လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြပါစေ။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ။

Monday, August 27, 2012

ဂျပန်ကား(၂)

(၆) သင်္ဘောတင်စရိတ်
သင်္ဘောတင်ခဆိုသည်မှာ မိမိမှာယူလိုက်သော မော်တော်ယာဉ်ကို ကွန်တိန်(ခေါ်)လေးထောင့် သံပုံးရှည်ကြီးထည့်ပြီး သင်္ဘောဖြင့် မြန်မာပြည်ရှိ ဆိပ်ကမ်းကို ပို့ဆောင်ပေးလိုက်သော သယ်ယူပို့ဆောင်ခဖြစ်ပါသည်။

ကွန်တိန်နာ အရွယ်အစားမှာ ယေဘုယျအားဖြင့် အရှည် ပေ(၂၀)၊ ပေ(၄၀) အထိ ရှိတတ်သည်။ လုပ်ငန်းလုပ်ကိုင်သူများမှာ ပေ(၄၀) ကွန်တိန်နာများကိုသာ အသုံးများကြောင်း သိရသည်။
ပေ(၄၀)ကွန်တိန်နာတလုံးတွင် သာမာန် အနေအထား ဆလွန်းကားများထည့်ပါက ကွန်တိန်နာတလုံးကို ၄စီး အထိ ထည့်လို့ရသည်။ ဒါပေမယ့် အရွယ်အစားကြီး ဆလွန်းချည်းသက်သက် ၄စီးထည့်၍ မသင့်တော် ကြောင်းသိရတယ်။ ပေ(၄၀) ကွန်တိန်နာထဲကို pajero တံခါးလေးပေါက်လို ကားကြီးမျိုးနဲ့ Towncae, Hiaceတွေဆို ၃စည်းသာ ဆန့်ပါသည်။

သယ်ယူပို့ဆောင်ခကို နှမြောပြီး အရွယ်အစားကြီး ဆလွန်း(၄)စီးကို ပက်လက်တမျိုး၊ မှောက်လျက်တဖုံ၊ ကြိုးနဲ့ဆိုင်းပြီး တနည်း နည်းအမျိုးမျိုးနဲ့ မရမက ကြံဖန်ထည့်လိုက်လျှင် လမ်းခရီးတွင် လှိုင်းဒဏ်ကြောင့် သင်္ဘောလူးပြီး ကားအချင်းချင်း ပွတ်တိုက်မိတတ်သည်။ ဆိပ်ကမ်းရောက်လို့ ထုတ်လိုက်တဲ့အခါကျမှ ကျနော်/ကျမ မှာတုန်းက စင်းလုံးချောပါ။ ဒီလို  condition မဟုတ်ပါဘူး။ အခုတော့ ပိန်လို့၊ ချိုင့်လို့၊ဆေးပွန်းလို့ ဆိုတာမျိုးတွေ ဖြစ်တတ်ကြောင်းလည်း သတိထားသင့်ပါသည်။

ပေ(၄၀)ကွန်တိန်တလုံးရဲ့  ယေဘုယျ သဘောင်္တင်ခကတော့ ယန်းငွေ(၃၃သောင်း) လောက်အထိ မြန်မာငွေ( ၃၃သိန်း)လောက် ကျတတ်ပါသည်။ မော်တော်ကား(၄)ထည့်ထားတဲ့ ကွန်တာနာမှာ ဆိုရင် မော်တော်ကားတစီးရဲ့ သင်္ဘောတင်စရိတ်ဟာ ယန်း ၈သောင်း(မြန်မာငွေ ၈သိန်း)လောက် ကျတတ်တာပေါ့။

(၃)စီးထည့်ထားတဲ့ ကွန်တိန်နာဆိုရင်တော့ တစီးကို ယန်း(၁၁)သောင်း(မြန်မာငွေ၁၁သိန်း)လောက် ကျတာပေါ့။ (မှတ်ချက်….ဈေးဆိုတာတော့ ကြိုးချည်ထားလို့ မရဘူးပေါ့လေ။ အခုလက်ရှိ အနေအထားမှာတော့ ဒီလောက်ဈေးပေါက်နေတာပေါ့။ တော်ကြာ ဒီဆောင်းပါးကြီး ကော်ပီကူးပြီး " ခင်ဗျားတို့ ကျနော့ကားကို သင်္ဘောတင်ခ ဆိုပြီး တစီးတည်းကို မြန်မာငွေ(၁၅)သိန်း ယူလိုက်ရလား" လို့တော့ ကုမ္မဏီကို ရန်သွားမဖြစ်စေချင်ပါဘူး။ အစစအရာရာ စဉ်းစားချင့်ချိန်ပြီးမှ လုပ်တာတော့ အကောင်းဆုံးပေါ့၊)

(၇) အဏုမြူစွမ်းအင် ကင်းရှင်းကြောင်း စစ်ဆေးခ 

(ဂျပန်ယန်း ၁,၅၀၀၊ မြန်မာငွေ ၁သောင်းခွဲခန့်)ကို အဏုမြူစစ်ဆေးခဆိုပြီး ယူတတ်ကြတဲ့ အကျိုးဆောင်ကုမ္မဏီလည်းရှိသလို စစ်လည်းမစစ်ဘူး၊ ယူလည်း မယူဘူးဆိုတဲ့ အကျိုးဆောင်ကုမ္မဏီတွေလည်း ရှိပါတယ်။ စစ်ဆေးလိုက်လို့ ဒီမော်တော်ကားဟာ အဏုမြူရောင်ခြည်သင့်နေတယ်ဆို ပြည်ပကို တင်ပို့ခွင့်မရှိပါဘူး။ အဲသည့်အခါမှာတော့ ကားဝယ်လိုက်တဲ့ ပိုင်ရှင်ရော၊ အကျိုးဆောင်ကုမ္မဏီရော ဒုက္ခများကြရပါတယ်။ စကားတွေ ပြောကြရပါတယ်။ ဆုံးရှုံးမှုတွေလည်း ဖြစ်ကြပါတယ်။

ဒီကိစ္စနဲ့ပါတ်သက်ပြီး လိုက်လံ စုံစမ်းမေးမြန်းကြည့်တော့ တချို့အကျိုးဆောင်တွေက ပြောတာတော့ မော်တော်ကားကို ရေဆေးလို့ရပါတယ်တဲ့။ သာမာန်ရေဆေးနည်းမျိုး မဟုတ်ဘဲ နည်းပညာနဲ့ ဆေးတယ်လို့ ဆိုပါတယ်။ အဲသည်လို ရေဆေးခက ယန်း(၃)သောင်း(မြန်မာငွေ (၃)သိန်း)လောက် ကျတယ်လို့လည်း ပြောပါတယ်။ တချို့အကျိုးဆောင်များကျတော့လည်း ဒါများ အမရယ် မခက်ပါဘူး။ ကျနော်ဆို ကားရေဆေး၊ဆီထိုး ပို့ပြီး ဆေးလိုက်တာပါပဲ။ ဒီတော့လည်း ပို့လို့ရသွားတာပါပဲလို့လည်း ပြောကြပါတယ်။ အဖြေစကားများအရတော့ ကွာဟမှုတွေ ၇ှိနေပေမယ့် ဘယ်ဟာက အမှန်လဲ၊ အားလုံးက အမှန်ပဲလားဆိုတာ ကျွန်ုပ်တကယ်မသိပါ။

(၈) မိမိကားကို ဝယ်ယူပေးသော ကုမ္ပဏီ၏ ဝန်ဆောင်ခ 
အထက်က ဖေါ်ပြခဲ့တဲ့ ကိစ္စဝိစ္စ အဝဝကို လိုက်လံဆောင်ရွက်ပေးတဲ့အတွက် အကျိုးဆောင် ကုမ္မဏီရဲ့ ဝန်ဆောင်ခတွေက ကုမ္မဏီတခုခုနဲ့ တခုခု မတူကြပါဘူး။ ဂျပန်က ကုမ္မဏီနဲ့ တိုက်ရိုက် အဆက်အသွယ်ရရင်တော့ ယေဘုယျအားဖြင့် လုပ်ငန်းတခုအတွက် ယန်း၆သောင်း မှ ၇သောင်း (မြန်မာငွေ ၆သိန်းမှ ၇သိန်းလောက် အထိ) ယူတတ်ကြပါတယ်။ ကြားထဲမှာ ပွဲစားတွေ အဆင့်ဆင့်ခံနေရင်တော့ ဈေးတက်သွားတာပေါ့။ တချို့ကလည်း ကွန်တိန်နာ အလိုက်မယူဘဲ မော်တော်ကား စီးရေ အလိုက် တစီးကို မြန်မာငွေ (၂သိန်း)(၃သိန်း)လည်း ယူတတ်ကြပါတယ်။

အကျိုးဆောင် ကုမ္မဏီအနေနဲ့လည်း ဒီလို အကျိုးဆောင်ခကို အသားတင်ရတာတော့ မဟုတ်ပါဘူး။ မော်တော်ကားတွေကို ကွန်တိန်နာထဲ ထည့်တဲ့အခါ ချည်ရ၊ ဆိုင်းရ၊ခုရ၊ခံရတဲ့ သံချိန်းကြိုးဖိုးတို့၊ အခြား လိုအပ်တဲ့ ပစ္စည်းဖိုးတို့၊ အလုပ်သမားခတို့ကို အဲ့သည့် အကျိုးဆောင်ခထဲက နှုတ်ရတယ်လို့လည်း သိရပါတယ်။

ဒီလောက်ဆိုရင်တော့ ဂျပန်က မော်တော်ကားတစီးကို လေလံစနစ်နဲ့ အကျိုးဆောင် ကုမ္မဏီကိုသုံးပြီး ဝယ်မယ်ဆိုရင် မော်တော်ကား လေလံဆွဲလို့ရလိုက်တဲ့ အဖိုးနှုန်းထားအပြင် (ဂျပန်ဘက်က မြန်မာပြည်ဆိပ်ကမ်းအရောက်) နောက်ထပ်ဘာတွေ ထပ်လိုက်ရမယ်ဆိုတာကို အကြမ်းဖျဉ်းလောက်တော့ နားလည်သွားပြီလို့ ယူဆရပါတယ်။ ဆိပ်ကမ်းရောက်လို့ မြန်မာပြည်ဘက်က ပါမစ်ကိစ္စ၊ ရုံးကိစ္စ (က.ည.နကိစ္စဆိုပါတော့) အဲဒါကတော့ သပ်သပ် ထပ်ပေးရပါလိမ့်ဦးမယ်။

အဲသည့် အဖိုးအခတွေကို ဘယ်လိုအနေအထားတွေနဲ့ ပေးချေနေကြလဲဆိုတာကို ဆက်ရေးပါမယ်။
တချို့က အကျိုးဆောင်ကုမ္မဏီတွေကတော့ သူတို့နဲ့ လုပ်ငန်းစလုပ်ပြီ ဆိုကတည်းက စရံငွေ သဘောမျိုးနဲ့ ကိုယ်သုံးမယ့် မော်တော်ယာဉ်ဈေး ပမာဏရဲ့ ၅၀ရာခိုင်နှုန်းကို ကြိုပေးထားရပါတယ်။ လေလံအောင်သွားပြီဆိုရင်တော့ လက်ကျန်ငွေ အဆင့်ဆင့်ကို ၃ရက်အတွင်း ပေးချေရပါတယ်။ တချို့ကျတော့လည်း ဝယ်သူသတ်မှတ်ပေးထားတဲ့ ပမာဏကို မော်တော်ကားက ဝင်နေပြီ၊ ဆွဲမယ်ဆို ဆွဲလို့ရပြီဆိုတဲ့ အနေအထားမှာ ဝယ်သူကို confirmထပ်လုပ်ပြီး၊ ကျိန်းသေပြီဆိုမှ ပိုက်ဆံယူရင်း လေလံကိုလည်း ဆွဲချလိုက်တာမျိုး ရှိပါတယ်။

လေလံအောင်ပြီး (၃)ရက်လောက်ဆို မိမိဆွဲလိုက်တဲ့ ကားနဲ့ပါတ်သက်တဲ့ ဈေးနှုန်း၊ အခွန်အခ၊ အချက်အလက်တွေ ပါတဲ့ ကုမ္ပဏီရဲ့ 計算書( 落札分 )လို့ ခေါ်တဲ့ စာရွက် Statement of account (Successful bid) ထွက်လာပါတယ်။ အဲသည့်စာရွက်ရဲ့ မူရင်းကတော့ ဂျပန်စာတွေနဲ့ပေါ့။ အဲဒါကို တချို့ အကျိုးဆောင်များက ဝယ်သူကို ဘာသာပြန်ပေးပြီး ဘာသာပြန်ခပါ ထည့်တွက်တာမျိုးလည်းရှိပါတယ်။ (ကျွန်ုပ်ဘာသာပြန်ထားတာတော့ ရှိပါတယ်။ အလိုရှိသူများ အတွက် ပညာဒါန ဆိုပါတော့။)

ဝယ်သူက မော်တော်ကားကို ရွေးချယ်နည်းကတော့ အခုမြန်မာပြည်မှာကလည်း အင်တာနက် ကြည့်လို့ရနေပြီဆိုတော့ အကျိုးဆောင် ကုမ္မဏီများက ဝယ်သူကို မော်တော်ကားရွေးလို့ရတဲ့ websiteတွေ ပေးထားလေ့ရှိပါတယ်။ အဲသည့်အထဲမှာ ကားဈေးနှုန်းတွေလည်း အပြီးပါပါတယ်။ ဝယ်သူကကြိုက်တဲ့ မော်တော်ကားရဲ့ လေလံနံပါတ်ကို အကျိုးဆောင် ကုမ္မဏီကို လေလံဆွဲပေးပြီး မြန်မာပြည်အရောက် ပို့ဆောင်ပေးလေ့ရှိပါတယ်။

အခုလောက် သိရရင်တော့ မိတ်ဆွေများရဲ့ မေးခွန်းများလည်း အားလုံးနီးပါး ဖြေပြီးသား ဖြစ်သွားလောက်ပြီ ထင်ပါတယ်။ မိတ်ဆွေများ အစစ အရာရာ အဆင်ပြေကြပါစေ။

နန္ဒာ(ဂျပန်)

0 comments:

Post a Comment