ဒီနေ့ ခေတ်အချိန်အခါမှာ ကမ္ဘာတဝှမ်းမှာရှိကြတဲ့
မြန်မာနိုင်ငံသားတွေအလည်မှာ ရေပန်းအစားဆုံး စကားလုံးများကိုပြပါဆိုလ
ျှင် (နိုင်ငံရေး၊ ဒီမိုကရေစီနဲ့ ဒုက္ခသည်)စတဲ့ စကားလုံး ၃လုံးဟာ
မပါမဖြစ်အနေအထားမှာ ရှိနေပါတယ်။
ဒီတော့ ဂျပန်မှာလည်း လွန်ခဲ့တဲ့ ခြောက်နှစ် ၇နှစ်လောက်ကတည်းက ဒုက္ခသည်ဆိုတဲ့ စကားလုံးဟာ ရေပန်းစားခဲ့တယ်ဆိုပါတော့။
ဒီအကြောင်းရေးဖို့
ကျွန်ုပ်အနေနဲ့ အချိန်များစွာယူရပါတယ်။ အများကြီးလည်း ဆင်ခြင်ပြီး၊
တတ်သိနားလည်သူ၊ ကိုယ်တိုင်တွေ့ကြုံသူ စတဲ့ လူများစွာနဲ့လည်း တိုင်ပင်ပြီး
ခဏခဏပြန်ပြင်ရေးရပါတယ်။ ကျွန်ုပ်အနေနဲ့ မည်သူတဦးတစုံတယောက်ကိုမှ
အရှက်ခွဲလိုစိတ်၊ သူတပါး၏ ရည်ရွယ်ချက်၊ ယုံကြည်ချက်တို့ကို
ထိပါးစော်ကားလိုစိတ် အလျဉ်းမရှိပါ။
ဤဆောင်းပါးကို ရေးရသော
ရည်ရွယ်ချက်မှာ ( ဂျပန်လေဆိပ်အထိရောက်အောင်သွားလိုက်၊ ဟိုရောက်ရင်
ဒုက္ခသည်လျှောက်လိုက်၊ ပြီးရင်ပြီးပြီ) လို့ ကိုယ်မခံရတိုင်း
ပိုက်ဆံမျက်နှာတခုတည်းကို ကြည့်ပြီး လက်လွတ်စပယ် လွယ်လွယ်လေး ပြောတတ်ကြသော
ပွဲစားများ၏ စကားကို ဆင်ခြင်သုံးသပ် သတိထားမိကြစေရန် စေတနာသက်သက်ဖြင့်
ရေးခြင်းဖြစ်ပါသည်။
ဤဆောင်းပါးမရေးရ၍လည်း
ကျွန်ုပ်ထမင်းမငတ်ပါ။ အလုံးအရပ်လည်း မလျော့ပါ။ ဘာဆို ဘာမှ
ယုတ်လျော့သွားခြင်းမရှိပါ။ ဤဆောင်းပါး ရေးခြင်းကြောင့်သာ
ကျွန်ုပ်အချိန်များစွာ ပေးရပါသည်။ အခန့်မသင့်၍ အနာပေါ်တုတ်ကျသူများနှင့်
တွေ့ပါက ဆဲဆိုခြင်း၊ ကိုယ်ရေးကိုယ်တာများကိုပါ ထိခိုက်၍ ရိုင်းစိုင်းစွာ
အပြောခံရခြင်းများသာ ကျွန်ုပ်အတွက် ရလာဒ်များ ဖြစ်နိုင်ပါသည်။
စီးပွားရေးသမားဆိုတာကတော့
ခေတ်အဆက်ဆက် နေရာတိုင်းမှာ အချိန်တိုင်းမှာ ခေတ်ကာလရေစီးကြောင်းအတိုင်း
ဗယ်ကွေ့ရောက်ရင် ဗယ်တက်၊ ညာကွေ့ရောက်ရင် ညာတက်နဲ့ လှော်ခတ်ပြီး ကာလဒေသကို
လိုက်ပြီး စီးပွားရှာကြစမြဲပါ။ ဒါကိုအပြစ်ပြောလို့ မရနိုင်ပါဘူး။
ငါ့ဝမ်းပူဆာ မနေသာလို့ပဲ သဘောထားပါသည်။
မြန်မာပြည်ကြီး
ခေတ်မကောင်းတော့ ခေတ်မကောင်းတဲ့အလျောက် စီးပွားရှာကြရာမှာ ဂျပန်မှာ
ဒုက္ခသည်အဖြစ် ခိုလှုံခွင့်လျှောက်တဲ့ ကိစ္စတခုဟာလည်း စီးပွားရေးဈေးကွက်
တခုဖြစ်ခဲ့ပါတယ်။ ဒုက္ခသည်အဖြစ် ခိုလှုံခွင့်လျှောက်ထားခြင်းကို ဂျပန်မှာ
(ဒုက္ခသည်လျှောက်တယ်) လို့ ပြောကြပါတယ်။ ဒီ့ထက် တိုအောင် ပြောတတ်ကြတာကတော့
(လျှောက်တယ်) တဲ့။
၂၀၀၇ခုနှစ် ရွှေဝါရောင်
တော်လှန်ရေးကြီးပြီးတဲ့ နောက်ပိုင်းမှာ မြန်မာပြည်ကနေ ဂျပန်ကို
ဒုက္ခသည်အဖြစ် ခိုလှုံဖို့ ရည်ရွယ်ချက်သက်သက်နဲ့ လာခဲ့သူတွေ
အတော်ကလေးရှိခဲ့ပါတယ်။ ဂျပန်ကို ဒုက္ခသည်လျှောက်ဖို့လာသူ
မြန်မာနိုင်ငံသားတယောက်ရဲ့ ယေဘုယျ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ကတော့
ပထမဦးဆုံးအနေနဲ့ မြန်မာပြည်မှာကတည်းက ပွဲစားက ကြိုတင်လေ့လာဖို့ပေးလိုက်တဲ့
ဒုက္ခသည်လျှောက်လွှာ နမူနာပုံစံကို လေ့လာပြီး ကိုယ်နဲ့ သက်ဆိုင်ရာ
အချက်အလက်တွေကို ဖြည့်တတ်ဖို့ လေ့ကျင့်ခဲ့ကြရလေ့ရှိပါတယ်။ ကြိုတင်ပြီး
နမူနာပုံစံလည်း ရေးခဲ့ကြလေ့ရှိပါတယ်။
မြန်မာပြည်ကနေ
နည်းအမျိုးမျိုးနဲ့ ဂျပန်နိုင်ငံရဲ့ လေဆိပ်ကို ရောက်တဲ့အဆင့်အထိ
ကြိုးစားလာခဲ့ကြပြီး လေဆိပ်ရောက်လို့ ဂျပန်ပြည်တွင်းကို အဆင်ပြေစွာ
အဝင်ခံရင်တော့ နည်းနည်းကံကောင်းတယ်လို့ ဆိုရပါမယ်။ အဲဒီအခါကျရင်တော့
နေဖို့ထိုင်ဖို့လေး အဆင်ပြေမှ လက်ထဲက ဗီဇာသက်တမ်းမကုန်သေးခင် ကမန်းကတမ်း
ဒုက္ခသည်လျှောက်ကြရပါတယ်။
ဒီလိုမှမဟုတ်ဘဲ လေဆိပ်မှာကတည်းက
ထုံးစံအတိုင်း အဝင်မခံဘဲ အနှင်ခံရပြီဆိုရင် ငါ ဒုက္ခသည်အဖြစ်ခိုလှုံဖို့
လာတာ၊ မပြန်နိုင်ဘူးဆိုပြီး ဇွတ်ပေကပ် ပြဿနာရှာကြရတာလည်း ရှိပါတယ်။
ကိုယ့်နိုင်ငံကူးလက်မှတ် passport ကို ဆွဲစုတ်တာတို့ ဘာတို့တွေလည်း
လုပ်ကြလေ့ရှိပါတယ်။ ငါက မြန်မာပြည်မှာ အရမ်းဒုက္ခရောက်လာတာ ဒီ့အတွက်
ငါ့တိုင်းပြည်ကို မပြန်နိုင်ဘူး။ ဂျပန်မှာ ဒုက္ခသည်အဖြစ်
ခိုလှုံခွင့်ပြုဖို့ တောင်းဆိုရပါတယ်။
၁၉၄၉ခုနှစ်
ကမ္ဘာကုလသမဂ္ဂစီးပွားရေးနှင့် လူမှုရေးကောင်စီ၏ ဆုံးဖြတ်ချက်အရ ပေါ်ပေါက်လာသော
(ad hoc committee) က ၁၉၅၀မှာ ဒုက္ခသည်ကွန်ဗင်းရှင်း အခြေခံမူကြမ်းကို
ထိုနှစ်အတွင်းမှာပင် ကျင်းပသည့် (၅)ကြိမ်မြောက်
ကမ္ဘာကုလသမဂ္ဂအထွေထွေညီလာခံတွင် တင်ပြခဲ့သည်။ အဆိုပါမူကြမ်းကို
၁၉၅၁ခုနှစ်တွင် ဂျီနီဗာ၌ ကျင်းပခဲ့သည့် အာဏာကုန်လွှဲအပ်ခြင်းခံရသော
အမှုဆောင်ကော်မတီအစည်းအဝေးမှ အတည်ပြုခဲ့ပြီး ၁၉၅၄ ၊ ဧပြီလ (၂၂)ရက်နေ့တွင်
ဒုက္ခသည်ကော်ဗင်းရှင်း ပေါ်ပေါက်ခဲ့သည်။
ဂျပန်နိုင်ငံက
၁၉၈၁ခုနှစ်အောက်တိုဘာလ(၃)ရက်တွင် ဒုက္ခသည် ကွန်ဗင်းရှင်း၊ ၁၉၈၂၊
ဇန်နဝါရီလ(၁)ရက်နေ့တွင် ဒုက္ခသည် သဘောတူစာချုပ်တို့တွင်
လက်မှတ်ရေးထိုးပါဝင်ခဲ့သည့်ခြင်းကြောင့် ဂျပန်နိုင်ငံကလည်း မငြင်းသာတဲ့
အခါမှာတော့လျှောက်ခွင့် ပေးလိုက်ရပါတယ်။
ဒုက္ခသည်
လျှောက်ခွင့်ပေးလိုက်ခြင်းသာ ဖြစ်ပါသည်။ ဗီဇာ ပေးလိုက်တာ မဟုတ်ပါ။ ဒုက္ခသည်
လျှောက်ခွင့်ရသွားသူတယောက်ဟာ ဂျပန်ပြည်တွင်းကို ဝင်ခွင့်ရသွားပါတယ်။
ဒါပေမယ့် ရိုးရိုးသာမန် အနေအထားနဲ့တော့ မဟုတ်ပါ။ ဘယ်လို အနေအထားနဲ့
ဂျပန်ပြည်တွင်းကို ဝင်လိုက်ရတယ်၊ ဘယ်လိုအနေအထားနဲ့ နေလိုက်ရတယ်ဆိုတာတော့
အောက်ပါအတိုင်းပါပဲ။
ကိုယ်က ဂျပန်လေဆိပ်ကို
ဘယ်အချိန်မှာပဲရောက်ရောက် လေဆိပ်မှာ ပြဿနာအမျိုးတက်ပြီး၊ အင်အားတွေ
ကုန်ခမ်းသွားလောက်အောင် စကားပြန်တွေဆင့်ဆင့်နဲ့ အင်္ဂလိပ်လို၊ ဗမာလို စကားတွေ
အများကြီး ပြောပြီး ဒုက္ခသည်အဖြစ် ခိုလှုံဖို့ လျှောက်ထားခွင့်
ရလိုက်တဲ့အချိန်မှာလည်း ဂျပန်ပြည်တွင်းထဲကို လွတ်လပ်စွာ ဝင်ခွင့်ရသွားတာ
မဟုတ်ပါဘူး။ လေဆိပ်က သူတို့ခေါ်သွားတဲ့ သတ်မှတ်ခန်းထဲမှာပဲ အစောင့်အကျပ်နဲ့
နာရီပေါင်းများစွာ နေနေရပါတယ်။ အဲသည့်အချိန်မှာ
အစားအသောက်ကျွေးလေ့မရှိပါဘူးလို့ သိရပါတယ်။ ရေလောက်တော့
သောက်လို့ရမယ်ထင်ပါသည်။
သည့်နောက်မှာတော့
လေဆိပ်အချုပ်လို့ ခေါ်တဲ့နေရာကို ခေါ်သွားပါတယ်။ ကျွန်ုပ်ကို ပြောပြတဲ့
တိုင်းရင်းသူလေးတယောက်ကတော့ သူ့ကိုဆို ဒရွတ်ဆွဲပြီး ခေါ်သွားတယ်ဆိုပဲ။ သူက
ဘာလုပ်လို့ ဘာဖြစ်လို့ ဘယ်လိုကြောင့် ဒရွတ်ဆွဲအခေါ်ခံရလည်းတော့ မပြောပါ။
အဲသည့်လေဆိပ်အချုပ်မှာ ၇ရက်၊ ၁၀ရက်၊ ၂ပါတ်စသဖြင့် နောက်ထပ်ရောက်လာမည့်
မြန်မာနိုင်ငံသားများကိုစောင့်ရင်း၊ သူတို့ သတ်မှတ်ထားတဲ့ ဘာမှန်းမသိတဲ့
အခြေအနေတခုနဲ့ အချိန်ကာလတခုကို စောင့်ရင်း အချုပ်သားဘဝနဲ့ နေရပါတယ်။
လေဆိပ်အချုပ်မှာ
လူ လေးငါးယောက်လောက် စုမိပြီ(သို့)သူတို့ သတ်မှတ်ထားတဲ့ တခုခု
ပြည့်ပြီဆိုရင်တော့ ဂျပန်နိုင်ငံ အီဘရကိခရိုင်၊ အုရှိကုနယ် (Ibaraki Ken,
Ushiku Shi, 茨城県牛久市) မှာရှိတဲ့ လ.ဝ.က အချုပ်စခန်းကို ခေါ်သွားပါတော့တယ်။
အဲသည့်
အချုပ်စခန်းမှာ မြန်မာအပါအဝင် တခြားနိုင်ငံခြားသားများလည်း
အချုပ်ခံနေရပါတယ်။ ထောင်မဟုတ်ပါ။ အချုပ်စခန်းဖြစ်ပါသည်။ များသောအားဖြင့်
အခန်းတခန်းမှာ လူမျိုးတူ ထားလေ့မရှိပါ။ ဥပမာ…ဒီအခန်းမှာ
မြန်မာတယောက်ရှိလျှင် နောက်ထပ် မြန်မာတယောက် ထပ်သွင်းလေ့မရှိပါ။ လူမျိုးတူ
သိပ်များလာလျှင်တော့ မတတ်နိုင်ဘူးပေါ့လေ။
အချုပ်စခန်းမှာ
၈နာရီအိပ်ယာထ၊ ည(၁၀)နာရီ မီးဖြတ်ခံရပါတယ်။ အချုပ်ခန်းမှာ အပြင်က
အစားအသောက်တွေ သွင်းခွင့်မရှိပါ။ သူတို့ကျွေးတာကိုပဲ စားရပါတယ်။
ပိုက်ဆံရှိလျှင် သူတို့ သတ်မှတ်ပေးထားသော တခုတည်းသော စားသောက်ဆိုင်မှ
အစားအသောက် အနည်းငယ်ဝယ်လို့ရပါတယ်။ဒါပေမယ့်လည်း သူတို့ ကျွေးတာနဲ့
သိပ်မထူးပါ။
အချုပ်ကျနေသူ အတော်များများဟာ အများအားဖြင့်
အာရှတိုက်သားတွေ ဖြစ်တာကြောင့် အချဉ်အငန်အစပ် မပါလျှင် ထမင်းမစားတတ်ကြပါ။
အချုပ်ထဲတွင် တလလောက် အချုပ်ခံထားရသူတယောက်အဖို့ တနေ့တနေ့
ပြုတ်ဖတ်သာသာရှိသော ဂျပန်ပဲငံပြာရည်နံ့ ထောင်းထောင်းထွက်နေသော ချိုရဲရဲ
ဟင်းလျာများကို မြင်လိုက်သည်နှင့်ပင် အန်ချင်သူများလည်းရှိပါသည်။
အချုပ်ထဲတွင်
အမျိုးသား၊ အမျိုးသမီး ခွဲထားပါသည်။ မနက်ဘက်နှင့် နေ့ဘက်၌ အလှည့်ကျ
အားကစားလုပ်ခွင့်ပေးထားပါသည်။ ပြင်ပသို့ မိမိပိုက်ဆံနှင့် ဖုန်းဆက်၍
ရပါသည်။ အချုပ်ခန်းထဲတွင် ဂျပန်ဘာသာစကားဖြင့် TV ကို မနက် ၉နာရီမှ ည ၁၀နာရီ
အထိ တောက်လျှောက် ဖွင့်ပေးထားပါသည်။ မကြားချင်လည်း ပိတ်ခွင့်မရှိပါ။
ကျန်းမာရေးအတွက်ကတော့
ဘာပဲဖြစ်နေဖြစ်နေ ၂မျိုး ၃မျိုးတည်းသော ဆေးများကိုသာ
လှည့်ပတ်တိုက်လေ့ရှိပါသည်။ ကျွန်ုပ်မိတ်ဆွေတဦးဆိုလျှင် အချုပ်မကျမီက
သာမန်လူကောင်း တဦးဖြစ်ခဲ့ပေမယ့် အချုပ်ထဲမှာ တနှစ်နီးပါးနေလိုက်ရပြီး
ပြန်ထွက်လာတဲ့အချိန်မှာတော့ ခြေတဖက်မသန်တော့တဲ့ တုတ်ကောက်အားကိုးရတဲ့
ဒုက္ခိတသာသာ ဘဝကိုရောက်သွားခဲ့ရတာမျိုးလည်း ရှိပါတယ်။
အဆိုပါ
အချုပ်ထဲကို မြန်မာပြည်မှ အခုမှ ရောက်လာတဲ့သူတဦးကို
ထည့်လိုက်သည်ဆိုပါတော့။ ထိုသူဟာ အချုပ်ခန်းထဲကို ကိုယ့်ကိုယ်တာ စောင်၊
ခေါင်းအုံး ပိုက်ပြီး အူကြောင်ကြောင်နဲ့ ရောက်သွားတာနဲ့ တပြိုင်နက်
ကိုယ့်နောက်ကနေ အချုပ်ခန်းတံခါးပိတ်သံကို ဂျိုင်းကနဲနေအောင်
ကြားလိုက်ရပါမယ်။ အခုမှ ဝင်လာတဲ့ လူသစ်ကို အကဲစမ်းချင်တဲ့ မျက်လုံးတွေ၊
အနိုင်ကျင့်ချင်တဲ့ မျက်လုံးတွေ၊ စူးစမ်းစပ်စုချင်တဲ့မျက်လုံးတွေ၊
သနားဂရုဏာသက်တဲ့ မျက်လုံးတွေ စတဲ့ အကြည့်မျိုးစုံနဲ့အတူ ဆက်ဆံရေး
မျိုးစုံကို ရင်ဆိုင်ရပါမယ်။
အရင်ဦးဆုံး အမေးခံရမှာတော့
နင် ဘာနိုင်ငံသားလဲပေါ့။ နောက်မှာတော့ လက်ရှိ အချုပ်ခန်းထဲမှာ ဘယ်သူမှ
မနေချင်တဲ့ နေရာကို ပေးပါလိမ့်မယ်။ နောက်မှာတော့ ကိုယ်က ဂျပန်လိုလည်းမတတ်၊
အင်္ဂလိပ်လိုလည်း မတတ်ဆိုရင် ခြေဟန်လက်ဟန်နဲ့သာ အနိုင်ကျင့်လာသမျှ၊
ဆရာလုပ်သမျှ၊ စပ်စုသမျှကို ဒိုင်ခံဖြေရှင်းပေတော့။ ဒီလူတွေနဲ့ နေ့နေ့ညည
ဘယ်အချိန်ကာလအထိ အတူနေရမယ်၊ ကိုယ်က ဘယ်တော့လောက်မှ လွတ်မယ်ဆိုတာကို
ဘယ်လိုမှ မသိနိုင်တဲ့ အနေအထားပါ။
ဂျပန်မှာ ရှိနေတဲ့
ကိုယ့်ရဲ့ ဆွေမျိုးသားချင်းညီအကိုမောင်နှမဆိုတာကလည်း တိုကျိုမှာ
အနေများလို့ ကိုယ့်ဆီကို တပါတ်တခေါက်လာနိုင်ရင်ပဲ အတော့်ကို
ကျေးဇူးတင်စရာကောင်းနေပါပြီ။ တနေ့တနေ့ မနက်မိုးလင်းတာနဲ့
ပေါက်မုန့်တချပ်(သို့)ပေါင်မုန့်တလုံးကို နွားနို့အေးစက်စက်တခွက်နဲ့
မျှောချပြီး ကိုယ်တလုံးမှ နားမလည်တဲ့ TVက ဂျပန်သံတွေကို ကြားနေရရင်း လူက
ရူးချင်လာတာမျိုးလည်း ဖြစ်တတ်ပါတယ်။
ရှေ့ဆက်ပြီး
ကိုယ်ဆက်လုပ်ရမယ့် ဒုက္ခသည်လျှောက်ထားခြင်းဆိုင်ရာ
လုပ်ထုံးလုပ်နည်းတွေကိုလည်း အချုပ်ထဲက မြန်မာအချင်းချင်းပြောတာတွေ၊ အပြင်က
ကိုယ့်ကို အချုပ်လာတွေ့တဲ့ မြန်မာအချင်းချင်းပြောတာတွေ (ပြောတာတွေဆိုတာက
ကြားကောင်းအောင်ရေးရတာပါ။ တကယ်တန်းကျတော့ ဆရာကြီးလေသံနဲ့ ဆရာလုပ်တာက
များပါတယ်။ ဂျပန်မှာ ဆရာကြီးအလွန်ပေါ၏) ကြားမှာ အူလည်လည်နဲ့ ဘယ်ကစလို့
ဘယ်လိုရေးရမှန်းမသိ၊ ဟို့လူ့အားကိုးရမလို၊ ဒီ့လူ့ဆရာခေါ်ရမလိုနဲ့ အင်မတန်မှ
စိတ်ပျက်အားငယ်စရာ ကောင်းလှပါတယ်။
ဒီအချုပ်ခန်းထဲက
ဘယ်အချိန်လွတ်မယ်မှန်းလဲ မသိ။ လွတ်ဖို့ ကိုယ့်ကိုအာမခံပေးဖို့ လူနဲ့
အာမခံကြေး မြန်မာငွေသိန်း(၃၀)သို့ သိန်း(၅၀)ခန့်ကို အချုပ်ခန်းထဲကနေပဲ
ဟိုလူ့အားကိုး၊ ဒီလူ့အကူအညီယူနဲ့ ရှိသမျှမာန ခဝါချ၊ မျက်နှာအောက်ကျို့ပြီး
ကိုယ်လွတ်မြောက်ရေးကို ၈လ၊၉လ၊တနှစ်နီးပါး အချုပ်ကျခံရင်း ကြိုးစားရပါတယ်။
မြန်မာပြည်ကနေ
မြန်မာငွေ သိန်း(၁၀၀)လောက် အကုန်ခံပြီး ဂျပန်မှာ နေရင်းထိုင်ရင်း
အချုပ်သားဖြစ်ရတဲ့ဘဝက ယခုရေးပြတာထက် လက်တွေ့မှာ ပိုပြီး
ဆိုးရွားပိတ်လှောင်မွန်းကျပ်ပြီး ဒုက္ခရောက်လှပါတယ်။ အထူးသဖြင့်
အမျိုးသမီးတွေဆို ပါဆိုးပါတယ်။
ဒုက္ခသည်ဖြစ်ချင်သူတို့၏ ဒုက္ခများကို ဆက်ရေးပါဦးမယ်။
နန္ဒာ (ဂျပန်)
0 comments:
Post a Comment