လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြပါစေ။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ။

Monday, September 3, 2012

တိတ်ဆိတ်နေခြင်းဖြင့် ဘာမှဖြစ်မလာနိုင်

ကျွန်ုပ်ရေးသော စာတပုဒ်သာ မြှားတစင်းဖြစ်ခဲ့မယ်ဆိုရင် ဒီတခါမြှားကတော့ လူငယ်တွေဆီကို အဓိကထားပြီး ပစ်လွှတ်လိုက်တဲ့ မြှားလို့ပဲ ပြောရမှာပဲ။ ကျွန်ုပ်လည်း ငယ်ရာက ကြီးလာတော့ လူငယ်ဘဝကို ဖြတ်သန်းဖူးခဲ့တယ်။ ကျွန်ုပ်အသက်၂၀ကျော်အရွယ် လူငယ်ဘဝက လူကြီးတွေကို ပြန်ပက်လေ့ရှိတဲ့ စကားတခွန်းရှိတယ်။

" လူကြီးနဲ့လူငယ် အဆင်မပြေဘူးဆိုတာ တကယ်တော့ လူကြီးတွေက လူငယ်တွေကို နားလည်မပေးလို့ပဲ။ လူငယ်တွေကတော့ လူကြီးတွေကို နားလည်ပေးစရာမလိုဘူး။ ဘာလို့လဲဆိုတော့ လူငယ်တွေက လူကြီးမှ မဖြစ်ဖူးဘဲလေ" .....လို့။
အခုတော့ လူငယ်မက၊ လူကြီးမကျ၊ လူရွယ် အသက်ပိုင်းရောက်လာတော့မှပဲ ငါဟာ တချိန်က အတော့်ကို တဖက်သတ်ပြောခဲ့တာပဲလို့ ပြန်ဆင်ခြင်မိတယ်။

ဒါပေမယ့် ကျွန်ုပ်အနေနဲ့ လူငယ်တွေကို နားလည်ပေးနိုင်ပါတယ်။
ပွင့်လင်းလွန်ရင်း ရိုင်းသွားတတ်တာမျိုးတွေ၊
ခေတ်မီလွန်ရင်း ခေတ်ကိုဆန့်ကျင်သလို ဖြစ်သွားရတာမျိုးတွေ၊
ကိုယ့်ကိုကိုယ် ယုံကြည်မှုအရှိလွန်ရင်း သူများကို မလေးစားချင်တော့တာတွေ၊
ကိုယ့်အားကိုယ်ကိုးနိုင်တယ်ဆိုပြီး သူတပါးကို အထင်သေးမိသွားတာတွေဟာ လူငယ်တွေမှာ ဖြစ်တတ်တာကြောင့် တခါတခါ သူတို့ဆီက အဲသည်လို negativeအပြုအမူတွေ ခံရတဲ့အခါမှာ စိတ်မဆိုးဘဲ နားလည်ပေးလိုက်ပါတယ်။

အဲလိုနားမလည်ပေးဘဲ " ဒီကောင် မိုက်ရိုင်းတယ်။ လူကြီးကို လူပါးဝတယ်။ နည်းပညာလေး ကျွမ်းကျင်တာတခုတည်းနဲ့ ဘာမှ အတွေ့အကြုံမရှိဘဲ လူစွာလုပ်ချင်သေးတယ်"...စသဖြင့် ကိုယ်လည်း လူငယ်မဖြစ်ဖူးသလို ကိုယ့်ဘက်ကိုချည်းတွေးပြီး ပြုမူဆက်ဆံနေရင်တော့ ကိုယ့်သားသမီးကို ကိုယ်ကိုယ်တိုင်တောင် ဆုံးမလို့ ရမှာ မဟုတ်ပါဘူး။

ယနေ့လူငယ်တွေတော့ မပြောတတ်ဘူး၊ ကျွန်ုပ်လူငယ်ဘဝတုန်းက အမုန်းဆုံး ကိစ္စကတော့ ကျွန်ုပ်ကမမေးရပါဘဲနဲ့၊ ကျွန်ုပ်က မတောင်းဆိုရပါဘဲနဲ့၊ ကျွန်ုပ်က အားမကိုးရပါဘဲနဲ့ ကျွန်ုပ်ကို အခမဲ့လာရောက်ပြီး သွန်သင်ဆုံးမခြင်း၊ အခမဲ့လာရောက် နည်းလမ်းများ ညွှန်ကြားပြသခြင်း၊ အခမဲ့ လာရောက် သယ်သယ်ပိုးပိုး လုပ်ပေးခြင်းတို့ပါပဲ။ ကျွန်ုပ် မတောင်းဆိုရဘဲ လုပ်ပေးသည့် အဲသည့် ကိစ္စရပ်အားလုံးကို " စေတနာနဲ့ ပြောတာကို" ဆိုတဲ့ စကားလုံးလှလှကို coverလုပ်ပြီး ဆရာလာလုပ်သည်ဟုပဲ မြင်ပါသည်။ အဲလို လာလုပ်လျှင်လည်း
ဘုတောတတ်သည်။ ရိုင်းချင်လည်း ရိုင်းသွားမည်။

ကိုယ့်အားကိုယ်ကိုး၍ ဖြေရှင်းနေသော ကိစ္စရပ်တခုအား ကျွန်ုပ်က အကူအညီမတောင်းပါဘဲ လာရောက် ကူညီခြင်းကို လုံးဝကျေးဇူးမတင်ပါ။ အဲသည့်ခံယူချက်မှာ ယခုအချိန်ထိပင် ဖြစ်ပါသည်။အခုအချိန်မှာတော့ ငယ်တုန်းကလို ပြင်းပြင်းထန်ထန် မတုန့်ပြန်တော့ပေမယ့် စိတ်ထဲကတော့ မကြိုက်ပါ။ လိုအပ်လျှင် ကျွန်ုပ်ထက်ငယ်သည်ဖြစ် ကြီးသည်ဖြစ်စေ လေးလေးစားစားနှင့် ကျွန်ုပ်အကူအညီ တောင်းလေ့ရှိပါသည်။ အကြံဥာဏ်တောင်းလေ့ရှိပါသည်။

အဲသည်လို ကိုယ်နှင့် ကိုယ်ချင်းစာ၍လည်း ကျွန်ုပ်စာရေးသောအခါ မိတ်ဆွေများက မမေးဘဲ၊ မတောင်းဆိုဘဲ ရေးလေ့မရှိပါ။ မလိုအပ်ဘဲ တိုက်လိုက်သော ရေသည် သဲထဲတွင် ကွက်ကွက်လေးသာ ထင်ပြီး ခြောက်သွေ့သွားမှာကိုတော့ မလိုလားပါ။ ဆရာသိပ်လုပ်တာပဲဟု အပြောခံရမှာ ဝဋ်လည်မှာကိုလည်း ကြောက်မိပါကြောင်း ရိုးသားစွာ ဝန်ခံပါသည်။ အခုရေးမည့် အကြောင်းအရာများမှာလည်း တိုးတက်လိုသော မောင်ငယ်ညီမငယ်များရဲ့ အမေးစကားများ၊ ဆွေးနွေးစကားများကို ကျွန်ုပ်ကိုယ်တွေ့၊ စာတွေ့တို့နှင့် ပူးပေါင်းပြီး ပြန်လည်ဆွေးနွေးလိုက်ရခြင်းသာ ဖြစ်ပါတယ်။

ယနေ့ခေတ်အချိန် မြန်မာပြည်မှာ အထိုက်အလျောက် ပွင့်လင်းမှုတွေ ရှိလာတာနဲ့အမျှ အမျိုးမျိုးသော နိုင်ငံရေး၊ လူမှုရေး အဖွဲ့အစည်းများ မိုးဦးကျ မှိုများကဲ့သို့ အလျှိုလျှိုပေါ်ထွက်လာကြပါတယ်။ ဒီလိုအဖွဲ့အစည်းတွေအတူ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စကားဝိုင်းများ၊ အထိမ်းအမှတ် အခမ်းအနားများ၊ ရန်ပုံငွေပွဲများစသဖြင့် တို့လည်း ရေပန်းစားလာရပါတယ်။ ခေါင်းစဉ်အမျိုးမျိုး၊ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ပြုလုပ်ကျင်းပကြတဲ့ အဆိုပါ အခမ်းအနားများမှာ အားလုံးတူညီစွာ မဖြစ်မနေ လုပ်ရမှာကတော့ စကားပြောခြင်း ပါပဲ။

အခမ်းအနားတွေမှာ စကားပြောခြင်းကို  အသေးစိတ် ခွဲပြောရရင် မိန့်ခွန်းပြောခြင်း၊ မဲဆွယ်စည်းရုံးခြင်း၊ ဟောပြောခြင်း၊ အဆိုတင်သွင်းခြင်း၊ ဆွေးနွေးတင်ပြခြင်း၊ အခမ်းအနားမှုးလုပ်ခြင်း၊ အမှာစကားပြောခြင်း စသဖြင့်ပေါ့။ ပြောရတဲ့ အကြောင်းအရာ ကွဲချင်ကွဲမယ်၊ ပြောရတဲ့ ရည်ရွယ်ချက် ကွဲချင်ကွဲမယ်၊ ပြောရတဲ့ အနေအထား ကွဲချင်ကွဲမယ် အားလုံးကတော့ လူအများရှေ့မှာ စကားပြောရတာတွေချည်းပါပဲ။

ဒီမှာတင်ပဲ ပြဿနာက စတော့တာပါပဲ။ " ဒီလူပြောသွားတာ ပျင်းဖို့ကောင်းလိုက်တာ" ၊ "သူပြောသွားတဲ့ ကိစ္စကက ဘာမှ မဟုတ်ပါဘူး၊ သူသိတာလောက်ကတော့ သူ့ထက်တောင် ငါပိုသိသေးတယ်"၊ " စင်ပေါ်တက်ပြီး ဘာတွေပြောမှန်းလဲ မသိဘူး" ဆိုတာမျိုး၊ ကိုယ့် နာမည်ခေါ်လိုက်မှ ရင်တွေတုန်ပြီး ခြေဖျားလက်ဖျားတွေ အေးလာတာမျိုး၊ စင်အောက်မှာတုန်းက ပရိသတ် အဲသည်လောက်များမယ် မထင်ဘဲ စင်ပေါ်ရောက်မှ မျှော်မှန်းမထားတဲ့ ပရိသတ်ကြီးကြီးကို မြင်လိုက်ရလို့ ဒူးတွေ တဆတ်ဆတ်တုန်၊ ကိုင်ထားတဲ့ စာရွက်တွေ တဖျတ်ဖျတ် တုန်ခါနေတာမျိုး၊ ပြောရမယ့် စကားတွေ ကြက်ပျောက်ငှက်ပျောက် မေ့ကုန်တာမျိုး ...စသဖြင့် စင်ပေါ်ရောက် ပြဿနာများနဲ့ ရင်ဆိုင်ကြရတတ်ပါတယ်။

အများအားဖြင့်တော့ ပွဲအတွေ့အကြုံ မရှိသေးတဲ့ တက်သစ်စ လူငယ်တွေမှာ ပိုအဖြစ်များတာပေါ့။  The Book of lists အမည်ရှိ မှတ်တမ်းစာအုပ်ကြီးမှာ ဖေါ်ပြထားချက်အရဆိုရင် အမေရိကန်လူမျိုးတို့ အကြောက်ဆုံးအရာများစာရင်းတွင် ပရိသတ်ရှေ့၌ စကားပြောရခြင်းသည် နံပါတ်တစ်နေရာမှ ပါလျက်ရှိ၏။ ကမ္ဘာပေါ်မှာ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံသားတွေဖြစ်နေပြီး ရဲတင်းပွင့်လင်း လွတ်လပ်မှုလည်း အပြည့်အဝနီးပါး ရထားကြသော အဆိုပါ လူမျိုးတို့ပင်လည်း လူရှေ့ထွက်စကားပြောခြင်းကို ပမာမခန့်မလုပ်ရဲကြပေ။

တကယ်တော့ လူအများရှေ့မှာ၊ ပရိသတ်ရှေ့မှာ စကားကို အဆင်ပြေ အောင်မြင်စွာ ပြောဆိုတတ်ခြင်းဖြင့် လူတိုင်းမရနိုင်သော ရလာဒ်ကောင်းများ၊ အခွင့်အရေးကောင်းများကို ရနိုင်ပါသည်။ အဲဒါကြောင့် လူအများရှေ့မှာ စကားပြောတတ်ခြင်းဟာ အလွန်အဖိုးတန်တဲ့ အရည်အချင်းကောင်း တခုဖြစ်တယ်လို့ ဆိုချင်ပါတယ်။

ပရိသတ်ရှေ့မှာ စကားပြောခြင်းကို ကြိုတင်ပြင်ဆင်၍ စင်ပေါ်တက်ရခြင်းနဲ့ ရုတ်တရက် ရှောင်တခင် အစီအစဉ်မရှိဘဲ စင်ပေါ်မှ ဖိတ်ကြား၍ပြောရခြင်း(သို့) မခံချင်စိတ် ဝင်ရောက်ဖြည့်စွက်လိုသော ဆန္ဒတို့ကြောင့် ပြောဖြစ်သွားခြင်းဆိုပြီး အကြမ်းအားဖြင့် (၂)မျိုးခွဲနိုင်ပါတယ်။

ဒီနေ့ လူငယ်တွေ အများဆုံး တွေ့ကြုံနေရတာကတော့ ကြိုတင်ပြင်ဆင်ပြီး စင်ပေါ်တက်ရခြင်းပါပဲ။ ဒီတော့ ဘယ်လိုတွေ ပြင်ဆင်ထားမလဲ။ ပရိသတ်နဲ့ စကားပြောတော့မယ်ဆိုရင် ကြိုတင်ပြင်ဆင်တဲ့အဆင့် (preparation)နဲ့ တကယ်ပြောတဲ့အဆင့်(delivery) ၂ခုစလုံးကို ပိုင်နိုင်ဖို့ လိုတယ်။ ၂ခုစလုံးဟာ အရေးကြီးတယ်။

ပထမဦးဆုံး ပြင်ဆင်မှုအဆင့်အနေနဲ့........
(၁) ပရိသတ်ရှေ့မှာ စကားပြောတော့မယ်ဆိုရင် မိမိပြောလိုတဲ့ အကြောင်းအရာကို ကျွမ်းကျင်ပိုင်နိုင်နေဖို့ဟာ အရေးအကြီးဆုံးပဲ။ ထပ်ပြောလိုက်ပါဦးမယ်။ အဲဒါဟာ အရေးအကြီးဆုံးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ လူဆိုတာ မိမိကျွမ်းကျင် ပိုင်နိုင်တဲ့ ကိစ္စရပ်ကိုသာ လူမရှောင် နေရာမရှောင် ရဲရဲဝံ့ဝံ့ ယုံယုံကြည့်ကြည် ပြောရဲလို့ပဲ။ စင်ပေါ်ရောက်ရင် ပရိသတ်ရဲ့ မျက်လုံးတွေက ကိုယ့်ရဲ့ အတုအယောင် ဟန်ဆောင်မှုတွေကို ခွာချတတ်တယ်ဆိုတာကို မမေ့ပါနဲ့။ ဒါကြောင့် ပရိတ်သတ်ကို ရဲရဲဝံ့ဝံ့ကြည့်ဖို့လိုအပ်တယ် Eye Contact လို့ခေါ်ပြီး အနောက်နိုင်ငံကျောင်းတွေရဲ့ ဟောပြောမှုအဆင့်တန်း သတ်မှတ်ချက်မှာ ၂၅% အထိ အမှတ်ပေးတဲ့ ပရိတ်သတ်ကို ရဲရဲဝံ့ဝံ့ မျက်လုံးချင်းရင်ဆိုင်ပြောခြင်း
ပါ။

ဂျပန်ရောက်တော့ အသက်(၂၀)ကျော် အရွယ်မှာ ပထမဦးဆုံး မင်္ဂလာဆောင်တခုရဲ့ အခမ်းအနားမှုးလုပ်တုန်းက အတွေ့အကြုံပေါ့။ မင်္ဂလာဆောင်ဆိုတာကလည်း မှားသွားလို့ အစကပြန်ဆောင်မယ်ဆိုပြီး လုပ်လို့ရတာမျိုးမဟုတ်ဘူးလေ။ သတို့သားသတို့သမီးက ကိုယ့်ကိုယုံကြည်လို့ မြန်မာဘာသာနဲ့ အခမ်းအနားမှူးအဖြစ် အကူအညီတောင်းတာ။ တခြားအခမ်းအနားတွေမှာ အခမ်းအနားမှုးလုပ်သလိုမျိုး မှားသွားလို့ သည်းခံပါရှင်...ဆိုတာမျိုးကို တသက်မှာ မင်္ဂလာပြုလုပ်ရတဲ့ သတို့သားသတို့သမီးနဲ့တကွ ၂ဖက်အသိုင်းအဝိုင်းက ခွင့်လွှတ်ချင်မှာမဟုတ်ဘူးလေ။ ပြီးတော့ ဗီဒီယိုမှတ်တမ်းတွေဘာတွေနဲ့ တသက်လုံးသိမ်းထားကြမှာဆိုတော့ အမှားမပါမှ ဖြစ်မယ်ဆိုတာကြီးက စိတ်လှုပ်ရှားကို ပိုဖြစ်စေခဲ့တယ်။

ဒါနဲ့ပဲ " မင်္ဂလာရှိသော နေ့ရက်အခါသမယမှာ......ကအစချီပြီး ကျွန်ုပ်ပြောရမယ့် စကားတွေကို အချိန်နဲ့အလိုက် အစီအစဉ်တွေဆွဲပြီး  မင်္ဂလာ သတို့သား သတို့သမီးကိုယ်စား လှိုက်လှဲစွာ ကျေးဇူးဥပက္ခာတင်ရပါကြောင်း လေးစားစွာ ပြောကြားလိုက်ရပါတယ်ရှင်..." ဆိုတာအထိပါ ထည့်ရေးထားတဲ့ ကျွန်ုပ်ရဲ့ အခမ်းအနားမှုး စာရွက်ကြီးကို ကြည့်ပြီး ဂျပန်ဘာသာနဲ့ အခမ်းအနားမှူးလုပ်ပေးမယ့် ဝါရင့်အခမ်းအနားမှုးကြီးက ပြုံးတယ်။ အဲသည့်တုန်းက သူက ဘာစာရွက်မှ မလိုဘဲ ကျွမ်းကျင်စွာ ဦးဆောင်သွားနိုင်ခဲ့တယ်။

အဲသည့်အချိန်မှာ ကျွန်ုပ်သတိထားလိုက်မိတာကတော့ ကိုယ်ကျွမ်းကျင်ပိုင်နိုင်တဲ့ ကိစ္စကို လုပ်နေတဲ့ ပြောနေတဲ့ လူတယောက်ဟာ အင်မတန်ကြည့်ကောင်းပြီး ပရိသတ်ရှေ့မှာ အင်မတန်လည်း အိနြေ္ဒရပြီး လူတွေအားလုံးဟာလည်း သူနဲ့ အတူမြောပါသွားပါလားဆိုတဲ့ အချက်ပါပဲ။ မင်္ဂလာဆောင်ပွဲမှတင်မဟုတ်ပါဘူး။ ဘယ်ပွဲပဲဖြစ်ဖြစ် အခမ်းအနားမှူး လုပ်တဲ့သူက ကျွမ်းကျင်ပိုင်နိုင်စွာ ပွဲထိန်းတတ်ရင် ထိုင်ရတဲ့ ပရိသတ်က (၃)နာရီလောက် ထိုင်ရလဲ မငြီးငြူတတ်ဘူး။ 

(၂) ကိုယ်ပြောမယ့် အကြောင်းအရာဟာ ကိုယ်တက်ရောက်ပြောကြားရမယ့် အခမ်းအနားခေါင်းစဉ်၊ ကိုယ်ပြောမယ့် ပရိသတ်ရဲ့ နားလည်နိုင်မှုစွမ်းအားတွေနဲ့ အတတ်နိုင်ဆုံး ကိုက်ညီမှုရှိအောင် ပြင်ဆင်ပါ။ ဥပမာ ကျေးလက်ဒေသ ကျန်းမာရေး ပညာပေး ဟောပြောပွဲမှာ အင်္ဂလိပ်စကားတွေ သိပ်ညှပ်သုံးနေရင် အဆင်မပြေနိုင်ပါဘူး။ နားထောင်တဲ့ ပရိသတ်က သိချင်ကြတယ်။ သေသေချာချာ စဉ်းစားကြည့်ရင် ကိုယ့်စကားထဲက သူတို့အတွက် ဘာကျန်မလဲ သူတို့အတွက် ဘာပါမလဲဆိုတာကို သိချင်ကြခြင်းပဲ။ အဲဒါကို မမေ့ပါနဲ့။ အဲဒါကို ပေးနိုင်အောင် ပြင်ဆင်ပါ။

(၃) ကိုယ်ပြောမယ့် စကားကို စာနဲ့ရေးချပါ။ အကြိမ်ပေါင်းများစွာ အပြောလေ့ကျင့်ပါ။ ကိုယ့်ကို အခမ်းအနားမှာ အချိန်သတ်မှတ်ပေးထားရင် အဲသည့်အချိန်ဝင်အောင် ညှိပါ။ ဥပမာ နာရီဝက်စာ စကားပြောရမယ်ဆိုရင် မိနစ်၂၀ကျော်လောက်နဲ့ ပြီးတဲ့ ပြင်ဆင်မှုကို လုပ်ပါ။ နာရီဝက်အတိစာ စကားကို မထားပါနဲ့။ စင်ပေါ်ရောက်ရင် အမှတ်မထင်ကြုံတွေ့ရတတ်တဲ့ စက်ကိရိယာ အဆင်မပြေမှုများဖြစ်ပါက ကိုယ့်စကားမဆုံးခင် နာရီဝက်ပြည့်သွားပါလိမ့်မယ်။ အဲဒါဆိုရင် အဲသည့်နေ့အတွက် ကိုယ့်စကားက မအောင်မြင်ဖို့ များပါတယ်။

(၄) အကယ်၍ ဒီတကြိမ် ပရိသတ်ရှေ့ထွက် စကားပြောခြင်းဟာ ကိုယ့်အတွက် ပထမဦးဆုံး အတွေ့အကြုံဖြစ်နေမယ်ဆိုရင် ကိုယ်ပြောရမယ့် စကားကို ကိုယ့်ပတ်ဝန်းကျင်က လူတွေ(ဥပမာ...မိသားစု၊ မိတ်ဆွေအပေါင်းအသင်း)ရှေ့မှာ အရင်ဆုံး အပြောကျင့်ပါ။ သူတို့ကို ပရိသတ်လို သဘောထားပြီး ပြောပါ။ သူတို့ရှေ့မှာတောင် ကိုယ်က ရှက်နေရင် ဘယ်လိုလုပ်ပြီး ပရိသတ်ရှေ့မှာ တည်တည်ငြိမ်ြငိမ် အိနြေ္ဒရရနဲ့ ပိုင်နိုင်စွာ ပြောနိုင်ပါတော့မလဲ။ ဟိုရောက်ရင် သူ့ဟာနဲ့သူ ဖြစ်သွားလိမ့်မယ်ဆိုပြီး ကိုယ့်ကိုကိုယ် မညာပါနဲ့။ ကိုယ့်ကိုကိုယ် မညှာပါနဲ့။ မီးစင်ကြည့်ကတယ်ဆိုတာ ကျွမ်းကျင်တဲ့သူသာ လုပ်တတ်တာမို့ ပန်းထိမ်မတတ်ခင်က ရွှေခိုးမသင်ချင်ပါနဲ့။
ဒါတွေကတော့ ပွဲမဝင်ခင် အပြင်က အရင်စပြီး စီစဉ် ပြင်ဆင်ထားသင့်တာတွေပါ။

တကယ်ပြောတဲ့အဆင့်(delivery)
ကဲ.......သင့်ကို ပရိသတ်ရှေ့ကို ဖိတ်ခေါ်လိုက်ပြီ (သို့) သင်က ဦးဆောင်ပြီး စင်ပေါ်ကို တက်ရပြီဆိုပါတော့။ "နာမည်ခေါ်လို့သာ တက်သွားလိုက်ရတယ် ဘယ်ကနေဘယ်လို စကားပြောတဲ့နေရာရောက်သွားမှန်းတောင် မသိလိုက်တော့ဘူး" ဆိုတာမျိုး မဖြစ်တာတော့ အကောင်းဆုံးပါပဲ။ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပြီး ကိုယ့်အိမ်က ထမင်းစားပွဲကို သွားတဲ့စိတ်မျိုးသာ ထားသင့်ပါတယ်။

(၁) ပရိသတ်ရှေ့မှာ ကိုယ့်ဟန်နဲ့ကိုယ် ( Self-confident mode)
တချို့ကပြောတယ် အသက်ကို ဝအောင် ရှိုက်ရှူလိုက်၊ ခန္ဓာကိုယ်ကို မတ်ထား၊ ခေါင်းကို ခပ်မော့မော့ထား၊ ပရိသတ်ကို လွှမ်းခြုံသွားစေတဲ့ အကြည့်မျိုးနဲ့ ညှို့ဓါတ်ပါပါ ကြည့်ပစ်လိုက်၊ မျက်နှာကို အရမ်းမပြုံးနဲ့ အရမ်းလည်းမတည်နဲ့ ပြုံးသလိုလို တည်သလိုလို အနေအထားမျိုးထား....။ ကိုယ့်နေ့စဉ်ပုံမှန် လှုပ်ရှားနေကြ စတိုင်မဟုတ်ဘဲ အဲဒီလို အမူအယာတွေကို တမင်လုပ်ပြီး သင်စင်ပေါ်တက်သွားကြည့်စမ်းပါ။ ပရိသတ်က ကိုယ့်ကို ၂ခန်းလောက် လွတ်နေသူလို့ မထင်ရင်ပဲ ကျေးဇူးတင်ရမယ်။

ကျေးဇူးပြုပြီး ကိုယ့်ပုံမှန် ဟန်ပန်လေးအတိုင်းသာ တက်သွားပါ။ ပြုံးပြုံးရယ်ရယ် နေတတ်သူကလည်း ကိုယ့်စတိုင်အတိုင်း ပရိသတ်ကို စိတ်ပါလက်ပါ ပြုံးပြပေါ့။ မျက်နှာတည်တဲ့သူဆိုလည်း နှုတ်ဆက်စကားပြောချိန်မှာ ပရိသတ်ကို လေးလေးစားစား နှုတ်ဆက်လိုက်ရင် ဖြစ်ပါတယ်။

(၂)ပရိသတ်ကို ကြည့်ပါ (Eye Contact
နောက်တခုက တချို့ပြောတယ် ပရိသတ်ရှေ့မှာ စကားပြောတဲ့အခါ မျက်လုံးက ပရိသတ်ကို မကြည့်နဲ့တဲ့။ ပရိသတ်ကိုကြည့်လိုက်ရင် ရုတ်တရက် ကြောက်သွားပြီး စကားတွေမေ့တတ်တယ်တဲ့။ ဒါကြောင့် နောက်ဆုံးတန်း အပေါ်ဘက်လောက်ကို မှန်းကြည့်ကြည့်ပြီး ပြောတဲ့။ သင်ပဲ စဉ်းစားကြည့်ပါဦး။ ကိုယ်ကသူ့စကားကို နားထောင်နေတယ်။သူက ကိုယ့်ကို တချက်မှ မကြည့်ဘဲ ဘယ်ကြည့်နေမှန်းမသိ စကားပြောနေရင် သူပြောတဲ့ စကားဘယ်လောက် ကောင်းကောင်း ကြာရင် နားထောင်ချင်စိတ် ပျောက်မသွားဘူးလား။

တကယ်ဆို ပရိသတ်ကို မျှကြည့်ပါ။ တယောက်တည်းကို တသတ်မတ်တည်း စိုက်ကြည့်ပြီးလည်း မပြောပါနဲ့။ ပရိသတ်ကို မျက်လုံးချင်းဆုံအောင် မျှကြည့်ပြီး ပြောတတ်ရင် နားထောင်ရတဲ့သူတိုင်းလိုလိုက ကိုယ့်ကိုပဲ ပြောနေသလိုမျိုး ခံစားရပါတယ်။ အဲဒါ တကယ်လက်တွေ့ပါ။ ကိုယ်သာ စကားတွေ ဆုံးသွားတယ် ပရိသတ်က နားထောင်လို့ မဝဘူး။ "တော်ပါသေးရဲ့ ပြီးသွားလို့" ဆိုတဲ့ လူအမျိုးအစားထဲမှာ ကိုယ်ဘယ်တော့မှ ပါမှာ မဟုတ်တော့ဘူး။

မှတ်မှတ်ရရ စာတမ်းဖတ်ပြိုင်ပွဲလေးတခုမှာပေါ့။ စကားပြောရမယ့် လူက စုစုပေါင်း(၁၁)ဦး။  ကျွန်ုပ် ပြောရမယ့်အလှည့်က နံပါတ်(၇)။ တယောက်ကို ၁၀မိနစ်နှုန်းနဲ့ ပြောရတာဆိုတော့ တချို့လည်း အချိန်လွန်သူလွန်နဲ့ ကျွန်ုပ်စကားပြောလှည့် မရောက်ခင်မှာပဲ ပရိသတ်ခမြာ ၁နာ၇ီခွဲလောက် ငုတ်တုတ်ထိုင်နေရပြီ။ ဒီကြားထဲ ပရိသတ်ထဲက ကလေးလေးတယောက်ကလည်း ငိုတာမှ စူးစူးဝါးဝါး။ ကလေးမိခင်ကလည်း ခဏခဏ အပြင်ထွက်ပြီးချော့။ အခန်းထဲကို ဝင်လိုက် ထွက်လိုက်နဲ့။ ကလေးကလည်း ငိုလိုက် တိတ်လိုက်နဲ့။

အဲသည့်အချိန်မှာ ပရိသတ်ရဲ့ အာရုံကို စုစည်းအောင် ဖမ်းစားဖို့ တော်တော်မလွယ်ဘူး။ ကျွန်ုပ်လည်း အလှည့်မရောက်ခင်ကတည်းက စိတ်ညစ်နေပြီ။ ဒီလိုနဲ့ ကျွန်ုပ်အလှည့်ကို ကြေငြာတယ်။ သက်ဆိုင်ရာ သဘာပတိလူကြီးတွေကို ဦးညွတ်ဂါရဝပြုပြီး မိုက်ခရိုဖုန်းကို စကိုင်လိုက်ပြီးတာနဲ့ အသံကို လိုအပ်တာထက် ပိုမြှင့်လိုက်ပြီး ပထမဦးဆုံး ငိုနေတဲ့ ကျေးဇူးရှင်လေးကို စက္ကန့်(၂၀)လောက် စိုက်ကြည့်ပြီး ကျွန်ုပ်ပြောစရာရှိတာတွေကို ခရားရေလွှတ် ပြောပစ်လိုက်တယ်။
ကျေးဇူးရှင်လေးက ဘာမှ နားမလည်ပေမယ့် ရုတ်တရက် သူ့ကိုကြည့်ပြီး ဟိုအဒေါ်ကြီး ဘာတွေ အော်နေပါလိမ့်ဆိုပြီး လန့်ပြီး ငိုတာရပ်သွားတယ်။

ဒီတော့မှ ကျွန်ုပ်စကားပြောတတ်တဲ့ ပုံမှန်အမူအယာအတိုင်း ခြေဟန်လက်ဟန် မျက်လုံးမျက်စတို့နဲ့ ကိုယ်ပြောချင်တာတွေ အားရပါးရ ကျေးဇူးရှင်ကလေးကိုလည်း မကြာခဏ ကြည့်ရင်းပြောရတော့တယ်။ တခန်းလုံး တိတ်ဆိတ်သွားတော့ နားထောင်ရတဲ့ ပရိသတ်ဆီကိုလည်း ကျွန်ုပ်ပြောချင်တာတွေ ပိုရောက်ခဲ့တယ်။ ဒီလိုနဲ့ ကျွန်ုပ်ပြောလို့အပြီးမှာတော့ ပရိသတ်ရဲ့ ချီးကျူးသံကို လိုအပ်တာထက် ပိုကြားခဲ့ရတယ်။ ကျွန်ုပ်နဲ့ထိုက်တန်တဲ့ ဆုကိုလည်း ချီးမြှင့်ခံခဲ့ရတယ်။

ဒီနေရာမှာ တခုပြောချင်တာက ပရိသတ်ရှေ့မှာ စကားပြောတဲ့အခါ စကားကို စကားလို ပြောပါ။ စကားကို မဖတ်ပါနဲ့။ ပရိသတ်ကို စာဖတ်မပြပါနဲ့။ စင်ပေါ်တက်ပြီး ပရိသတ်ကို စာဖတ်ပြနေတာလောက် စိတ်ပျက်စရာကောင်းတာ မရှိပါဘူး။ ပရိသတ်ကို စာဖတ်ပြနေမယ်ဆိုရင် သင့်စကားပြောချိန်ဟာ ပရိသတ်အတွက် အားလပ်ချိန်(အနားပေးချိန်)ဖြစ်သွားလိမ့်မယ်။

(၃) ပရိတ်သတ်ကိုဖျော်ဖြေ ထိန်းချုပ်ပါ ( Entertainment power)
စင်ပေါ်အတွေ့အကြုံများလှတဲ့ ဝါရင့် အပြောသမားများ စကားပြော တရားဟောရင် ဟာသဆိုတာဟာ မပါမဖြစ်ပါပဲ။ ဒါပေမယ့် သူတို့ဟာသ တခုပြောတော့မယ်ဆိုရင် ရယ်စရာလေး တခုပြောပါရစေလို့....ပရိသတ်ကို စတင်ပြောထားလေ့မရှိပါဘူး။ ကိုယ်ပြောတဲ့ ဟာသ အောင်မြင်ရင် ပရိသတ်ရယ်ပါလိမ့်မယ်။

နောက်တခုက ပြောရမယ့်နေ့ကျမှ ကိုယ်ကရုတ်တရက် အဖျားဝင်ပြီး အသံမထွက်တော့တာ၊ နှာခေါင်းသံပေါက်နေတာမျိုးဆိုရင်လည်း ကျနော် နေမကောင်းလို့ အသံသိပ်မကောင်းပါလို့ အစကတည်း ပရိသတ်ကို ကြိုတင်ဆင်ခြေနဲ့ တောင်းပန်မထားပါနဲ့။ ငါ အကောင်းဆုံးဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်နဲ့သာ ပြောစရာရှိတာပြောပါ။ ဟောပါ။ ပရိသတ်ရှေ့မှာ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်နဲ့သာ ပြောမယ် ဟောမယ်ဆိုရင် သင့်အသံပုံမမှန်မှုကို ပရိသတ်က သတိတောင် ထားမိမှာ မဟုတ်တော့ပါဘူး။

အကယ်၍ မတော်တဆများ ပြောနေရင်းနဲ့ ရှေ့ဆက်ပြောရမယ့် အကြောင်းအရာကို ရုတ်တရက် အစဖေါ်မရအောင် မေ့သွားပြီဆိုပါတော့။ ကိုယ့်ဟောပြောမှုကို ရုတ်တရက်ကြီး ရပ်မပစ်လိုက်ပါနဲ့။ ဣနြေ္ဒရရနဲ့သာ ကိုယ့်ပြောပြီးသား စကားစကို ပြန်ကောက်ပြီး မေ့နေတဲ့အပိုင်းကို ကျော်သွားပြီး သတိရတာကို ဆက်ပြောပါ။ ကိုယ်ဘာပြောမယ်ဆိုတာကို အစကတည်း ပရိသတ်က သိထားတာမှ မဟုတ်ဘဲ။ ကိုယ်မေ့တာကို ကိုယ်ပဲသိနေတာလေ။

တတ်နိုင်သမျှ အဲသည်လို အဖြစ်မျိုး မကြုံရအောင်တော့ ကိုယ်ပြောမယ့် စကားတွေကို စာရွက်အပိုင်းအစ၊ (သို့) ကတ္ထူစက္ကူလေးတွေပေါ်မှာ အတိုကောက်noteထုတ်ပြီး ယူသွားပါ။ အစအဆုံး စာအပြည့်ရေးထားတဲ့ စာရွက်တွေနဲ့ စင်ပေါ်မှာ စကားပြောလိုက် စာကုန်းဖတ်လိုက် လုပ်နေခြင်းဟာ စကားပြောကောင်းသူ တယောက်ရဲ့ အရည်အချင်းမဟုတ်ပါဘူး။ ကိုယ်မှတ်လာတွေကို တချက်တချက်သာ တံတွေးမြိုရင်း၊ မျက်မှန်ပင့်တင်ရင်း ငုံ့ဖတ်လိုက်မျိုး လုပ်ပါ။ စကားပြောသူ တရားဟောသူ တယောက်အဖို့ ကိုယ်က စာတချက်ငုံ့ဖတ်အပြီး ပြန်အမော့ ပရိသတ်ကို ကြည့်လိုက်တဲ့အချိန်မှာ ပရိသတ်မျက်လုံးမှာ သူဘာဆက်ပြောမလဲ..ဆိုတဲ့ ကိုယ့်စကားကို စောင့်နေတဲ့ အနေအထားလောက် ပီတိဖြစ်စရာကောင်းတဲ့ကိစ္စ  မရှိပါဘူး။

(၄)  လိုအပ်ချက်ပြန်ပြောပြီးမှ နိဂုံးချုပ်လိုက်ပါ (Conclusion)
စကားပြောတဲ့အခါမှာ ဦးတည်ချက်ရှိပါမယ်။ ကိုယ်ပြောသမျှစကားတွေဟာ ကိုယ်ရွေးချယ်ထားတဲ့ ဦးတည်ချက်ဆီကိုပဲ သွားနေရမယ်။ ပရိသတ်ရဲ့ အရှိန်ကို ဥပမာ ဥပမေယျ၊ ဟာသ၊ ဆောင်ပုဒ် စတာတွေနဲ့ ကိုယ့်ပြောစကားဆီကို တွန်းတင်သွားပြီး နားထောင်နေတဲ့ ပရိသတ် စိတ်ဝင်စားမှု အထွဋ်အထိပ်ရောက်လာချိန်မှာ အားလုံးကို ပြန်ပေါင်းချုပ်ပြီး နိဂုံးချုပ်ပစ်လိုက်ပါ။ ပရိသတ် ဆက်ကြားချင်နေတဲ့ အချိန်မှာ နိဂုံးချုပ်လိုက်ခြင်းဟာ နောက်ထပ်ပွဲတွေအတွက် ပရိသတ်က ကိုယ့်ကိုမျှော်လင့်စရာ ဖြစ်နေပါလိမ့်မယ်။

ပရိသတ်ရှေ့မှာ သေသပ်လှပ စကားပြောနိုင်ခြင်းဟူသည် ကြိမ်ဖန်များစွာ လေ့ကျင့်ပါက ကျွမ်းကျင်ထက်မြက်နိုင်သော အရာဖြစ်သည်။ အဲဒါကြောင့် တိုးတက်လိုသူ ဦးဆောင်ဦးရွက် ပြုလိုသူ လူငယ်တိုင်းဟာ အခွင့်အရေးရတိုင်း စကားထပြောပါ။

တိုးတက်လိုတဲ့ လူငယ်တယောက်အဖို့ အခမ်းအနားတခုကို သွားရောက်တဲ့ အခါ နားထောင်သူ သက်သက်အဖြစ်သာ မဟုတ်ဘဲ အကယ်၍များ ငါသာ ဒီအခမ်းအနားမှာ စကားပြောခွင့်ရရင် ဘာတွေပြောလိုက်မယ်ဆိုတဲ့ စိတ်နဲ့ အနည်းဆုံး စိတ်ထဲလောက်ကနေ ကြိုတင်ပြင်ဆင်မှု ပြုလုပ်ပြီး သွားသင့်ပါတယ်။  ကိုယ်သွားတဲ့ အခမ်းအနားမှာ တကယ်စကားပြောရမယ့်သူက ရုတ်တရက် အကြောင်းတခုခုကြောင့် ပျက်ကွက်ခဲ့ရင် အဲသည့်လူနေရာ အစားထိုးပြောနိုင်တဲ့သူအဖြစ် ရွေးချယ်ခံနိုင်အောင် ကိုယ့်ဘက်က အမြဲသင့်ဖြစ်နေသင့်တယ်။ အခွင့်အရေးဆိုတာ အချိန်မရွေး ပေါ်ပေါက်လာနိုင်ပါတယ်။

ကိုယ်ဘယ်လောက် သိသိ၊ ကိုယ်ဘယ်လောက် တတ်တတ် ကိုယ်သိတာ တတ်တာတွေကို ဘာမှ မလုပ်ဘဲ၊ ဘာမှ မပြောဘဲနဲ့၊ ဘာမှ ဖြစ်မလာနိုင်ဘူး။ လူငယ်တိုင်း မိမိကိုယ်စွမ်းဥာဏ်စွမ်းကို အသုံးချပြီး၊ ရရှိလာတဲ့ အခွင့်အရေးကို လက်ဝယ်ပိုင်ပိုင် အသုံးချနိုင်တဲ့ တိုင်းပြည်အတွက် အသုံးဝင်တဲ့ အဖိုးတန်လူငယ်များဖြစ်နိုင်ကြပါစေ။

နန္ဒာ(ဂျပန်)

0 comments:

Post a Comment