လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြပါစေ။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ။

Thursday, July 12, 2012

တော်တယ်ဆိုတိုင်းလည်း...........

တခုသောတနင်္လာနေ့၌ ကျွန်ုပ်သည် တိုကျိုမြို့နှင့် မနီးမဝေး အရပ်တခုသို့ အလုပ်ကိစ္စတခုနှင့် ခရီးထွက်ခဲ့၏။ ထိုနေ့အတွက် အချိန်များစွာ ချမ်းသာသော်လည်း နေ့စဉ်နေ့တိုင်းအတွက် ငွေကြေးများစွာ မချမ်းသာသောကြောင့် ခရီးစဉ်တကြောင်းထဲကို မြန်မာငွေ ကျပ်(၁)သိန်းခန့် ပေးရသော ဂျပန်ကျည်ဆန်ရထားအမြန်ကို မစီးဘဲ လမ်းခရီးတွင် (၃)ဆင့်လောက် ရထားပြောင်းစီးရသော ဈေးသက်သာသည့် ပုံမှန်ရထားကိုသာ သုံးခဲ့ပါသည်။

ရထားစီးချိန်စုစုပေါင်း(၃)နာရီခန့် ကြာမည်ဖြစ်သောကြောင့် ခရီးသွားရာတွင် လိုအပ်မည်များ ဖြစ်သော ဖတ်စရာစာအုပ်၊ ရေးစရာ စာရွက်၊ ဘောပင်၊သောက်ရေတဗူးနှင့် အာလူးခြောက်တစ်ထုတ်စသည်တို့ကိုပါ ယူဆောင်လာခဲ့၏။
ဤသို့ဖြင့် ကျွန်ုပ်သည် နာရီဝက်လောက်စီးရမည့် ခရီးတွင် စာအုပ်ကိုဖတ်၏။ (၁၀)မိနစ်လောက် ရထားစောင့်ရမည်ဆိုလျှင် နားကျပ်တပ်၍ သီချင်းနားထောင်၏။ စင်္ကြန်တွင် မုန့်စား၏။ ရေသောက်၏။ (၁)နာရီလောက် စီးရမည့်ခရီးတွင် စာရွက်အထပ်နှင့် ဘောပင်ကိုထုတ်၍ စာရေးရန် ပြင်လေ၏။

ဘာရေးရမလဲ စဉ်းစားလိုက်သောအခါ Face book ကို သတိရလာ၏။ တဆက်တည်းမှာပင် FBက မိတ်ဆွေများနှင့် ၄င်းတို့၏ commentများကိုပါ မြင်ယောင်လာ၏။


FBပေါ်တွင် ကျွန်ုပ်တင်လိုက်သော ပုံpost, စာpost စသည့် ပိုစ့်များ၏ အောက်တွင် မိတ်ဆွေများက ကွန်မန့်ရေးကြသောအခါ အချို့က ကျွန်ုပ်ကို ချီးကျူး၏။ အချို့က ပေါ်တင်ကြီး မြှောက်၏။ အချို့က ဘလိုင်းကြီး ရန်စ၏။ အချို့က မသိမသာ ခနဲ့၏။ အချို့က ပါးပါးလေး ဆရာလုပ်၏။ အချို့က ကျွန်ုပ်နှင့် မိတ်ဆွေ ဖြစ်လိုဟန်ရှိ၏။ အချို့က “နင့်ကို နေရင်းထိုင်ရင်းကိုကြည့်မရဘူး၊ ဂန်းနာမရဲ့ “ဟု ပြောနေသယောင်ရှိ၏။

ဘယ်လိုပဲဖြစ်ဖြစ် သူတို့တွေထဲက အတော်များများဟာ ကျွန်ုပ်၏ FB မိတ်ဆွေစာရင်းထဲမှာရှိကြ၏။
သူများတွေရေးတဲ့ commentတွေကိုသာ ဝေဖန်နေတယ်။ ငါကိုယ်တိုင်ကရော ဘယ်လို ကွန်မန့်မျိုးတွေကို ရေးနေမိပါလိမ့်လို့ ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်လိုက်သောအခါ ကျိန်းသေတာတခုကတော့ commentကို စိတ်မပါဘဲနဲ့ ကျွန်ုပ်ရေးလေ့မရှိ။

ကျွန်ုပ်ရေးသော ကွန်မန့်များ၏ (၄၀)%ဟာ သူတပါးကို  ထောက်ခံခြင်း၊ အပြုသဘောဝေဖန်ခြင်း၊ အားပေးခြင်းတွေ ဖြစ်တတ်၏။ (၁၀)%ကတော့ မြှောက်ပေးတာတွေ ဖြစ်တတ်၏။ နောက်(၁၀)%ကတော့ တတ်သမျှ မှတ်သမျှဖြင့် သူများကို ဆရာလုပ်တတ်၏။ နောက်(၁၀)%ကတော့ ကျွန်ုပ်ကို တိုက်ခိုက်လာလျှင် ကက်ကက်လန်အောင် ရန်တွေ့တတ်၏။ နောက်(၁၀)%ကတော့ ကျွန်ုပ်ချစ်သူ(ယခု ခင်ပွန်းသည်)အား မည်မျှ လွမ်းကြောင်း၊ ချစ်ကြောင်း၊ကြိုက်ကြောင်း၊ သဘောကျကြောင်းများကို လူတကာ အမြင်ကပ်ရလောက်အောင် မျက်နှာပြောင်စွာဖြင့် ရေးတတ်၏။
နောက်(၁၀)%ကတော့ သူများpostအောက်တွင် အဲသည့် Postနှင့် လုံးလုံး ဆန့်ကျင်ကာ ရန်ဖြစ်မယ်မှန်းသိသိကြီးနှင့် အတိုက်အခံလုပ်ပြီး သွားရေးတတ်၏။(ဥပမာ..ကျွန်ုပ်လေးစားရသော လူပုဂ္ဂိုလ်တဦးဦးကို တိုက်ခိုက်ထားသည့် postများတွင် ဖြစ်တတ်၏။) နောက်ဆုံး (၁၀)%ကတော့ ဟိုဟိုဒီဒီ ထိုထိုဤဤပဲ ဆိုပါတော့၊

ရန်ဖြစ်လို့ အတိုက်အခံရေးလျှင် ကိုယ်နိုင်လျှင် ပျော်၏။ မနိုင် နိုင်အောင်လည်း အထောက်အထားအကိုးအကားတွေကို အချိန်ကုန်ခံ၊ အပင်ပန်းခံပြီးရှာတတ်၏။ တဖက်လူက ပြန်မပြောတော့ခြင်း၊ သူရေးထားသော ကွန်မန့်များကို ဖျက်ပစ်လိုက်ခြင်းများကို မြင်ရလျှင် ကိုယ်နိုင်ပြီဟူယူဆကာ ရူးသွပ်စွာ ဝမ်းသာ၏။

တခုတော့ရှိသည်…ကျွန်ုပ်ရှူံးသည့်အခါတွင်လည်း ကျွန်ုပ်ရေးထားသော ကွန်မန့်များကို ဖျက်ပစ်ခြင်းအား ဘယ်သောအခါမှ မလုပ်။ တယောက်နှင့်တယောက် ငြင်းခုန်ကြသော ကိစ္စမျိုး၌ တဖက်သားက ကျွန်ုပ်လက်ခံနိုင်သည့် သက်သေအထောက်အထားနှင့်တကွ ပြောပြလာလျှင် တောင်းပန်၏။ မှားသွားကြောင်း ဝန်ခံ၏။ ထိုသို့သော ကွန်မန့်မျိုးကို မေ့သလောက်ရှိလျှင် ဖျက်ပစ်လေ့ရှိသော၊ ကိုယ့်အမှားကိုယ်၊ ကိုယ့်အရှူံးကိုယ် မမြင်ရဲသော၊ လူမြင်မခံရဲသော သရဲဘောကြောင်သူများထဲတွင်တော့ ကျွန်ုပ်မပါ။

ကျွန်ုပ်သည် ရောက်တတ်ရာရာ ထိုအကြောင်းများကို ရထားပေါ်တွင် တကိုယ်တည်းတွေးရင်း ပြုံးမိ၏။ တဆက်တည်းမှာပင် မဲ့မိပြန်၏။ “ငါဟာ တန်ဖိုးရှိတဲ့ အချိန်တွေနဲ့ အင်အားတွေကို ရန်ဖြစ်တဲ့နေရာမှာ မိုက်မဲစွာ အသုံးချမိတဲ့ အကြိမ်ရေတွေ မနည်းတော့ပါလားလို့” နောင်တရမိ၏။

အတိုက်အခံပြောလိုက်ခြင်း၊ ကိုယ်သိသလောက် ကိုယ်တတ်သလောက်ကို သူတပါးကို ခပ်နှိမ်နှိမ်ပြောလိုက်ခြင်းဖြင့် မိတ်ဆွေမတိုး၊ ရန်သူသာ တိုးမည်ဖြစ်ကြောင်း သိသိကြီးနှင့် ကိုယ့်စိတ်ရိုင်းကို ကိုယ်မချိုးနှိမ်နိုင်သော အဆင့်အတန်းမရှိသည့် ဤစိတ်မျိုးကို မပယ်ဖျောက်နိုင်သေးသော ကျွန်ုပ်၏ အားနည်းချက်တွေကထဲ ထိုအားနည်းချက်တခုကိုလည်း ရှာဖွေတွေ့လိုက်မိ၏။

ကျွန်ုပ်သည် FBပေါ်တွင် ဖြစ်စေ၊ ပြင်ပလောကတွင် ဖြစ်စေ တစုံတယောက်နဲ့ ခွန်းကြီးခွန်းငယ် စကားများသော အခါ အဆိုပါ ပုဂ္ဂိုလ်၏ ပုဂ္ဂိုလ်ရေးကို ဝေဖန်တိုက်ခိုက်ပြီး ရန်တွေ့လေ့မရှိဘူး။ (ဥပမာ…အလွန်ဝသောသူအား ငါတို့က အဲလိုအစားမျိုးမဟုတ်ဘူး ဝက်ပုပ်မရဲ့) ဆိုတာမျိုး ရန်တွေ့လေ့မရှိပါ။ ရန်ဖြစ်ရသည့် အကြောင်းရင်းနှင့် ပါတ်သက်၍သာ ရန်တွေ့လေ့ရှိပါသည်။

သို့သော် ကျွန်ုပ်အလှည့်ကျရင်တော့ ပုဂ္ဂိုလ်ရေးကို ထိခိုက်ပြီး ရေရေလည်လည် ရန်တွေ့ခြင်းခံရပါသည်။ ဆဲရေးတိုင်းထွာခြင်းလည်း ခံရပါသည်။ အချို့ဆို messageအထိ အကောင့်အသစ် ကမန်းကတမ်းဖွင့်၍ လာရောက်ဆဲဆိုပါသည်။ထိုကဲ့သို့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ၊ ညစ်ညမ်းစွာ ဆဲဆိုမှုများကို ကျွန်ုပ်အနေနှင့် ထူးထူးခြားခြား ခံစားရခြင်းမဖြစ်ပါ။ “ကျက်သရေမရှိသောသူနဲ့ သူ၏ အသုံးအဆောင်များ” ဟုသာ သဘောထား၍ blockလိုက်ပါသည်။

ပြောချင်တာက အခုမှ စရပါမယ်။ တလောကတော့ မှတ်မှတ်ရရပါပဲ။ ကျွန်ုပ်ခင်မင်ရသော ကျွန်ုပ်ကိုလည်း ညီမငယ်တယောက်ကဲ့သို့ သဘောထား၍ ခင်မင်စွာ စဖူး နောက်ဖူးသော မိတ်ဆွေတဦးရဲ့ Postအောက်မှာ သူ့အယူအဆနဲ့မတူတဲ့ commentကို အတိုက်အခံလုပ်ပြီး သွားရေးမိတယ်။  သူ့postက ကျွန်ုပ်လေးစားရသော ခေါင်းဆောင်တဦးကို ထိုမိတ်ဆွေက မယုံသင်္ကာစွာ အဆိုးဘက်မှဝေဖန်ထားသော ပိုစ့်။

တကယ်ဆိုရင် ကျွန်ုပ်အနေနဲ့ သူ့ပိုစ့်ကို ဖတ်မိသည့်တိုင်အောင် သူနှင့်အယူအဆ မတူလျှင် ဘာမှ ဝင်မရေးရုံသာရှိသည်။ ကျွန်ုပ်ကိုလည်း မည်သူကမှ ရိုက်၍ ရေးခိုင်းနေသည်မဟုတ်။ သူက ကျွန်ုပ်wallမှာ လာရေးတာလည်းမဟုတ်၊ ကျွန်ုပ်ကို Tagခြင်း၊ shareခြင်းများလည်း မလုပ်၊ သူ့wallပေါ်မှာ သူ့ဖာသာရေးခြင်းဖြစ်၏။

သူ့ဖာသာသူ ဖွလို၍ပဲရေးရေး၊ ထိုခေါင်းဆောင်ကို ကြည့်မရလို့ပဲရေးရေး၊ ရန်စချင်လို့ပဲရေးရေး၊ ဘယ်လိုရည်ရွယ်ချက်နဲ့ပဲရေးရေး ကျွန်ုပ်မကြိုက်လျှင် ကျော်သွားလိုက်ရုံပင်။ သူရေးလိုက်လို့လည်း ထိုခေါင်းဆောင်က အနည်းငယ်မျှပင် ထိခိုက်နစ်နာသွားခြင်းလည်း မဖြစ်နိုင်ပါ။ ကျွန်ုပ်ရန်တွေ့လို့လည်း ထိုခေါင်းဆောင်က ကျွန်ုပ်ကို ဖုတ်လေတဲ့ငါးပိ ရှိလေတယ်တောင် ထင်သည်မဟုတ်။

အခုတော့ ရုတ်တရက် ဖတ်လိုက်ရတဲ့ သူ့postကို ဒေါမထိန်းနိုင်ဘဲ စရေးကတည်းက အနည်းငယ် ရင့်ရင့်သည်းသည်းရေးလိုက်မိ၏။ ရိုင်းရိုင်းစိုင်းစိုင်း ရေးခြင်းမဟုတ်သော်လည်း အချို့သော စကားလုံးများသည် ဆဲခံရသည်ထက် နာရသည် မဟုတ်ပါလော။ ကျွန်ုပ်ရေးလိုက်မိပြီးမှ စိတ်မကောင်းဖြစ်မိတယ်။

ဒီမှာတင်ပဲ ထိုမိတ်ဆွေနှင့် သဘောခြင်းတူသော၊ ထိုခေါင်းဆောင်ကို ကြည့်မရသူများဟု ယူဆရသူများနှင့် ထိုကိစ္စနှင့် မပါတ်သက်ပါသော်လည်း ကျွန်ုပ်ကလည်း မသိပါဘဲနှင့် နဂိုကတည်းကလည်း ရန်ငြှိုးရန်စ မရှိပါဘဲနှင့် FBပေါ်ရောက်မှ ကျွန်ုပ်ကို အကြောင်းမဲ့ ကြည့်မရဖြစ်ကာ ဆဲချင်ဆိုချင် ရန်လုပ်ချင်နေကြသူများဟူ၍ လူတန်းစားနှစ်ရပ် ထိုပို့စ်အောက်တွင် အသီးသီးထွက်ပေါ်လာကြပါသည်။

ကျွန်ုပ်အနေနှင့် ဒုတိယ လူတန်းစားကို စကားထဲထည့် မပြောလိုပါ။ ပြောချင်တာက ပထမလူတန်းစားပါ။ သူတို့ရဲ့ ထင်မြင်ယူဆချက်၊ ဝေဖန်သုံးသပ်ချက်တွေဟာ အချို့နေရာတွေမှာ လက်ခံနိုင်စရာ ရှိပါတယ်။ သူတို့ထဲမှာလည်း ပညာတတ်တွေ ပါပါတယ်။ လူတော်တွေလို့ ထင်မြင်ယူဆမိပါတယ်။

အဲသည့် လူတွေထဲမှာ မြန်မာပြည်အတွက် တကယ် အနစ်နာခံခဲ့သူတွေ၊ တိုင်းပြည်ကို တကယ်ကောင်းစားစေချင်သူတွေ၊ အတွေးအခေါ် အရည်အချင်းကောင်းရှိသူတွေ ပါနေတာကို ကျွန်ုပ်အနေနဲ့သိနေပါတယ်။ ဒါပေမယ့် အခုချိန်မှာ သူတို့ကို လူအတော်များများက (သူတို့လောက်မှ အနစ်နာမခံခဲ့ဖူးသူတွေကတောင်)  ဘေးထိုင်ဘုပြော လို့ ကင်ပွန်းတပ်ပြီး စကားထဲ ထည့်မပြောတော့ခြင်း၊ ရှောင်ကျဉ်ခြင်း၊ ဝိုင်းရန်တွေ့ခြင်းများကို ပြုလုပ်လေ့ရှိတာကို တွေ့တွေ့နေရပါတယ်။

တကယ်ဆို အခုချိန်မှာ နိုင်ငံကောင်းကျိုးအတွက် ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ ကြိုးစားနေကြသူများကို ဟိုဟာ လိုတယ်၊ဒီဟာ ပိုတယ်။ ဟိုလိုမပြောသင့်ဘူး၊ဒီလို ပြောသင့်တယ်။ ဟိုလို မလုပ်ရဘူး၊ ဒီလိုလုပ်ရတယ်။ ဟိုလူနဲ့ မတွဲနဲ့၊ ဒီလူနဲ့ မခွဲနဲ့။ စတဲ့ သူတို့ရဲ့ တတ်သိနားလည်မှုတွေ၊ပေးဆပ်ရင်းနှီးမှုတွေ၊ အတွေ့အကြုံတွေကို အခုလို အရည်မရ အဖတ်မရ လူအထင်မြင်လွဲခံ၊ အဆဲခံရတာပဲ အဖတ်တင်တဲ့ FBပေါ်မှာတင် မပြီးလိုက်ဘဲနဲ့၊ သူတို့ အဆိုးမြင်ဝေဖန်နေတဲ့ ခေါင်းဆောင်တွေဆီကို ရောက်အောင် တိုက်ရိုက်ကြိုးစားမယ်ဆိုရင် သည့်ထက်ပို အကျိုးရှိမယ် ထင်ပါတယ်။

တိုင်းပြည်ကို တကယ်ချစ်ရင် လူပုဂ္ဂိုလ် ချစ်မှု၊ မုန်းမှုကို ပဓာနမထားဘဲ လူမပေါင်း၊ မူကို ကောင်းသထက်ကောင်းအောင် ကြိုးစားမယ်ဆိုတဲ့ စိတ်နဲ့ စကားလုံးတွေကို လုပ်ရပ်အဖြစ် အသွင်ပြောင်းလိုက်နိုင်ရင် အလွန်ကောင်းပါလိမ့်မယ်။
ကိုယ်ဟာ လူညံ့တယောက်မဟုတ်ဘူးဆိုတာကို အများသိဖို့ ကြိုးစားနေသူတွေကို အဆိုးမြင် ဝေဖန်ပြနေမယ့်အစား အဲသည့် ကြိုးစားနေသူတွေနဲ့ လက်တွဲပြီး သူတို့ကို ကူညီအားပေး ထောက်ပံ့လိုက်တာဟာ ကိုယ့်အတွက်ရော လောကကြီးအတွက်ပါ အကောင်းဆုံး ဖြစ်လိမ့်မယ် ထင်ပါတယ်။

အဆုံးသတ်ပြောရရင်တော့ လောကကြီးကို ကောင်းကျိုးဖြစ်ထွန်းစေတဲ့ အလုပ်တိုင်းဟာ လွယ်ကူချောမွေ့တယ်လို့ မရှိသလောက်ပါပဲ။ သူ့အတိုင်းအတာနဲ့သူတော့ ခက်ကြတာချည်းပါပဲ။ လုံ့လ၊ဝီရိယ စိုက်ထုတ်ကြရတာချည်းပါပဲ။ အဲဒီ့တော့ ကိုယ့်ကို တော်တယ်လို့ လူအထင်ခံရရုံ သက်သက်အတွက်တော့ ကိုယ့်မှာရှိတဲ့ စွမ်းအားတွေ၊ အရည်အသွေးတွေ အားလုံးကို သူတပါးကို တိုက်ခိုက်ဖြိုဖျက်တဲ့ ကိစ္စမှာ ပုံအောသုံးမယ့်အစား တစ်ဦးကိုတစ်ဦး အကောင်းဆုံး အနေအထားရောက်အောင် မြှင့်တင်တဲ့အလုပ်၊ အားပေးကူညီတဲ့ အလုပ်ဘက်မှာ သုံးလိုက်မယ်ဆိုရင် ကျွန်ုပ်တို့ မြန်မာလောကကြီးဟာ ဒီ့ထက်ပို လှပလာနိုင်မယ်လို့ ယုံကြည်ယူဆမိပါတယ်။

နန္ဒာ(ဂျပန်)

ဤစာဖြင့် ကမ္ဘာကျော် ဝေဖန်ရေး စာရေးဆရာကြီး Richard Wolkomir နှင့် မြန်မာစာပေလောကမှာ လူငယ်တွေရဲ့ မီးရှူးတဆောင်အဖြစ် လမ်းပြပေးနေတဲ့ ဆရာဖေမြင့်တို့ကို ပူဇော်ပါ၏။ ဆရာတို့၏ ကျေးဇူး ကြီးပါပေ၏။

0 comments:

Post a Comment