လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြပါစေ။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ။

Friday, July 6, 2012

ဂျက်ကီချန်းဆိုတာ..........

by Ma Nandar on Friday, July 6, 2012 at 11:00pm ·
ဟောင်ကောင်ကျွန်းက စတင်ထွက်ပေါ်လာပြီး ယနေ့ကမ္ဘာမှာ နာမည်ကျော်ကြားလှတဲ့ ရုပ်ရှင်သရုပ်ဆောင် ဂျက်ကီချန်း(Jackie Chan) မြန်မာပြည်ကို ရောက်လာတယ်ဆိုတော့ ဂျက်ကီချန်းနဲ့ ပါတ်သက်ပြီး အတုယူချင်ဖွယ်ရာ ဖတ်ဖူးမှတ်ဖူးတာလေး မိတ်ဆွေများကို အကျဉ်းချုံး ပြီးပြန်လည်ဝေငှလိုက်ပါတယ်။

 ဂျက်ကီချန်းကို ထိုစဉ်က ဗြိတိသျှကိုလိုနီ ပိုင်နယ်ဖြစ်သော ဟောင်ကောင်၊ ဝိတိုရိယတောင်မှာ မွေးဖွားခဲ့တယ်။ ဂျက်ကီချန်းကလေးဘဝက မိဘများက အတော်ကလေး နွမ်းပါးကြတယ်လို့ ဆိုပါတယ်။ ဖခင်ဖြစ်သူက ပြင်သစ်သံရုံးမှာ ထမင်းချက်ဖြစ်ပြီး၊ မိခင်ဖြစ်သူကတော့ အိမ်ဖေါ်လုပ်ရပါတယ်။ ဆင်းရဲလွန်းလို့ သားကလေးကို သူတပါးကို မွေးစားဖို့ပင် ကြံစည်ခဲ့ဖူးပါသတဲ့။ ဂျက်ကီချန်းရဲ့ nicknamကတော့ Paopao တဲ့။ အဓိပ္ပာယ်ကတော့ " အင်အားပြည့်ဖြိုး၍ လိမ့်နေသော ကလေးငယ်"..လို့ ဆိုရမလားပဲ။

ဒီလိုနဲ့ ဂျက်ကီချန်း အသက်(၇)နှစ်အရွယ် ကလေးဘဝမှာတင်ပဲ စည်းကမ်းတင်းကျပ် ပြင်းထန်လွန်းသည်ဟု နာမည်ကြီးတဲ့ တရုတ်အော်ပရာကျောင်းကို ပို့လိုက်ပြီး အဲသည့်မှာ (၁၀)နှစ်ကြာအောင် အဆို၊အကနဲ့ ကိုယ်ခံပညာရပ်တွေကို ပင်ပန်းကြီးစွာ သင်ယူခဲ့ရတယ်လို့ ဆိုပါတယ်။ မနက်(၅)နာရီကနေ ညသန်းခေါင်ယံအထိ လုပ်ရတဲ့ လေ့ကျင့်ခန်းတွေက ကြမ်းတမ်းပြင်းထန်ရုံမကဘဲ ခိုင်းတိုင်း မလုပ်ရင် ရိုက်နှက်တာတွေ၊ ထမင်းမကျွေးဘဲထားတာမျိုးတွေလည်း ခံရတယ်လို့ ဆိုပါတယ်။


ဒါပေမယ့် ဘဝနာခဲ့ရတဲ့ ဂျက်ကီချန်းတယောက်ကတော့ ဘယ်လောက်ပဲ ပြင်းထန်ခက်ခဲပြီး ပင်ပန်းပါစေ ကြိုးစားပမ်းစား သင်ယူခဲ့တာကြောင့် သရုပ်ဆောင် အတတ်ရော၊ ကိုယ်ခံပညာ အတတ်ပါ ကျွမ်းကျင်ခဲ့သူဖြစ်လာခဲ့ပါတယ်။ ဒီပညာနဲ့ပဲ အစောပိုင်းတုန်းကတော့ ဟောင်ကောင် အက်ရှင်ကားတွေမှာ မင်းသားနေရာမှာ အစားထိုး သတ်ပုတ်ပေးရတဲ့ စတန့်သမားအဖြစ်ရပ်တည်ခဲ့ပါတယ်။

ဒါပေမယ့် သူက လက်ရှိအနေအထားနဲ့ ကျေနပ်နေသူ မဟုတ်ဘူး။ မိမိတိုးတက်ရာ တိုးတက်ကြောင်းကို အမြဲရှာဖွေနေသူ တယောက်ဖြစ်လေတော့ စတန့်သမားကတဆင့် စတန့်ပြကွက်များကို ညှိနှိုင်းစီစဉ်သူဖြစ်အောင်ကြိုးစားခဲ့တယ်။ သည့်နောက်မှာတော့ ရုပ်ရှင်ဒါရိုက်တာတယောက်ဖြစ်လာခဲ့တယ်။

အဲသည့်ခေတ်ကာလအတွင်းမှာပဲ ဂျက်ကီချန်းရှေ့မှာ အကြီးအကျယ် နာမည်ကျော်ကြားနေတဲ့ ရုပ်ရှင်မင်းသား ဘရုစ်လီ(Bruce Lee) ကွယ်လွန်သွားခဲ့တယ်။ ဘရုစ်လီ မရှိတော့တဲ့အခါ ဟောင်ကောင်က ဝီလျှံချန်း ဆိုသူ ရုပ်ရှင် ထုတ်လုပ်သူတဦးက ဂျက်ကီချန်းကို  New Fist of Fury( ဒေါသလက်သီးအသစ်)လို့ အဓိပ္ပာယ်ရတဲ့ ဇာတ်ကားနဲ့ ပထာမဦးဆုံး ဘရုစ်လီနေရာမှာ အစားထိုးဖို့ရိုက်ကူးခဲ့တယ်။

ဂျက်ကီချန်းကိုယ်တိုင်လည်း မျှော်လင့်ချက်ကြီးစွာနဲ့ ဒုတိယဘရုစ်လီဖြစ်ဖို့အတွက် အစွမ်းကုန် ကြိုးစားခဲ့တယ်။ တကယ်တမ်း ရုံတင်လိုက်တော့  အဲသည့်ဇာတ်ကားဟာ မအောင်မြင်ခဲ့ဘူး။ ဘရုစ်လီက ဘရုစ်လီ၊ ဂျက်ကီက ဂျက်ကီ ဖြစ်နေတယ်။ ဂျက်ကီချန်းဟာ ဘရုစ်လီရဲ့ ကိုယ်ခံပညာ၊ ကစားနည်း ကစားဟန်တွေနဲ့ အသားတကျမရှိဘူးဖြစ်နေခဲ့တယ်။ ဒါပေမယ့် ဂျက်ကီချန်းကတော့ စိတ်ဓါတ်ကျမသွားခဲ့ဘူး။

"မလွယ်ဘူးဗျာ၊ လုံးဝမလွယ်ဘူး၊ ဘရုစ်လီဖြစ်အောင် ကြိုးစားမနေတော့ဘဲ ကိုယ့်ပုံစံနဲ့ကိုယ်ဖြစ်အောင် လုပ်မယ်လို့ပဲ ဆုံးဖြတ်လိုက်တယ်" လို့ အင်တာဗျူးတခုမှာ ဂျက်ကီချန်းကပြောဖူးပါတယ်။

ဖြစ်မလာခြင်း၊ မအောင်မြင်ခြင်းကို စိတ်ပျက်အားလျော့ခြင်းမရှိဘဲ တနည်းမဟန် တနည်းကြံတတ်ခြင်းတို့ကြောင့် ဂျက်ကီချန်းဟာ သူ့စရိုက် သူ့စွမ်းရည်များကို တစ်မျိုးတဖုံ အားထုတ်လိုက်တဲ့အခါမှာတော့ ဟောင်ကောင် ရုပ်ရှင်လောကမှာ ပြိုင်ဘက်ကင်း သရုပ်ဆောင် ဖြစ်လာရုံမကဘဲ၊ အမေရိကန် ဟောလိဝုဒ် ရုပ်ရှင်လောကကပါ ဒေါ်လာသန်းပေါင်းများစွာ ပေး၍ရိုက်ကူးနေရတဲ့ ကမ္ဘာကျော်သရုပ်ဆောင်တယောက် ဖြစ်လာခဲ့တယ်။

ပြောချင်တာကတော့ ယနေ့မြန်မာပြည်မှာ ရောက်ရှိနေတဲ့ ဂျက်ကီချန်းရဲ့ ခန္ဓာကိုယ်ကြီးနဲ့ ဓါတ်ပုံတွဲရိုက်ရုံအဖြစ်သာ သူ့ကိုအသိအမှတ်ပြုတာမဟုတ်ဘဲ သူ့စိတ်ဓါတ်၊ သူ့အခက်အခဲတွေကိုပါ သိရှိနားလည်ပြီး သူ့လို မဆုတ်မနစ် ကြိုးစားစေချင်ပါတယ်။ လူဆိုတာ တနေရာမှာ မစွမ်းပေမယ့် တနေရာမှာ စွမ်းနိုင်ပါတယ်။ ဘယ်နေရာမှ သုံးလို့မရဘူးဆိုတဲ့လူ မရှိပါဘူး။

ရုန်းကန်လှုပ်ရှားခြင်းမှ စွမ်းပကားဖြစ်ပေါ်၏။
အဲသည့် စွမ်းပကားဖြင့် အခက်အခဲ အတားအဆီးများကို ကျော်လွှားနိုင်၏။
အခက်အခဲတွေကို ရင်ဆိုင်လှုပ်ရှားရင်း ပို၍ပို၍ ကြီးမားသော စွမ်းရည် သတ္တိများဖြစ်ပေါ်လာကာ မြင့်မြင့်မားမား ထူးခြားအောင်မြင်သူများ ဖြစ်လာရ၏။

ကျောက်တုံးကျောက်ခဲလေးများဟာ မြစ်ရိုးချောင်းရိုးတလျှောက် ရေစီးအတိုင်း လိမ့်ပါမြောရင်း မြစ်ထဲရှိ၊ မြစ်ကမ်းရှိ ကျောက်ဆောင်ကျောက်တုံးကြီးနဲ့ ပွတ်တိုက်မိ၍ တဖြေးဖြေး ချောမွတ်လုံးပြောင် လာသကဲ့သို့
လူသားတို့၏ ဘဝသည်လည်း ဒုက္ခဟူသော ကျောက်ဆောင် ကျောက်တုံးများနှင့် ကြိမ်ဖန်များစွာ ထိတွေ့ ပွတ်တိုက်ခံရဖန် များလာသောအခါ ကိုယ်ရည်ကိုယ်သွေးများ တိုးတက်၍ အရည်အချင်းရှိစွာ တောက်ပသူများ ဖြစ်လာတတ်ကြသည်ဟု ကျွန်ုပ်ခံယူမိပါသည်။

လေးစားစွာဖြင့်
နန္ဒာ(ဂျပန်)

0 comments:

Post a Comment