လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြပါစေ။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ။

Monday, August 20, 2012

ဂျပန်မှာ (၁၀)


 ဂျပန်မှာ...ဆိုတဲ့ ခေါင်းစဉ်နဲ့ ဂျပန်ကို လာချင်သူများ မလာခင်မှာ အရင်ဆုံးလေ့လာနိုင်ဖို့ ရည်ရွယ်ပြီး အခန်းဆက်သဘောမျိုးနဲ့ စာရေးခဲ့တာ စာစဉ်နံပါတ်(၉)အထိ ပြီးခဲ့ပါပြီ။ နံပါတ်(၉)အထိကို အနည်းဆုံး တပါတ်မှာ တပုဒ်လောက်ထွက်အောင် ရေးနိုင်ခဲ့ပေမယ့် ယခုအကြိမ် နံပါတ်(၁၀)ကတော့ ကျွန်ုပ်ရဲ့ ကွန်ပြူတာ ချို့ယွင်းမှုကြောင့် ပထမစာများနဲ့ အလှမ်းဝေးစွာ နောက်ကျပြီးမှပဲ တင်ဖြစ်ပါတော့တယ်။ 
ဖတ်ရတာ အဆက်ပြတ်သွားသလို ဖြစ်နေရင် နံပါတ်(၁)မှ(၉)အထိကို ဒီနေရာမှာ ကလစ်နှိပ်ပြီး ပြန်ဖတ်လို့ရပါတယ်။

ဒီတကြိမ်ဆောင်းပါးကို ဂျပန်မှာရှိနေတဲ့ အချို့သော မိတ်ဆွေတွေကတော့ သိပ်သဘောတွေ့မယ် မထင်ပါ။ ကိုယ်ချင်းစာပါသည်။ လူဆိုတာ အထင်ကြီးတာပဲ ခံချင်ကြတဲ့ အမျိုးမဟုတ်လား။ ဒါပေမယ့် အမှန်တရားဟာ ကိုယ်ကြောက်ရွံနေသလောက် မဆိုးရွားတတ်ပါဘူးလို့ ကျွန်ုပ် ပြောပါရစေ။ အမှန်တရားကို ကြောက်တဲ့သူဟာ အမှန်တရားနဲ့ ဝေးသထက် ဝေးနေလိမ့်မယ်။ မိတ်ဆွေအားလုံး ကျွန်ုပ်ကို နားလည်နိုင်ကြပါစေ။

ဂျပန်မှာ ဒုက္ခသည်အဖြစ်လျှောက်ထားသူအတော်များဟာ တိုကျိုမြို့နဲ့ အိဘရကိခရိုင် တွေမှာရှိတဲ့ ဂျပန်လ.ဝ.က တွေထဲမှာ အနဲဆုံး ၂လ ၃လ ၄လ မှ အများဆုံး တနှစ်ကျော် ၂နှစ်နီးပါး၊ တချို့ကျတော့လည်း တကြိမ်မက ၂ကြိမ် ၃ကြိမ် အချုပ်ခံကြရပါတယ်။ ပြန်ထွက်လာကြရင် တချို့က ကောင်းကောင်းလမ်းမလျှောက်နိုင်ခြင်း။ တချို့က အားပြတ်ပြီး ပိန်ချုံးသွားခြင်း စတဲ့ ကျန်းမာရေး ဆိုင်ရာ ချွတ်ယွင်းမှုတွေကို ခံရသလို၊ တချို့ကျတော့လည်း အချုပ်ကလွတ်လာပြီးခါမှ နေစရာ အိမ်မရှိဘူး။ ဘယ်အိမ်တက်လို့ တက်ရမှန်းမသိဘူး။ အလုပ်မရှိဘူး။ ပိုက်ဆံမရှိဘူး။ 

အဲ့လို အခြေအနေဆိုးမျိုးတွေကြားမှာ လူလူချင်း မြန်မာအမျိုးသားအချင်းချင်း ကူညီတဲ့သူတွေရှိသလို၊ နိမ့်ကျသူကိုမှ ချိုးချိုးနှိမ်နှိမ် ဆက်ဆံချင်သူတွေလည်း ရှိကြတယ်။
ဂျပန်မှာ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခသည်လျှောက်ပြီဆိုရင် ကိုယ်က ဘာကြောင့် ဒုက္ခသည်လို့ ကိုယ့်ကိုကိုယ်ယူဆပါသလဲ။ လက်ရှိအစိုးရက ကိုယ့်ကို ဘယ်လို အန္တရာယ်တွေ ပေးနိုင်သလဲဆိုတာကို အထောက်အထား အကျိုးအကြောင်းတွေ ခိုင်လုံအောင် ပြရတယ်။ ဒီနေရာမှာတော့ လုပ်ထုံးလုပ်နည်းတွေ စုံတယ်ဆိုပါတော့။

တချို့ကလည်း မြန်မာပြည်ကနေ အစိုးရအတိုက်အခံ ပါတီတခုခုရဲ့ ပါတီအဖွဲ့ဝင်ကဒ်ကို
လှမ်းမှာပြီးပြတယ်။ အချို့ကတော့......
တကယ်အရေးအခင်းထဲမှာ လှုပ်ရှားခဲ့တဲ့ ဓါတ်ပုံတွေပြတယ်။ အချို့တော့ တကယ်မဟုတ်ပေမယ့် ပြည်တွင်းမှာ လှုပ်ရှားခဲ့ပါတယ်ဆိုပြီး တိကျသေသပ်တဲ့ ဖြတ်ညှပ်ကပ်ဓါတ်ပုံကိုပြတယ်။ တချို့ကလည်း ပြည်တွင်းက အတိုက်အခံ ခေါင်းဆောင်တချို့ရဲ့ ထောက်ခံချက်တွေကို ဘယ်ကနေ ဘယ်လိုရလာလဲတော့ မပြောတတ်ဘူးပေါ့လေ။ ပြတာတော့ ပြကြတာပဲ။

ဒါတွေနဲ့လုံလောက်လားဆိုတော့ မလုံလောက်သေးဘူး။ ကျနော်/ကျမဟာ လက်ရှိအခြေအနေမှာလည်း နအဖအစိုးရ(ခေါ်)စစ်အာဏာရှင်အစိုးရ(ခေါ်)ကြံ့ဖွတ်အစိုးရကို ဘယ်လို ဘယ်ပုံ ဘယ်နည်းနဲ့ ဆန့်ကျင်နေပါတယ်ဆိုတာကို အထောက်အထား ဓါတ်ပုံတွေနဲ့ ပြကြရတယ်။ ဂျပန်လ.ဝ.က က ယုံကြည်နိုင်လောက်တဲ့ အနေအထားရှိပြီဆိုရင်တော့ ဂျပန်မှာ တရားဝင် နေထိုင်ခွင်၊ အလုပ်လုပ်ခွင့် ရပြီဆိုပါတော့။

ဂျပန်မှာရှိကြတဲ့ မြန်မာနိုင်ငံသားအတော်များများဟာ ၂၀၀၄၊ ၂၀၀၅ ခုနှစ်လောက်စပြီး ကိုယ့်ကိုကိုယ် ဒုက္ခသည်လို့ ခံယူကာ ဂျပန်နိုင်ငံမှာ ဒုက္ခသည်အဖြစ် ခိုလှုံခွင့်လျှောက်ထားကြပါတယ်။ အဲလိုလျှောက်ထားတဲ့နေရာမှာ လူတဦးစီရဲ့ အကြောင်းပြချက်တွေဟာ မတူညီကြသလို၊ တဦးချင်းစီရဲ့ ဂျပန်နိုင်ငံမှာ ရှေးမဆွကပင် ရပ်တည်ခဲ့တဲ့ အနေအထားခြင်းကလည်း မတူကြပါဘူး။

အများအားဖြင့်တော့ ဒုက္ခသည်လျှောက်သူ (၁၀၀)မှာ (၈၀) ကတော့ အချုပ်ထဲရောက်ကြရတာချည်းပါပဲ။ ဂျပန်က မြန်မာလောကမှာ စကားတောင် ရှိသေးတယ်။ ဂျပန်လ.ဝ.ကထဲမှာ မနေဖူးရင် ခေတ်မမီဘူးတဲ့။ ဂျပန်လ.ဝ.ကထဲကို ခဏလေးရောက်သူနဲ့ အကြာကြီးရောက်သူ၊ တကြိမ်တည်းရောက်သူနဲ့ ၂ကြိမ် ၃ကြိမ်ရောက်သူ ဆိုပြီးတော့ ကိုယ့် caseနဲ့ကိုယ် ကွာခြားမှုတော့ ရှိတာပေါ့လေ။

လ.ဝ.က ထဲရောက်နေတဲ့အချိန်မှာလည်း ကိုယ်ပြန်လွတ်ဖို့ အာမခံပေးမယ့် လူကိုရှာရင်း ကိုယ့်ပြဿနာကို စာတတန် ပေတဖွဲ့ သီကုံးပြီး (၂၁)ခုသော ဒုက္ခသည် လျှောက်ထားခြင်းဆိုင်ရာ လျှောက်လွှာပါ မေးခွန်းများကို ကိုယ့်အစွမ်းနဲ့ကိုယ် ရေးကြ၊ ဖြည့်ကြရတဲ့သူတွေရှိသလို၊ ကိုယ့်ကိစ္စကို ကိုယ့်ဖာသာကိုယ် မရေးတတ်လို့ သူတပါးကို အားကိုးရသူတွေလည်း ရှိကြပါတယ်။

အဲဒီ့လိုမျိုး ဟုတ်တာတွေရော မဟုတ်တာတွေရော စုံနေအောင် မြန်မာလို ရေးပြီးရင် ငွေကုန်ကြေးကျခံပြီး ဂျပန်လို ဘာသာပြန်ကြရပါတယ်။ ပြီးရင်တော့ လျှောက်လွှာနဲ့အတူ ပူးတွဲတင်ပြတဲ့ အမျိုးမျိုးသော အထောက်အထားများ (ဓါတ်ပုံ၊ သက်သေခံကဒ်ပြား၊ CD၊ စာရွက်စာတမ်း အစရှိသည်) တို့ကိုပါ လိုအပ်ရင် လိုအပ်သလို ဘာသာပြန်ကြရပါတယ်။

ဒီ့နောက်မှာတော့ လ.ဝ.က အရာရှိက ကိုယ့်ကိုလူတွေ့ ခေါ်ယူစစ်ဆေးတာခံရပါတယ်။ ယခု ကျွန်ုပ်ဖေါ်ပြခဲ့တာတွေက ဒုက္ခသည်လျှောက်ထားသူရဲ့ အခြေအနေ အနေအထားပေါ်မူတည်ပြီး အချုပ်ကျနေတုန်း လုပ်လိုက်ရတဲ့လူတွေ ရှိသလို၊ အချုပ်က လွတ်ပြီးတော့မှ ကိစ္စမပြတ်သေးလို့ အပြင်ရောက်မှ ဆက်လုပ်ရတဲ့သူတွေလည်း ရှိပါတယ်။

ကံကောင်းတဲ့သူ (သို့) အထောက်အထား ခိုင်လုံတဲ့သူကတော့ တကြိမ်တည်း တင်လိုက်ရုံနဲ့ အထူးနေထိုင်ခွင့်(သို့) ဒုက္ခသည်အဖြစ်ကို အသိအမှတ်ပြုခံရပေမယ့် ကံမကောင်းသူ(သို့) အထောက်အထား မခိုင်လုံသူများကတော့ ၁ကြိမ်အပယ်ခံရရင် ၂ကြိမ် ၃ကြိမ် ထပ်လျှောက်ကြရပါတယ်။ တကြိမ်နဲ့တကြိမ် တဦးနဲ့တဦး ရလာဒ်ထွက်လာပုံချင်း မတူသလို၊ အချိန်ကာလလည်း မတူပါဘူး။

ဒီတော့ကာ လျှောက်ထားစဲ အနေအထားမှာ ဂျပန်ရောက် ဒုက္ခသည်လျှောက် ရွှေမြန်မာများ အနေနဲ့ ဒုက္ခသည်နဲ့ပါတ်သက်ပြီး သက်သေအထောက်အထားပြဖို့အတွက် မဖြစ်မနေဆိုသလို လုပ်ရတဲ့ အလုပ်ကတော့ စစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှု အမျိုးမျိုးပါပဲ။ဒီတော့ ဘာလုပ်ကြရမလဲ။ 

ဂျပန်မှာရှိတဲ့ မြန်မာသံရုံးရှေ့ သွားအော်မယ်။ စီတန်းလှည့်လည် ဆန္ဒပြမယ်။ စစ်အစိုးရဆန့်ကျင်ရေး ဟောပြောပွဲတွေ လုပ်မယ်။ စာရေးတတ်သူက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆောင်းပါးတွေရေးမယ်။ ကဗျာတွေရေးမယ်။ ပုံတွေဆွဲမယ်။ သီချင်းတွေစပ်မယ်။ သီချင်းတွေ ဆိုမယ်။ စစ်အစိုးရဆန့်ကျင်ရေး စာအုပ်၊ စာစောင်ထုတ်မယ်။ ဘလော့ဒ်တွေ ရေးမယ်။ ဂျပန်ရှိနေတဲ့ စစ်အစိုးရ ဆန့်ကျင်ရေး ဘလောဒ့်တွေထဲမှာ ဒုက္ခသည်နဲ့ ကင်းတဲ့ ဘလော့ဒ်ဂါ မရှိပါ။ 

ဘာမှ မလုပ်တတ်သူတွေကတော့ စီတန်းလှည့်လည်တဲ့ အခါလိုက်မယ်။ စာအုပ်၊ စာစောင်ထုတ်တဲ့အခါ ကိုယ့်နာမည်ပါဖို့ကို ထုတ်ဝေသူတွေကို ပိုက်ဆံပေးမယ်။ အဲသည်လို ပိုက်ဆံပေးပြီး နာမည်ပါအောင် ထည့်ခြင်းကို မြန်မာဘာသာဖြင့် နောက်တမျိုးအနေနဲ့ (စစ်အာဏာရှင် ဆန့်ကျင်ရေး စာအုပ်၊စာစောင် ထုတ်လုပ်တဲ့နေရာမှာ တတပ်တအား ပါဝင်ကူညီအားဖြည့်သည်)ဟု ခေါ်ပါသည်။

ဒီလိုနည်းနဲ့ ဂျပန်မှာ နေထိုင်ခွင့် တခုခုရသွားပြီဆိုပါတော့။ ဒုက္ခသည်လျှောက်တဲ့ လူ(၁၀၀) မှာ (၈၀)လောက်က မရခင်က လက်သီးလက်မောင်းတန်း ဟစ်ကြွေးခဲ့ကြပေမယ့် ရလည်းသွားရော ကြက်ပျောက်၊ငှက်ပျောက် ပျောက်ကုန်တော့တာပါပဲ။ 

အဲသည်လို ပျောက်သွားသူတွေဟာ အစကတည်းက ကိုယ့်နိုင်ငံအတွက်၊ ကိုယ့်လူမျိုးအတွက်ဆိုတဲ့ ရည်ရွယ်ချက်မျိုးမဟုတ်ဘဲ ကိုယ့်အတွက် လုပ်ခဲ့ကြသူများလို့ ပြောလို့ရပါတယ်။ တချို့ကတော့ မရခင်က နိုင်ငံရေးတကယ် နားမလည်ခဲ့ဘူး။ လုပ်ရင်းလုပ်ရင်းနဲ့ တိုင်းပြည်ချစ်တတ်လာတယ်။ အမျိုးချစ်တတ်လာတယ်။ ရသွားသည့်တိုင်အောင် ကိုယ့်အိတ်ထဲက ကိုယ်စိုက်ပြီး ကိုယ်တတ်နိုင်သလောက် ဆက်လုပ်နေကတယ်။

ဂျပန်မှာ နေထိုင်ခွင့်ရပြီးသည့်တိုင်အောင် ပြည်တွင်းမှာ မတရားတာတွေ့ရင် အော်ပေးမယ်၊ ဒုက္ခရောက်နေရင် ငွေအား၊ လူအား တတ်နိုင်သလောက် ဝိုင်းကူမယ်၊ ကိုယ်တတ်နိုင်တဲ့ဘက်က ပြည်တွင်းက ပြည်သူတွေနဲ့အတူ အမျိုး၊ဘာသာ၊သာသနာအတွက် ဆက်လုပ်နေကြသူအနေနဲ့ကတော့ မိမိပိုက်ဆံကုန်ရုံ၊ အလုပ်ချိန်တွေပျက်ရုံကလွဲပြီး နောက်ထပ် ဘာကောင်းကျိုးမှ ကိုယ့်အတွက် မရနိုင်တော့ပါဘူး။

တခုတော့ရှိတာပေါ့လေ။ အချို့အချို့သော ခေါင်းဆောင်ပိုင်း ပုဂ္ဂိုလ်များကတော့ ပြည်တွင်းပြန်ပြီး ပါတီထောင်၊ အမတ်လုပ်စတဲ့ ရည်ရွယ်ချက်တွေတော့ ရှိတာပေါ့။ ဒါကလည်း သူ့ရည်ရွယ်ချက်နဲ့ သူ့သဘောပေါ့လေ။ ကောင်းတယ်၊ မကောင်းဘူး မဝေဖန်လိုပါ။ လူဆိုတာ လူတိုင်းကို လိမ်လို့ ရပေမယ့် ကိုယ့်ကိုယ်ကို လိမ်လို့ရတာ မဟုတ်ပါ။ ကိုယ်ဘယ်လို သဘောဆောင်လဲဆိုတာ ကိုယ့်အကြောင်းကိုယ်သာ အသိဆုံးပါ။ 

ခေါင်းဆောင်ပိုင်းလည်းမပါ၊ ရပြီးပျောက်သွားတဲ့အထဲလည်း မပါဘဲ ကောင်းကောင်းနေ၊ ကောင်းကောင်းစား၊ ကိုယ့်အလုပ်ကိုယ်လုပ်လို့ ရနေပါရက်နဲ့ အချိန်ကုန်ခံ၊ ငွေကုန်ခံပြီး တကယ်ကို တိုင်းပြည်နဲ့လူမျိုးကို ချစ်လို့ ကိုယ်တတ်နိုင်သလောက်လေး ပေးဆပ်နေတဲ့သူတွေလည်းရှိပါတယ်။  လူမိုက်တွေ ဆိုပါတော့။ 

ကဲ.မိတ်ဆွေတို့ရေ အခုလောက်ဆိုရင် ဂျပန်ရောက် ရွှေမြန်မာများရဲ့ ရပ်တည်မှုအခြေအနေ အမျိုးမျိုးကို အကြမ်းဖျဉ်းလောက်တော့ သိရပြီလို့ ယူဆလိုက်ပါတယ်။ ဂျပန်လာပြီး အလုပ်လုပ်ချင်သူများ စဉ်းစားချင့်ချိန်တတ်စေဖို့ရာပါ။

နောက်တခေါက်မှာတော့ ကိုယ်တိုင် မြင်တွေ့ကြားသိရသမျှသော ဂျပန်ရောက် ရွှေကြွားများနဲ့ ဂျပန်ပြန် ရွှေကြွားများအကြောင်း၊ ဂျပန်-မြန်မာ မော်တော်ယာဉ် ကူးသန်းရောင်းဝယ်ရေး အကြောင်းများကို ရေးမယ်စိတကူးပြီး ကုန်ကြမ်းစုနေပါတယ်။
ဆက်ရေးပါဦးမည်။
နန္ဒာ(ဂျပန်)

0 comments:

Post a Comment