ တနေ့မှာ သည်လိုစက်မျိုး မုချ ထုတ်လုပ် ဖြန့်ချိရောင်းချရလိမ့်မည်ဟု စိတ်ချယုံကြည်ခဲ့ပြီး သူ့ကုမ္မဏီလေးကိုလည်း သူမြင်ယောင်မှန်းဆထားသည့် အတိုင်းအဆနှင့် လျော်ညီစွာ နိုင်ငံတကာလုပ်ငန်းသုံး စက်ကိရိယာကော်ပိုရေးရှင်း (International Business Machines Corporation) ဟု စောစောစီးစီးပင် အမည်ပြောင်းလဲခဲ့သည်။ ဤသည်ကား ယနေ့ကမ္ဘာမှာ ထင်ရှားနေသည့် IBM ကုမ္မဏီကြီးပင် ဖြစ်လေတော့သည်။

သောမတ်စ် ဝပ်ဆင် အသက်အတော်ကြီးရင့်လာသောအခါ သူ့အား " IBM ဟာ ဒီလောက်အထိ ကြီးပွားလာလိမ့်လို့ ခင်ဗျား ဘယ်အချိန်လောက်စပြီး မြင်ယောင်မိခဲ့ပါသလဲ " လို့ မေးမြန်းသည့်အခါ " စလုပ်ကတည်းကပေါ့ဗျာ" ဟု သူကဖြေသည်ဟု ဆိုပါသည်။ ရေရှည် ရည်မှန်းချက်ဖြင့် စွဲစွဲမြဲမြဲ လုပ်သွားခြင်းကို တွေ့ရသည်။ ဒါကတော့ ကျွန်ုပ် စာတွေ့နဲ့ ထို ပုဂ္ဂိုလ်ရဲ့ IBMကို ကိုယ်တိုင်သိမြင်သုံးစွဲဖူးတဲ့ လူတယောက်အကြောင်း ဆိုပါတော့။ သောမတ်စ်ဝပ်ဆင် ကိုတော့ အပြင်မှာ မမြင်ဖူးပါ။

ကျွန်ုပ်အနေနဲ့ အပြင်မှာလည်း မြင်ဖူးတယ်။ ကျွန်ုပ်တို့နဲ့ တိုက်ရိုက်ပါတ်သက် ဆက်နွယ်နေသူတွေထဲက ဖြတ်လမ်းမလိုက်၊ ရည်မှန်းချက်မလွဲ၊ လမ်းကြောင်းမြဲသူတယောက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ပါပဲ။ သူမဟာ ကိုယ့်တိုင်းပြည်မှာ ကိုယ်မနေနိုင်တဲ့ အချိန်တုန်းက ငါဟာ တနေ့မှာ မြန်မာတမျိုးသားလုံးက ချစ်ခင်လေးစားရတဲ့ အမျိုးသားခေါင်းဆောင်၊ လူထု ခေါင်းဆောင် တယောက်ဖြစ်လိမ့်မယ်လို့ တွေးထားချင်မှ တွေးထားပါလိမ့်မယ်။

ဒါပေမယ့် သူမ မြန်မာပြည်ကို ရောက်လာခဲ့ပြီး ဒီလမ်းကို လိုက်တော့မယ်လို့ ဆုံးဖြတ်ချက် ချလိုက်ကတည်းက သူမအားလုံးကို ပြတ်သားခဲ့တယ်။ နှစ်ပေါင်းများစွာ စောင့်စားခဲ့ရတယ်။ လှောင်ထားခံခဲ့ရပေမယ့် အံ့မခန်းတဲ့ နှလုံးရည်တိုက်ပွဲကို ဆယ်စုနှစ်နဲ့ချီပြီး နွှဲခဲ့တယ်။ ဘယ်သူတွေ ဘယ်လို ခြောက်ခြောက်၊ မြှောက်မြှောက် ရည်မှန်းချက်မလွဲဘဲ သူမလိုချင်တဲ့ ပန်းတိုင်ကို မရောက်ရောက်အောင် ချီတက်တယ်။သူမရဲ့ ဖြတ်လမ်းမလိုက်မှုကြောင့် ကမ္ဘာက နှစ်ပေါင်း(၂၀)လောက် စောင့်ကြည့်အပြီး ယနေ့အချိန်မှာ သူမအတွက် ထိုက်တန်တဲ့ ရလာဒ်တွေကို ဆွတ်ခူးပေးနေပါပြီ။

လက်ရှိ ကျွန်ုပ်နေထိုင်ရာ ဂျပန်နိုင်ငံရှိ အလုပ်ခွင်ထဲမှာလည်း ရေရှည်ကိုကြည့်သူ အလုပ်သမားနဲ့ လတ်တလော မိမိလက်ရှိရာထူးနဲ့ လက်ရှိလုပ်ခကိုကြည့်ကာ ယင်းနဲ့တန်သလောက်ပဲ လုပ်မယ်ဆိုတဲ့ အလုပ်သမား အကျိုးများရပုံခြင်း အင်မတန်ကွာပါတယ်။

ရည်ရှည်ကို ကြည့်သူအလုပ်သမားကတော့ ယခု လုပ်နေတာက ငါရတဲ့ လုပ်အားခနဲ့ မတန်ဘူးဆိုပေမယ့် ကိုယ့်အရည်အသွေး ပေါ်အောင်လို့ ကိုယ်လုပ်ရမယ့် အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ပြလေ့ရှိပါတယ်။ လောလောဆယ်မှာ မိမိအရည်အချင်းကို မြင့်မားအောင် လေ့ကျင့်သင်ကြားနေတယ်လို့ပဲ ယူဆလေ့ရှိပါတယ်။ ဒါကြောင့်လည်း အချိန်တန်သောအခါ လူအများကြားမှာ ထင်ရှားလာရတယ်။ ရေတိုသမားကတော့ အခန့်မသင့်လို့ ဝန်ထမ်းလျှော့ချရေး စီမံကိန်းနဲ့တွေ့ရင် ထိပ်ဆုံးကနေ နာမည်ပါပြီးသား ဖြစ်နေတတ်ပါတယ်။

လူ့သဘောကလည်း အများအားဖြင့် လူတယောက် ကြီးပွားကောင်းစားနေရင် မနာလိုဖြစ်လိုက်မယ်။ အပနာပ ပြောလိုက်မယ် ...ဒီကောင် ဘယ်တုန်းကတော့ ဘယ်လိုပါပေါ့။ ကပ်ဖါးပြီး မြှောက်စားမယ် ဆိုတာလောက်ပဲ ဖြစ်တတ်ကြတယ်။ သူ ဘယ်တုန်းကတည်းက ဘယ်လို ကြိုးစားခဲ့တာ၊ ဇွဲရှိခဲ့တာ၊ အခက်အခဲတွေကြားက ရုန်းကန်ခဲ့ရတာတွေကို အသိအမှတ်မပြုသလို စိတ်လည်းဝင်စားလေ့ မရှိကြဘူး။ သူ့လို လိုက်ကြိုးစားဖို့ ဆိုတာတော့ ဝေလာဝေးပေါ့။

ကျွန်ုပ်ဟာ မနှစ်က ဒိုင်ယာရီလေးကို ပြန်ဖတ်ပြီး ငါဟာ ရေရှည်သမားလား၊ ရေတိုသမားလား ဆိုတာကို ကိုယ့်ကိုကိုယ် ပြန်ဝေဖန်ဆန်းစစ်ရင်း ဒီဆောင်းပါးလေးကို ချရေးမိလိုက်ခြင်း ဖြစ်ပါတယ်။ မိတ်ဆွေရော အလုပ်တခုကို လုပ်တဲ့အခါ ပြီးစီးအောင်လုပ်လေ့ရှိပါသလား။ ကိုယ်လုပ်လိုက်တဲ့ အလုပ်အပေါ်မှာရော ယုံကြည်စိတ်ချမှုရှိပါသလား၊ မိတ်ဆွေက ဝန်ထမ်းတယောက်ဖြစ်ခဲ့မယ်ဆိုရင် တာဝန်ကျေဝန်ထမ်းလား၊ တာဝန်သိဝန်ထမ်းလား။ ကိုယ့်ကိုကိုယ် စုံစမ်းကြည့်ပါ။ ကိုယ့်ကိုကိုယ် စုံစမ်းရဲတဲ့ သတ္တိဟာလည်း လူတိုင်းမှာ မရှိပါ။

နန္ဒာ(ဂျပန်)

0 comments:

Post a Comment