ယနေ့ခေတ်အချိန် မြန်မာပြည်မှာ ကားပါမစ်တွေ အရင်လောက်
မခက်တော့ဘူးလို့ သိရပါတယ်။ ကြားရပါတယ်။ သိရကြားရတာနဲ့ အမျှ
မြန်မာပြည်တွင်းကို ဂျပန်က မော်တော်ကားများ သုံးပြီးသား(USED) တွေ
ဆည်ကျိုးသလို လှိမ့်ဝင်လာတယ်၊ ရန်ကုန်မြို့အထိ မရောက်သေးတာတောင် ထိုင်း
မြန်မာ နယ်စပ်မှာ ကားတွေ ပုံနေပြီ စသဖြင့်သော စီးပွားရေး
သတင်းစကားများလည်း ကြားရပါတယ်။
ဒီတော့လည်း မြန်ပြည်တွင်းက
မိတ်ဆွေများက ဘာရယ် မဟုတ်ဘူး။ ဂျပန်က မော်တော်ကားဆိုတော့လည်း ဂျပန်ရောက်
သူတို့ မိတ်ဆွေ တယောက်ဖြစ်တဲ့ ကျွန်ုပ်ကို လှမ်းမေးတော့တာပေါ့။ ဂျပန်က
ရွှေမြန်မာ အများစုကလည်း တနေ့တနေ့ ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ ဂျပန်ပြည်ကနေ
မြန်မာပြည်ကို ကားတင်ပို့တဲ့ ကိစ္စကို ကိုယ်နဲ့မသက်ဆိုင်သူများဆိုရင်
ဂဃနဏ မသိကြဘူး ဆိုပါတော့။ ဒီလုပ်ငန်း လုပ်နေသူတွေကတော့ နားလည်ကြတာပေါ့။
ကျွန်ုပ်လည်း
မဆိုစလောက်လေး ဟိုပို့ ဒီပို့လုပ်မိလေတော့ လက်လှမ်းမီသလောက် လိုက်လံ
စုံစမ်းလေ့လာရတော့တာပေါ့။ ကျွန်ုပ်သိသလောက်တော့ မိတ်ဆွေများကို
ဆရာစားမချန် ပြောပြမှာပါ။
ဂျပန်-မြန်မာ နှစ်နိုင်ငံတွင်
ရိုးရိုးသားသား ကုမ္ပဏီထောင်၍ လုပ်ကိုင်စားသောက်နေသူများ ရှိသကဲ့သို့
ကိုယ့်လောက် မသိ မတတ် နားမလည်သူတွေအပေါ် ဟောက်စားလုပ်ချင်သော တကွက်ချန်၊
တကွက်စားတတ်သော အချို့သော စီးပွားရေးသမားလည်း ရှိပါတယ်။ အားလုံး
ဆင်ခြင်လို့ရအောင် မိတ်ဆွေများအတွက် စေတနာသက်သက်ဖြင့်
ရေးသားခြင်းဖြစ်ပါသည်။
သင့်အနေနဲ့ ဂျပန်က မော်တော်ကားတစီးကို
ဝယ်ပြီး မြန်မာပြည်မှာ သုံးချင်တယ်ဆိုပါတော့။ ပထမဦးဆုံးသင်ဘာလုပ်မလဲ။
ခေတ်ကလည်း မြန်မာပြည်မှာက အင်တာနက်လေး မဖြစ်စလောက် သုံးနေရနေတဲ့
အနေအထားဖြစ်နေပြီ။ တချို့ ပြောတာကိုလည်း ကြားဖူးနေတယ်။ ဂျပန်မှာ
လေလံစနစ်နဲ့ ရောင်းချနေတဲ့ ကားတွေကို ပြည်တွင်းကနေ ကိုယ့်ရှေ့မှာတင်
တိုက်ရိုက်လေလံဆွဲပြီး ဝယ်လို့ရနေပြီဆိုပဲ။
ဒီတော့ ဂျပန်မှာ လေလံစနစ်နဲ့ ဝယ်တဲ့ မော်တော်ကား ဝယ်ပုံ ဝယ်နည်းကို ကျွန်ုပ်ကိုယ်တွေ့လေ့လာထားသလောက် ပြောပြပါမယ်။
ဂျပန်မှာ
ကားလေလံဆွဲလို့ရတဲ့ ကုမ္မဏီပေါင်းများစွာ on lineပေါ်မှာရှိနေပါတယ်။
တချို့ကုမ္မဏီတွေက လေလံစနစ်နဲ့ ရောင်းချပေးတယ်။ ကိုယ်ဝယ်လိုက်တဲ့ကားကို
သက်ဆိုင်ရာ အခွန်များ ဆောင်ပြီးတဲ့အခါ ဂျပန်ပြည်တွင်းမှာသုံးလို့ရတယ်။
ဒါကတော့ ရှင်းတယ်။
ပြည်ပကို ပို့မယ်ဆိုရင်တော့ ကိုယ်ဝယ်မယ့်
ကားကုမ္မဏီက သူတို့ရောင်းလိုက်တဲ့ကားကို ပြည်ပအထိ ပို့ပေးနိုင်တဲ့
အနေအထားရှိမရှိကို သိထားဖို့လိုပါတယ်။ ဂျပန်မှာရှိတဲ့လေလံစနစ်နဲ့
မော်တော်ယာဉ် ရောင်းတဲ့ ကုမ္မဏီတွေမှာ ပြည်ပကို ပို့ပေးနိုင်တဲ့ အနေအထား
ရှိတဲ့ ကုမ္မဏီတွေရှိသလို၊ အရောင်းသက်သက်သာ ဖြစ်ပြီး ပြည်ပကို
ပို့ပေးနိုင်တဲ့ အနေအထားမရှိတဲ့ ကုမ္မဏီတွေလည်း ရှိပါတယ်။
မြန်မာပြည်နဲ့တကွ
ဂျပန်နိုင်ငံ ပြင်ပကို မော်တော်ယာဉ်တွေ လေလံဆွဲပြီး
တင်ပို့နိုင်ဖို့အတွက် ဂျပန်ပြည်တွင်းမှာ ကုမ္ပဏီထောင်ရပါတယ်။
လေလံဆွဲနိုင်ဖို့အတွက် လေလံကုမ္ပဏီမှာ မြန်မာငွေ သိန်းရာဂဏန်းနဲ့ ချီပြီး
စဘော်သဘောမျိုး သွင်းထားရပါတယ်။
ကားတစီးကို
လေလံဆွဲပြီးပြီဆိုရင် ကိုယ်လေလံရသွားတဲ့ ကားဈေးအပြင် နောက်ထပ် အဲသည့်
ကားအတွက် ထပ်ပြီး ပေးဆောင်ရမှာတွေကတော့.............
(၁) ဝယ်ခွန်( မိမိဝယ်ယူလိုက်သော မော်တော်ယာဉ်တန်ဖိုးရဲ့ ၅ %)
(၂) လေလံဆွဲခ (ဂျပန်ယန်း ၂သောင်း၊ ဗမာငွေ ယနေ့ခေတ်ပေါက်ဈေး(၂သိန်း)ခန့်)
(၃) လေလံခွန် (လေလံဆွဲခ ယန်း၂သောင်းရဲ့ ၅%)
(၄) Recycle Fee ( ဂျပန်ယန်း ၉ထောင် မှ 6သောင်းအထိ၊၊ ဗမာငွေ ယနေ့ခေတ်ပေါက်ဈေး(၉သောင်း)ကျော်ခန့် မှ ၆သိန်းခန့်)
(၅) ဂျပန်ပြည်တွင်း ကားသယ်ယူစရိတ် (ယန်း ၁သောင်း မှ ယန်း ၃သောင်း ဝန်းကျင်)
(၆) သင်္ဘောတင်စရိတ် ( ကွန်တိန်နာ အလိုက် ကွာခြားမှုရှိပါသည်)
(၇) အဏုမြူစွမ်းအင် ကင်းရှင်းကြောင်း စစ်ဆေးခ (ဂျပန်ယန်း ၁,၅၀၀၊ မြန်မာငွေ ၁သောင်းခွဲခန့်)
(၈) မိမိကားကို ဝယ်ယူပေးသော ကုမ္ပဏီ၏ ဝန်ဆောင်ခ (ဂျပန်ယန်း ၆သောင်း မှ ၇သောင်း၊ မြန်မာငွေ ၆သိန်း မှ ၇သိန်းခန့်)
အထက်ပါ နံပါတ်စဉ်(၁)မှ(၈)အထိ အခွန်အခများထဲမှ တချို့ကို အသေးစိတ် ပြန်ရှင်းပြရလျှင်...............
(၁) ဝယ်ခွန်
မြန်မာပြည်တွင်းမှ
ဖြစ်စေ၊ မည်သည့်နေရာမှ ဖြစ်စေ အွန်လိုင်းပေါ်ရှိ ကမော်တော်ယာဉ်
လေလံရောင်းချသော နေရာတခုခုမှ မိမိစိတ်ကြိုက်ရွေးချယ်ပြီး ဂျပန်နိုင်ငံမှ
မြန်မာပြည်တွင်းသို့ မော်တော်ယာဉ် ဝယ်ယူတင်ပို့ပေးသော
ဝန်ဆောင်မှုလုပ်ငန်းသို့ အပ်လိုက်သော မော်တော်ယာဉ်ဟာ မိမိသတ်မှတ်ထားသော
ဈေးနှုန်းနဲ့ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီက လေလံဆွဲပေးနိုင်ခဲ့ပြီဆိုပါတော့။
အဲသည့် ဈေးနှုန်းဟာ မိမိဝယ်ယူလိုက်သော မော်တော်ယာဉ်ရဲ့
မူရင်းဈေးဖြစ်ပါတယ်။
ဝယ်ခွန်ဆိုသည်မှာ အဲသည့်အချိန်မှာ
ကျသင့်တဲ့ လေလံဆွဲလို့ ရလိုက်တဲ့ မော်တော်ယာဉ်ရဲ့ ဝယ်ခွန်ပဲ ဖြစ်ပါတယ်။
မော်တော်ယာဉ်တန်ဖိုးရဲ့ ၅%နှုန်း ပေးဆောင်ရပါတယ်။
(ဥပမာ....မော်တော်ာယာဉ်ကို မြန်မာငွေ သိန်း ၂၀ နဲ့ လေလံရမယ်ဆိုရင်
ဝယ်ခွန်က ဗမာငွေ ၁သိန်းပေါ့)
(၂) လေလံဆွဲခ
ဒီငွေဟာလည်း အကျိုးဆောင် ကုမ္ပဏီကရတဲ့ငွေမဟုတ်ဘဲ လေလံဈေးခင်း ဖွင့်ပေးထားတဲ့ ကုမ္ပဏီကြီးကို တိုက်ရိုက်ပေးသွင်းရတာပါ။
(၅) ဂျပန်ပြည်တွင်း ကားသယ်ယူစရိတ်
မိမိ
လေလံဆွဲလိုက်သော မော်တော်ယာဉ်ရှိရာ နေရာမှ အကျိုးဆောင်ကုမ္ပဏီ၏
မော်တော်ယာဉ်များ စုစည်းထားရာ နေရာဒေသအထိ သယ်ယူပို့ဆောင်ခဖြစ်ပါတယ်။
ဥပမာ....မော်တော်ယာဉ်ကို အိုဆာကာအရပ်ဒေသကဝယ်ပြီး အကျိုးဆောင် ကုမ္ပဏီရဲ့
မော်တော်ယာဉ်ထားရာအရပ်ဖြစ်တဲ့ ယိုကိုဟားမားကို
သယ်ဆောင်ပြောင်းရွှေ့ခဖြစ်ပါတယ်။
နံပါတ် (၆) ဖြစ်တဲ့
သင်္ဘောတင်စရိတ်က ရေးပြရမှာ နည်းနည်းရှည်ပါတယ်။ အချိန်အခက်အခဲကြောင့်
ချက်ခြင်း မရေးနိုင်တာကို ခွင့်လွှတ်နားလည်ပေးကြပါ။
ဆက်ရေးပါဦးမည်။
နန္ဒာ (ဂျပန်)
0 comments:
Post a Comment