လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြပါစေ။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ။

Monday, July 16, 2012

ဂျပန်မှာ (၈)


ဂျပန်ကို work visaနဲ့ လာခဲ့တဲ့ ခင်မင်ရသူ ညီမတယောက်က အဖြစ်သနစ်တခုပါ။သူမဟာ ဂျပန်ကို လာတုန်းက ဗမာငွေ သိန်း(၁၇၀)ကို အရစ်ကျပေးခဲ့ရပါတယ်။ ဂျပန်ရောက်တော့ တခြားသော မြန်မာနိုင်ငံသူ အတော်များများ နည်းတူ စားသောက်ဆိုင်မှာ စားပွဲထိုးအလုပ်ကို ဂျပန်လ.ဝ.က မသိအောင် ခိုးလုပ်ရပါတယ်။

ဂျပန်ရောက်ခါစ ဂျပန်စာ၊စကားကို ကျေလည်အောင် မတတ်ခြင်း၊ ဂျပန်လူမျိုးတွေနဲ့ အသားမကျခြင်း၊ ဂျပန်ရာသီဥတုနဲ့ အသားမကျ၍ ဖျားနာနေမကောင်းဖြစ်ခြင်း၊ သူမထက် စောစီးစွာ ဂျပန်ရောက်နေပြီး မြန်မာလူမျိုးအချင်းချင်း ရိုင်းပင်းရမယ့်အစား ရိုင်းညစ်လှသော အချို့သော မြန်မာနိုင်ငံသားများ၏ အပြောအဆို၊ အနှိပ်အကွပ်၊ ပညာပြခြင်းများကို စားသောက်ဆိုင် (၃)(၄)ဆိုင်လောက်မှာ တဆိုင်ပြုတ်၊ တဆိုင်ဝင် အနေအထားနဲ့ (၁)နှစ်လောက် ခံခဲ့ရပါတယ်။

(၁)နှစ်ပြည့်တဲ့အခါမှာတော့ မိမိလာခဲ့တဲ့ ကုမ္ပဏီကို ဆက်သွယ်ပြီး
ဗီဇာသက်တမ်းတိုးဖို့  တနှစ်လုံး ခြစ်ခြုတ်ကုပ်ကပ်ပြီး စုထားတဲ့ ဂျပန်ယန်း သောင်း(၃၀)၊ ဗမာငွေ သိန်း(၃၀)ခန့်ကို ကုမ္ပဏီကို ပေးခဲ့ရပါတယ်။ တနှစ်သာ ပြည့်သွားတယ်။ ဂျပန်မှာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့ လောကဓံရဲ့ အထုအထောင်းတွေကို စိတ်ရောကိုယ်ပါ ကျေမွသွားမတတ် ခံစားခဲ့ရပေမယ့် သူမဂျပန်ကို လာခဲ့ရတဲ့ အရင်းအနှီးဖြစ်တဲ့ သိန်း(၁၇၀)ကတော့ မကျေခဲ့ပါဘူး။

ဒီလိုနဲ့ နောက်(၁)နှစ်ကို ရုန်းရယ်ကန်ရယ်နဲ့ အလုပ်ခိုးလုပ် ခဲ့သော်ငြားလည်း ကံမကောင်း အကြောင်းမလှတော့ အလုပ်အကိုင်က အဆင်မပြေလှဘူး။ ရသမျှ အိမ်လခ၊ ရေ၊မီး၊ဂက်စ်၊ဖုန်း အခွန်တွေ၊ သူမ တရားဝင် အလုပ် လုပ်တယ်လို့ ပြောထားတဲ့ ကုမ္ပဏီက ပေးတယ်ဆိုတဲ့ လစာ(သူမ တကယ်မရတဲ့ စာရွက်ပေါ်မှာပဲရှိတဲ့လစာ) အတွက် ပေးဆောင်ရတဲ့ အခွန်တွေ၊ စားစရိတ်တွေ နှုတ်လိုက်တဲ့အခါမှာတော့ တနှစ်ပြည့်တဲ့ချိန်မှာ သူမမှာ ပေးစရာ စုထားငွေဟာ သောင်း(၃၀)မရှိခဲ့ပါဘူး။

(၂)ကြိမ်မြောက် သက်တမ်းတိုးဖို့ သောင်း(၃၀)မလောက်တဲ့ အခါမှာ သူမဟာ ကုမ္ပဏီကို မပေးနိုင်တဲ့အကြောင်း ပြောခဲ့ပါတယ်။ ဒီအခါမှာတော့ ကုမ္ပဏီနဲ့ သူမ စကားအခြေအတင်တွေ ဖြစ်ကြပြီး တပတ်အကြာလောက်မှာပဲ သူမ အလုပ်ခိုးနေတဲ့ စားသောက်ဆိုင်ရှိရာကို လ.၀.က နဲ့ ရဲတွေက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပြီး သူမကို အလုပ်ခိုးလုပ်မှု (အရပ်စကားနဲ့ပြောရင်) နဲ့ ဖမ်းပါတော့တယ်။

သူမကတော့ ကုမ္ပဏီက တိုင်လိုက်တာလို့ တထစ်ချ စွပ်စွဲပါတယ်။ အဲသည့်ကိစ္စကတော့ ကျွန်ုပ်လည်း မသိတာမို့ မဝေဖန်လိုပါ။ ကျိန်းသေတာကတော့ သူမက ဂျပန်လ.ဝ.က ထိန်းသိမ်းရေး စခန်းကို ရောက်သွားခြင်းပါပဲ။
ဒါကြောင့် အကြံဥာဏ်ပေးချင်တာကတော့ ဂျပန်ဆိုတိုင်းလည်း ၁၀၀%အဆင်ပြေပြီလို့ မယူဆစေချင်ပါဘူး။ ယခုဖေါ်ပြခဲ့တဲ့ ညီမကတော့ အခုချိန်ထိ ဂျပန်မှာရှိနေပါတယ်။ ဗယ်ကွေ့ရောက်ရင် ဗယ်တက်နဲ့လှော်၊ ညာကွေ့ရောက်ရင် ညာတက်နဲ့လှော်ရင်း၊ လောကဓံအခက်အခဲ မျိုးစုံကို မိန်းကလေးတန်မဲ့ ကြံ့ကြံ့ခိုင်ရင်ဆိုင်ရင်း၊ ကိုယ့်ကိုကိုယ်လည်း ထိန်းသိမ်းရင်းနဲ့ စိတ်ဓါတ်မကျဘဲ ကြိုးစားခဲ့လို့ အခုဆိုရင်တော့ ဂျပန်မှာ အဆင်ပြေစပြုနေပါပြီ။ သူရောက်ခဲ့တာလည်း ၃နှစ်ကျော် ၄နှစ်နီးပါးရှိခဲ့ပြီပေါ့။

ဂျပန်ဆိုတိုင်း အထင်တကြီး မျှော်လင့်တကြီး၊ ကိုယ့်မိဘဆွေမျိုးမဟုတ်ဘဲ တစုံတယောက်ကို အားကိုးတကြီးနဲ့ ရောက်လာကြသူ မြန်မာမိန်းကလေး အတော်များများဟာ ဖေါ်ပြပါ ဂျပန်ဒဏ်အမျိုးမျိုးကို ခံရတဲ့အခါမှာ တချို့က အိမ်ပြန်ပြေးကြတယ်။ တချို့က ကိုယ့်ကိုကိုယ် သေကြောင်းကြံဖို့အထိ စဉ်းစားတတ်ကြတယ်။ တချို့က ကူညီပါရစေဆိုတဲ့ ဦးဦး၊ ကိုကို၊မောင်မောင်တို့နဲ့ ဇါတ်လမ်းတွေဖြစ်ကြ၊ ရှုပ်ကြ၊ ရိုက်ကြ၊နှက်ကြ၊ ကွဲကြ၊ပြဲကြနဲ့ နာမည်ပျက်သွားတယ်။ တချို့ကတော့ ကိုယ့်ကိုကို်ယ် ကာကွယ်စောင့်ရှောက်ရင်း လောကဓံကို ကြံ့ကြံ့ခံရင်း အောင်မြင်သွားကြတယ်။ အဲဒီ့တော့ မြန်မာမိန်းကလေးတယောက်အနေနဲ့ ကိုယ့်ကိုကိုယ် ဘယ်အမျိုးအစားထဲမှာ ပါနိုင်မလဲဆိုတာ အရင်ဆုံး သေသေချာချာ စဉ်းစားစေလိုပါတယ်။

ကိုယ်က စိတ်ပျော့ရင် အရင်းကျေမယ် မထင်ဘူး။ ကိုယ်က အညှာလွယ်တတ်၊ ယုံလွယ်တတ်ရင်၊ ကိုယ့်စိတ်ကိုယ်မနိုင်ဘဲ ပေါ်သမျှ ဝတ်ချင်စားချင်သုံးချင်စွဲချင်
ရင်၊ အဖေါ်ကောင်းလို့ ဆေးလိပ် အရက်သောက်တတ်တယ်ဆိုရင်၊ သူများလုပ်တိုင်း ကောင်းသည်ဆိုးသည် မခွဲခြားတတ်ဘဲ လိုက်လုပ်တတ်သူဆိုရင်တော့ ဂျပန်ကို မိန်းကလေးတယောက်တည်း မလာစေချင်ပါဘူး။  ပျက်ဆီးသွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ မပျက်ဆီးသည့်တိုင်အောင် အဖိုးတန် မိန်းကလေး၊ အများက လေးစားရတဲ့ မိန်းကလေးတော့ ဖြစ်ဖို့ သိပ်မလွယ်ပါဘူး။
ကျွန်ုပ်က ညီမလေးလိုသဘောထားပြီး အစစအရာရာ ကူညီခဲ့ဖူးတဲ့ ကျောင်းသူမိန်းကလေးတယောက်ဆို အခုချိန်ထိ ဘယ်သောင် ဘယ်ကမ်းဆိုက်လို့ သေသလား၊ရှင်သလားတောင် မသိရတော့ဘဲ ပျောက်ခြင်းမလှ ပျောက်သွားတဲ့ အဖြစ်ဆိုးမျိုးလည်း ရှိပါတယ်။ 
ဂျပန်ရောက်ပြီး (နာမည်ကောင်းနဲ့) အဆင်ပြေနေကြတဲ့ အမျိုးသမီးတွေလည်း အများကြီးရှိကြပါတယ်။ များသောအားဖြင့် အဲဒီလို အဆင်ပြေနေသူ အမျိုးသမီးတွေဟာ ကိုယ့်ကိုကိုယ် ထိန်းသိမ်းနိုင်သူ၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုသ၊ူ အကင်းပါးပြီး လိမ္မာပါးနပ်သူ၊ အများနဲ့ သင့်တင့်လျှောက်ပတ်အောင် အဆင်ပြေပြေ နေနိုင်တဲ့သူ၊ လောကဓံကို မတုန်လှုပ်သူ၊ ထစ်ကနဲဆို မျက်ရည်ကျပြီး ဟိုလူ့အားကိုး ဒီ့လူ့အားကိုး မလုပ်တတ်သူ၊ ကျန်းမာရေး ကောင်းသူ၊ စိတ်ဓါတ်ကြံ့ခိုင်သူ တွေဖြစ်နေတာကို တွေ့ရပါတယ်။
မြန်မာပြည်က ထွက်လာတုန်းကထက် အခုအချိန်မှာ ကောင်းသော တိုးတက်ပြည့်စုံခြင်း များစွာနဲ့ လောကအလည်မှာ လျှောက်လှမ်းနေကြတဲ့ မြန်မာနိုင်ငံသားတွေလည်း ဂျပန်မှာ အများကြီးရှိကြပါတယ်။

စေတနာနဲ့ အကြံပေးချင်တာတခုကတော့ “ ရှေ့ဆက်တိုးဖို့ မဖြစ်နိုင်ဘူးဆိုတာတခုတည်းနဲ့ နောက်လှည့်ပြန်ချင်တဲ့ စိတ်” ရှိနေရင်တော့ ဂျပန်မှာ သာမာန်အနေအထားနဲ့ ကာယ အလုပ် လုပ်ပြီး စီးပွားရှာဖို့ကို စဉ်းစားစေချင်ပါတယ်။
နောက်တကြိမ်တော့ နိုင်ငံရေး ဗီဇာနဲ့ လာရောက်ကြသူများအကြောင်း စုံစမ်းသိရှိထားသလောက် ရေးပါဦးမယ်။
နန္ဒာ(ဂျပန်)

0 comments:

Post a Comment