လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြပါစေ။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ။

Saturday, July 21, 2012

အမှတ်တရ ဒါန ပေါက်စ

ပြီးခဲ့တဲ့ ၂ရက်လောက်ကအထိ တရားလွန် ပူပြီး အခုရက်ပိုင်းမှ ရုတ်တရက် မိုးရွာ၊မိုးအုံ့နဲ့  ချက်ချင်းဆိုသလို ချမ်းစိမ့်စိမ့်ဖြစ်သွားတဲ့ ဂျပန်ရာသီဥတုက ဖေါက်ပြန်တာနဲ့ ကျွန်ုပ်ရဲ့ခန္ဓာကြီးဟာ လည်း ရာသီဥတုနဲ့အညီလိုက် ဖေါက်ပြန်ပြီး ကိုယ်တွေလက်တွေ ကိုက်ခဲကာ ကွေးပါတော့တယ်။

တနင်္ဂနွေနေ့မို့လို့ အမှန်ဆို ဒီနေ့နားရက်ဖြစ်ပေမယ့် လွန်ခဲ့တဲ့ ၂ပါတ်ကတည်းက ဒီတနင်္ဂနွေနေ့ မနက်စောစောကို လာကူပေးဖို့  အလုပ်က တောင်းဆိုထားခဲ့တယ်။ မနက်စောစော အိပ်ယာထလေ့မရှိတော့ ဒီနေ့မနက်လည်း နှိုးစက်သံကြောင့်သာ မျက်လုံးပွင့်တာနဲ့ ကမန်းကတမ်း မျက်နှာသစ်၊ ဗိုက်ဟောင်းလောင်းနဲ့ အလုပ်ပြေးခဲ့ရတယ်။

အလုပ်ထဲရောက်တော့ လူက  ကြက်တူရွေးတကောင်လို၊ စက်ရုပ်တရုပ်လို  ပြောဆိုလုပ်ကိုင်နေရပေမယ့် အစာအိမ်ထဲမှာတော့ မီးရထားကြီး ဂျုန်းဂျုန်းဂျက်ပဲပေါ့။အလုပ်ပြီးတော့ ဗိုက်ထဲမှာ အဆာမရှိတော့ ခေါင်းကမူးနောက်ဖြစ်နေပြီ။ ၄နာရီလောက် မရပ်မနားဘဲ လုပ်ခဲ့တဲ့အပြင် အလုပ်က ဒီနေ့အထူးဆင်းပေးလို့ ဆိုပြီး ကျွန်ုပ်ကြိုက်တဲ့ ဟင်းသီးဟင်းရွက်၊ အသား၊ငါး၊ရေညှိ အစုံနဲ့ ထမင်းဗူးကြီးကို ရှယ်လုပ်ပြီး ထည့်ပေးလိုက်ပါတော့တယ်။

ထမင်းဟင်း ပူပူနွေးနွေးနဲ့ ဗူးကြီးကို ဝမ်းသာအားရနဲ့ ပိုက်ရင်း အိမ်ရောက်ရင် အားရပါးရ ဆွဲပစ်လိုက်မယ်လို့ စိတ်ကူးရင်း၊ စက်ဘီးကို အားသွန်ခွန်စိုက်နင်းပြီး ပြန်လာခိုက်
မိုးက ရုတ်တရက် ရွာချလိုက်တယ်။ ကိစ္စမရှိပါ။ ကျွန်ုပ်တွင် ထီးပါ၏။ လူစိုတာကိစ္စမရှိ၊ ထမင်းဗူး ပူပူနွေးနွေးကြီး မိုးစိုကုန်မှဖြင့် တနက်လုံး နေမကောင်းတဲ့ ကြားက ခွန်အားစိုက်ထုတ် အလုပ်လုပ်လာလို့ ရလာတဲ့ ဆုလာဘ်၊ အငတ်မခံနိုင်ဘူးဆိုတဲ့ စိတ်ကူးနဲ့ သူ့ကို လုံအောင်လက်တဖက်ထီးမိုးပြီး လာရာလမ်းအတိုင်းမြန်းခဲ့ပါတော့တယ်။

ဒီမှာတင်မှာ ကုန်းတံတားတခုရှေ့က ဖြတ်အနင်း တံတားအောက်က မလုံတလုံနေရာလေးမှာ မိုးခိုရင်း ချမ်းလို့ ကုပ်နေရှာတဲ့ အိုးမဲ့အိမ်မဲ့ အဖိုးအိုတဦးကို တွေ့လိုက်ရတယ်။ တလောကလုံးကို အရှုံးပေးထားတဲ့ အနေအထားနဲ့ မျက်လွှာကိုချ၊ ခေါင်းကြီးကို အောက်ကိုငုံ့ပြီး ပါးစပ်ကလည်း တွတ်တွတ်နဲ့ ဘာတွေများရွတ်နေပါလိမ့်။

ဖြတ်ခနဲပဲ တချက်ကြည့်ရင်း ကျွန်ုပ်စက်ဘီးက သူ့ရှေ့ကို ကျော်သွားခဲ့တယ်။ လေး ငါး ချက်လောက်ဆက်နင်းပြီး ရုတ်တရက်ဆိုသလိုပဲ အနောက်ကို ပြန်လှည့်ကွေ့လိုက်မိတယ်။ အဖိုးအိုရှေ့ရောက်တော့ စက်ဘီးကို တုံ့ခနဲရပ်ပြီး ဘာမှစဉ်းစားမနေတော့ဘဲ လက်ထဲက ကျွန်ုပ် တယုတယ ထီးမိုကာပြီး ယူလာခဲ့တဲ့ ထမင်းဗူး ပူပူနွေးနွေးကြီးကို အဖိုးအိုဆီ ကမ်းပေးလိုက်တယ်။

ဂျပန်မှာ ဂျပန်လူမျိုးတွေက အဲလို အပြုအမူမျိုး လုပ်လေ့မရှိကြောင့် အဖိုးအိုက ရုတ်တရက် မယူဘူး။ ခေါင်းမော့လာပြီး " ငါ့ ကိုပေးတာလား" လို့ တိုးတိုးလေးမေးတယ်။ ကျွန်ုပ်လည်းသူ့ကို အကြင်နာဆုံးပြုံးပြပြီး "ဟုတ်တယ်။ အဖိုး စားဖို့ ပေးတာပါ" လို့ ပြောလိုက်တော့မှ ထမင်းဗူးကို လှမ်းယူတယ်။

သူ့လက်နဲ့ ထမင်းဗူးနဲ့အထိမှာ သူနောက်ထပ်တကြိမ် အံ့အားသင့်သွားတဲ့ဟန်နဲ့ ကျွန်ုပ်မျက်နှာကို ဖြတ်ခနဲ ထပ်ကြည့်ပြန်တယ်။ ထမင်းဗူးကြီးက လေးနေပြီး ပူပူနွေးနွေးကြီးဆိုတော့ သူ့ကို ကျန်လို့ ပေးတာ မဟုတ်ဘဲ၊ တကူးတက ဝယ်လာပေးတယ်လို့ သူထင်သွားပုံရတဲ့။ တကယ်တော့ ဒီမနက်အတွက်အဲသည့် ထမင်းဗူးဟာ ကျွန်ုပ်အဖို့ ဝယ်လာတာထက်တောင် အဖိုးတန်ပြီး ဗိုက်ကလည်း အရမ်းဆာနေတဲ့ အချိန်ပါ။

တုန်ရင်နေတဲ့ လက်နှစ်ဖက်နဲ့ ထမင်းဗူးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း " ကျေး...ကျေး...ကျေးဇူးတင်ပါတယ်" ဆိုတဲ့ စကားကို အထစ်ထစ် အငေါ့ငေါ့နဲ့ ထပ်ခါတလဲလဲ ဆိုနေတော့တယ်။ ကျွန်ုပ်လည်း ပြန်ပြုံးပြလိုက်ပြီး စက်ဘီးကို ဆက်နင်းထွက်လာလိုက်တယ်။ မီတာ၅၀လောက် နင်းပြီး နောက်ပြန်လှည့်ကြည့်တော့ စောစောက ထမင်းဗူးကို လှမ်းယူလိုက်တဲ့ အနေအထားအတိုင်းပဲ လက်ကြီးနှစ်ဘက်ကို အောက်မချသေးဘဲ၊ ထမ်းဗူးကို ကိုင်လျက်သား ကျွန်ုပ်ကို ငေးပြီး ကြည့်နေတဲ့ အဖိုးအိုကို မိုးဖွဲဖွဲကြားမှာ တွေ့နေရသေးတယ်။

ဒီနေ့ဟာ တနယ်ရပ်ကျေးမှာ ရှိနေတဲ့ ကျွန်ုပ်၏ ချစ်လှစွာသော ခင်ပွန်းသည်ရဲ့ မွေးနေ့ဖြစ်တဲ့အတွက် ကျွန်ုပ်အနေနဲ့ ဘုရားသွားခြင်း၊ ကုသိုလ်ကောင်းမှု တခုခု လုပ်ခြင်းတို့ကို ပြုချင်ပေမယ့် မနက်ကြီးကတည်းက မအားတာရယ်၊ နေမကောင်းတာရယ်ကြောင့် မလုပ်ခဲ့ရဘူး။ ဒါပေမယ့် အခုတော့ မမျှော်လင့်ဘဲ ဒါန သေးသေးလေး တခုကို လုပ်ဖြစ်လိုက်ပါတယ်။

ကျွန်ုပ်အဖို့ အင်မတန်ဗိုက်ဆာလာတဲ့အချိန်၊ မောလည်း မောနေတဲ့အချိန်၊ နေလည်း မကောင်းတဲ့ အချိန်မှာ စားဖို့ အဆင်သင့်ဖြစ်နေတဲ့ ကျွန်ုပ်အကြိုက် ရှယ်လုပ်လာတဲ့ ထမင်းတနပ်ကို နေ့တိုင်းလိုလို ထမင်းမစားရတဲ့သူကို အခုလို လှူလိုက်ရတဲ့အတွက် ဒါနသေးသေးလေးကိုပဲ ဝမ်းသာအားရဖြစ်မိပါတယ်။
ခင်ပွန်းသည်ကိုလည်း သူနိုးလာရင် ပြန်ပြောပြပြီး သူ့မွေးနေ့အထိမ်းအမှတ်၊ အမှတ်တရအဖြစ် သာဓုခေါ်ခိုင်းပါဦးမယ်။

ကျွန်ုပ်ကြည်နူးသလို ကြည်နူးနိုင်ကြစေရန် အမှတ်တရ ရေးဖွဲ့ပါသည်။

နန္ဒာ(ဂျပန်)
2012.July.22 (Sunday)



0 comments:

Post a Comment