ဂျပန်ကို ပြည်ဝင်ခွင့်ဗီဇာ အမျိုးမျိုးနဲ့ လာကြနေတဲ့အထဲမှာ Work
Visaကတော့ ဈေးနဲနဲများတယ် ဆိုရမယ်။ ဈေးများရခြင်း အကြောင်းရင်းက
ပုံမှန်အတိုင်းဆို Work Visaနဲ့ လာတဲ့တယောက်ဟာ
ဂျပန်ရောက်ရောက်ခြင်းမှာပဲ ၁နှစ်ဗီဇာရပါတယ်။ Work Visa နဲ့လာတဲ့သူဟာ
ကိုယ်လာခဲ့တဲ့ သက်ဆိုင်ရာ ကုမ္မဏီမှာပဲ အလုပ်လုပ်ခွင့်ရှိပါတယ်။
သတ်မှတ်ခွင့်ပြုထားတဲ့
companyမှာပဲ အလုပ်လုပ်နေတာကို ဂျပန်လ.ဝ.က ကို
တင်ပြနိုင်တယ်ဆိုရင်တော့ နောက်ထပ်တစ်နှစ်စီ တနှစ်စီ
ဗီဇာသက်တမ်းတိုးခွင့်ရပါတယ်။ Work Visaရဲ့ ပေါက်ဈေးကတော့ မြန်မာငွေကျပ်
သိန်း(၁၅၀)နဲ့သိန်း(၁၇၀)ကြားမှာ ရှိပါတယ်။ အချို့ဆို သိန်း၂၀၀လောက်
ကျသွားတယ်လို့လည်း သိရပါတယ်။
Work Visaရဲ့ သာမန်
သဘောသဘာဝက ဂျပန်မှာရှိတဲ့ ကုမ္မဏီတခုခုမှာ အလုပ်လုပ်ကိုင်ဖို့အတွက်
ရရှိတဲ့နေထိုင်ခွင့် ဗီဇာပဲဆိုပါတော့။ ဂျပန်ကကုမ္မဏီတစ်ခုခုနဲ့
အဆက်အသွယ် ရှိထားတဲ့ မြန်မာပြည်မှာရှိတဲ့ ကုမ္မဏီ(သို့) (agency)
တခုခုကနေ လူတယောက်ကို ဗမာငွေ သိန်း(၁၇၀)လောက် လက်ခံပြီး ဂျပန်မှာရှိတဲ့
သက်ဆိုင်ရာ ကုမ္မဏီမှာ အလုပ်လုပ်ပါမယ်ဆိုတဲ့ သဘောမျိုးနဲ့ ဂျပန်ကို
လွှတ်လိုက်ခြင်းကိုWork Visaနဲ့ ဂျပန်သွားတယ်လို့ ပြောလို့ရပါတယ်။
ဒါပေမယ့်
တကယ်တမ်း အဲလိုနည်းနဲ့ ဂျပန်သွားသူနဲ့ Work Visaနဲ့ဂျပန်ကို ပို့ပေးသူ
နှစ်ဦးနှစ်ဖက်ကြားမှာ နားလည်မှု လုပ်ထားတဲ့ ကိစ္စတွေရှိနေပါတယ်။
ကုမ္မဏီတခုခုနဲ့တခု လုပ်ထုံးလုပ်နည်းခြင်း မတူဘူးဆိုပေမယ့်
(၈၀)ရာခိုင်နှုန်းသောWork Visaနဲ့ ဂျပန်ကို လာကြသူတွေ
သိရှားနားလည်ထားကြတာတွေကတော့….
ဂျပန်ကို Work
Visaနဲ့လာသူတယောက်ဟာ သူလာခဲ့တဲ့ Work Visaနဲ့ပါတ်သက်တဲ့ ကုမ္မဏီမှာ
အလုပ်မရနိုင်ဘူးဆိုတာကို သိနေသလို၊ သူ့အစီအစဉ်နဲ့သူ အဆင်ပြေသလို
အလုပ်မယ်ဆိုတာရယ်၊ ဂျပန်ရောက်ပြီး ၁နှစ်အကြာ ဂျပန်လ.ဝ.ကမှာ
သက်တမ်းတိုးတဲ့အခါ ကိုယ်လာခဲ့တဲ့ work visa နဲ့သက်ဆိုင်တဲ့ အလုပ်မှာ
လုပ်နေပါတယ်ဆိုပြီး ကုမ္မဏီက ဂျပန်လ.၀.ကမှာ လိမ်ပေးထားတဲ့အတွက် လိမ်ခ
ဂျပန်ယန်းငွေ သောင်း၃၀(အချို့လည်း သောင်း၂၀)ဗမာငွေ သိန်း(၃၀)
သိန်း(၂၀)ပေးကို ပေးရမယ်ဆိုတာကိုလည်း ဂျပန်မရောက်ခင်ကတည်းက
ကြိုတင်နားလည် သဘောတူထားကြရလေ့ရှိပါတယ်။
ဂျပန်မရောက်ဖူးသူ
အတော်များများဟာ ဂျပန်ရောက်တာနဲ့ အလုပ်တန်းရပြီး တလကို
ဗမာငွေသိန်း(၂၀)သိန်း(၃၀)လောက် လစဉ်ပုံမှန်ရနေမယ်လို့ အထင်များ၊၊
တချို့သောဂျပန်ပြန်များရဲ့ ရပ်ကွက်ထဲမှာ ကိုယ့်ကိုလူအများ အထင်ကြီးစေရန်
ပြောလေ့ရှိသော ပိုပိုသာသာ အပြောများရဲ့ အကြားများ၊ agency ရဲ့
ဟိုရောက်ရင် အားလုံးပဲ အဆင်ပြေသွားတော့မယောင်ယောင် အပြောများကြောင့်
တနှစ်ကို ဗီဇာသက်တမ်းတိုးခ ဂျပန်ယန်းငွေ သောင်း(၂၀)သို့(၃၀)၊ ဗမာငွေ
ကျပ်သိန်း(၂၀)သို့(၃၀)လောက်ကို ပေးမယ်လို့ အလွယ်တကူပဲ
သဘောတူလေ့ရှိကြပါတယ်။
တကယ်တမ်း အထက်က ပြောခဲ့သလို work
visaကို ပိုက်ဆံပေးဝယ်ပြီး ဂျပန်ရောက်လာတဲ့ အခါမှာတော့ work visaနဲ့
လာတဲ့ အလုပ်သမားတယောက်ဟာ တရားဝင် သတ်မှတ်ထားတဲ့ ကုမ္မဏီက ချပေးတဲ့
အလုပ်ကလွဲလို့ တခြားအလုပ် လုပ်ခွင့်မရှိပါဘူး။ မသိအောင်
ခိုးလုပ်လို့ မိသွားရင် ဗီဇာပြုတ်ပါမယ်။ ပြန်ပို့ခံရပါမယ်။ မိမိကို
work visa နဲ့ ပို့လိုက်တဲ့ သက်ဆိုင်ရာ ကုမ္မဏီကိုလည်း အရေးယူပါတယ်။
ဒီလို ကိစ္စတွေကို နားလည်ထားတဲ့ work visaရောင်းစားသူများဟာ
သူတို့ကုမ္မဏီ အထိခိုက်မခံရအောင်လို့ မြန်မာပြည်မှာကတည်းက
ကြိုတင်ပြင်ဆင်မှုတွေကို အခုလို ပြုလုပ်ထားလေ့ရှိပါတယ်။
ဂျပန်မှာက
ကုမ္မဏီဝန်ထမ်းတွေကို လစာပေးတဲ့အခါမှာ လစဉ်လစာရရှိကြောင်းကို
အချို့ကုမ္မဏီတွေက ဝန်ထမ်းကို လက်မှတ်ထိုးခိုင်းပါတယ်။
လက်မှတ်ထိုးတဲ့နေရာမှာ ဂျပန်လို (inkan.印鑑) (hanko. 判子) လို့ခေါ်တဲ့
မိမိလက်မှတ်နာမည် အတိုကောက် အမှတ်အသား တံဆိပ်တုံးကို
အသုံးပြုလေ့ရှိပါတယ်။ အရွယ်ရောက်ပြီးသား ဂျပန်လူမျိုးတိုင်းလိုလိုမှာ
မိမိကိုယ်ပိုင် လက်မှတ်တုံးလေးတွေ ပိုင်ဆိုင်ထားကြပါတယ်။ဂျပန်ရဲ့
ရုံးကိစ္စတွေမှာ လက်မှတ်ထိုးတိုင်း အဲသည့် ဂျပန်နာမည်နဲ့
တံဆိပ်တုံးလေးကိုပဲ တုံးထုကြပါတယ်။ လက်နဲ့ စာရွက်မှာ ရေးခြစ်ပြီး
လက်မှတ်ထိုးလည်း ဘေးကနေ တံဆိပ်တုံးက မပါမဖြစ် ထုကြရပါတယ်။
work
visaလုပ်ပေးတဲ့ အချို့ကုမ္မဏီတွေဟာ သူတို့ကုမ္မဏီနာမည်နဲ့ ဂျပန်သွားမယ့်
လူတွေဆီက အလုပ်အပ်လိုက်ပြီဆိုကတည်းက အဲသည့်ဂျပန်သွားမယ့်လူရဲ့
နာမည်အတိုကောက်နဲ့ တံဆိပ်တုံး၂တုံး လုပ်လိုက်ပါတယ်။ တတုံးကို
ဂျပန်သွားမယ့်လူကို ပေးပြီး တတုံးကို သူတို့ယူထားပါတယ်။
သူတို့ကုမ္မဏီနဲ့ လုပ်တဲ့ ဂျပန်သွားဖို့သက်ဆိုင်တဲ့ သဘောတူညီချက်
စာရွက်စာတမ်းတွေမှာလည်း လက်မှတ်ထိုးဖို့ လိုတဲ့အခါတိုင်း
အဲသည့်တုံးကို အသုံးပြုခိုင်းထားပါတယ်။
ဂျပန်သွားချင်တဲ့
လူကတော့ ဘုမသိဘမသိနဲ့ ကိုယ့်နာမည်လေးကို တုံးနဲ့ဘာနဲ့ မြင်ရလို့
အမြင်သစ်ဖြစ်နေတာကတမျိုး၊ ဂျပန်မှာဆို ဒီလိုပဲ သုံးလေ့ရှိတယ်ဆိုတော့
ကိုယ်ကပဲ ဂျပန်နဲ့ အတော်နီးစပ်နေသလိုလို ဘဝင်ခိုက်စရာလေးဖြစ်နေတော့
ကျေကျေနပ်နပ်ကြီးပဲ တုံးထုလိုက် လက်မှတ်ထိုးလိုက် လုပ်လေ့ရှိကြပါတယ်။
ဒါက
ဘယ်နေရာ ဘယ်လို အချိန်မှာ သွားထိရောက်လဲဆိုတော့ အကယ်၍ သင်ဟာ
ဂျပန်ရောက်လာပြီး သင်လုပ်ခွင့်မရှိတဲ့ သင်လာခဲ့ ကုမ္မဏီနဲ့ ဘာမှ
မဆိုင်တဲ့ အလုပ်တခုခုကို လုပ်နေလို့ ရဲက ဖမ်းမိသွားပြီဆိုပါတော့။
ရဲက လ.၀.က ကိုပို့ပြီး သက်ဆိုင်ရာကို စုံစမ်းတဲ့အခါ သင်လာခဲ့တဲ့
ကုမ္မဏီဆီလည်း သင့်အကြောင်းကို သတင်းပို့ပါလိမ့်မယ်။ တဆက်တည်းမှာလည်း
ကုမ္မဏီကိုလည်း ကိုယ့်ကုမ္မဏီမှာ ကိုယ်မလုပ်ခိုင်းဘဲ တခြားကို
လုပ်နေတာကို ခွင့်ပြုရမလားဆိုပြီး အရေးယူပါလိမ့်မယ်။
ဒီလိုအချိန်မျိုးမှာ
ကုမ္မဏီက သင်ဟာ သူတို့ဆီမှာလည်း အလုပ်လုပ်နေပြီးတော့ လစဉ်ပုံမှန်
ထုတ်ယူနေကြောင်းကို သူတို့ဆီမှာ ရှိနေတဲ့ သင်လက်မှတ်တံဆိပ်တုံးနဲ့ ထုထားတဲ့
လခဖြတ်ပိုင်း တွေကို ဂျပန် လ.ဝ.က ကို ပြခြင်းဖြင့် သင်အလုပ်ခိုးလုပ်တာဟာ
သူတို့နဲ့ မသက်ဆိုင်ကြောင်း သင့်သဘောနဲ့သင် သူတို့မသိအောင် တခြားအလုပ်
ခိုးလုပ်တာပါဆိုတဲ့ သဘောမျိုးဖြစ်သွားပါလိမ့်မယ်။ ဂျပန်ဆိုတာကလည်း
ဂျပန်ကုမ္မဏီနဲ့ နိုင်ငံခြားသား အလုပ်သမားတယောက်နဲ့ ယှဉ်လာရင်
တော်ရုံတန်ရုံ အထောက်အထားပြလိုက်တာနဲ့
ကိစ္စရပ်တွေအားလုံးကနိုင်ငံခြားသား အလုပ်သမားဆီမှာပဲ ပုံတော့တာက
များပါတယ်။
ဒါကြောင့်မို့ ဂျပန်ကို work visaနဲ့ လာခဲ့တဲ့
မြန်မာနိုင်ငံသားအတော်များများရဲ့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဖြစ်ရတဲ့
အဖြစ်သနစ်တွေဟာ မေးလေစုံလေမို့  ရေးလို့ကုန်မယ်မထင်ပါဘူး။
“ရေးစမ်းပါ အမရယ်။ ရေးလိုက်စမ်းပါ။”
“ကျမလိုမျိုး နောက်ထပ်လူတွေ မခံရအောင် ကျမ ပြောပြပါ့မယ်”
ဆိုတဲ့
ဝမ်းနည်းသံတဝက်၊ အံကျိတ်သံတဝက်နဲ့ သူရဲ့ ကိုယ်တွေ့ဖြစ်ရပ်ကို
ကျွန်ုပ်ကိုပြောပြတဲ့ ကုမ္ပဏီရဲ့ ချုပ်ကိုင်ခြင်းခံခဲ့ရတဲ့၊ ဂျပန်ကို work
visaနဲ့ လာခဲ့တဲ့ ခင်မင်ရသူ ညီမတယောက်ရဲ့ ကိုယ်တွေ့ဖြစ်ရပ်လေးကို
ရေးပြပါဦးမယ်။
ဆက်ရေးပါဦးမည်။
နန္ဒာ(ဂျပန်)
Melbourne near me Trusted Removalist
3 months ago
0 comments:
Post a Comment