ဂျပန်ကို Training Visaနဲ့လာရပုံနဲ့ ရောက်ရင် အလုပ်လုပ်ရပုံတွေကို
အထက်ကစာတွေမှာ အကျဉ်းခြုံးပြီး ဖေါ်ပြခဲ့ပြီးပါပြီ။ ဒီတခါတော့ ဂျပန်ကို
ကျောင်းသားဗီဇာ(ခေါ်) Student Visaနဲ့ လာရောက်ကြပုံ၊ အလုပ်
လုပ်ကိုင်ပုံတွေကို ရေးပါမယ်။
ဂျပန်ကို ကျောင်းသားဗီဇာနဲ့လာမယ်ဆိုရင် တချို့က ဂျပန်မှာရှိတဲ့
ကိုယ့်မိဘဆွေမျိုး၊ မိတ်ဆွေအပေါင်းအသင်းတယောက်ယောက်က ဂျပန်မှာရှိတဲ့
ဂျပန်ဘာသာသင်ကျောင်းတခုခုမှာ ကိုယ့်ရဲ့ လိုအပ်တဲ့ အချက်အလက်
စာရွက်စာတမ်းတွေယူပြီး ကျောင်းအပ်ပေးကြတယ်။
ဂျပန်က ကျောင်းက ကိုယ့်ကိုလက်ခံလိုက်ရင် လာလို့ရပြီးပေါ့။
အဲသည်လို ဂျပန်ကျောင်းကလက်ခံဖို့ဆိုတာ ကျောင်းအလိုက်
သတ်မှတ်ပြဌာန်းချက်တွေရှိတယ်။ တကျောင်းနဲ့တကျောင်းလုံးဝ ဆင်တူကြီး
မဟုတ်ကြပေမယ့် ယေဘုယျအားဖြင့်တော့ တူပါတယ်။ ဥပမာ( သူတို့ကျောင်းမှာ
ကျောင်းတက်မယ့်သူဟာ အနိမ့်ဆုံး (၁၀)တန်းအောင်ရမယ်၊ အနိမ့်ဆုံး တက္ကသိုလ်
ပထမနှစ်(သို့)ဒုတိယနှစ် တက်နေသူဖြစ်ရမယ်၊ ကျောင်းလခ (၆) လခစာ(သို့) တနှစ်စာ
ကြိုသွင်းရမယ်) စတဲ့ ယေဘုယျအချက်တွေကတော့ တူကြပါတယ်။
ဒါပေမယ့် မြန်မာကျောင်းသားတွေဟာ ကျောင်းတက်ပြီး သိပ်မကြာခင်မှာပဲ
ထွက်ပြေးကြလို့ အခုနောက်ပိုင်း အဲဒီ့လို တဦးချင်းအနေနဲ့ ဂျပန်ကနေ
ကျောင်းတင်ပေးတာ သိပ်အဆင်မပြေကြတော့ပါဘူး။ ကျောင်းတွေက မြန်မာဆိုရင်
လက်မခံချင်ကြတော့ဘူး။ တရုတ်ဆိုရင်လည်း လက်မခံကြဘူးလို့ သိရပါတယ်။
မြန်မာပြည်ကနေ ဂျပန်ကို ကျောင်းသားဗီဇာနဲ့လာကြလေ့၇ှိတဲ့
နောက်ထပ်တနည်းကတော့
ဂျပန်မှာရှိတဲ့ ဂျပန်ဘာသာသင်ကျောင်းရဲ့ ကျောင်းခွဲအဖြစ်
မြန်မာပြည်မှာ ဂျပန်စာသင်တန်း ကျောင်းခွဲတခုဖွင့်လှစ်လိုက်ပြီး
အဲသည့်ကျောင်းခွဲကနေ အစအဆုံးတာဝန်ယူပြီး ဂျပန်က သူတို့ရဲ့ စာသင်ကျောင်းကို
ပို့ပေးတဲ့ နည်းပဲဖြစ်ပါတယ်။
မြန်မာပြည်မှာရှိတဲ့ အဲဒီလို ဂျပန်စာသင်တန်းကျောင်းတွေမှာ
ရိုးရိုးတန်းတန်း ဂျပန်စာသင်ချင်လို့ သင်တန်းတက်လို့ရသလို၊ ဂျပန်ကို
သွားချင်ရင်လည်း သူတို့နဲ့ ဆွေးနွေးလို့ရပါတယ်။ ဈေးနှုန်းနဲ့
စည်းကမ်းသတ်မှတ်ချက်တွေကတော့ တကျောင်းနဲ့တကျောင်း မတူကြပါဘူး။
ကုန်ကျစားရိတ်ကတော့ ယေဘုယျအားဖြင့် သိန်း တရာကျော်လောက်
ကုန်ကြတယ်လို့သိရပါတယ်။
ကျွန်ုပ်သိသလောက် အဲသည့်လို ဂျပန်ကို ကျောင်းသားဗီဇာနဲ့
ကျောင်းသားလက်ခံပို့ပေးနေတဲ့ မြန်မာပြည်ရှိ
ဂျပန်စာသင်တန်းကျောင်းခွဲများကတော့ Win Japanese Language School<
(http://www.winjapan.com/index.htm ) , Fuji Japanese Language Centre
(http://www.fujijlcmyanmar.com/) ၊MOMIJI JAPANESE LANGUAGE CENTER
(http://www.tokyo-galaxy.net/school/en_overseasoffices.html)၊ SAKARA
Japanese Language Center ၊ LOGO Japanese Language School စသဖြင့်
ရန်ကုန်မြို့မှာ ရှိတယ်လို့သိရပါတယ်။(မှတ်ချက်။ အထက်ဖေါ်ပြပါ
မြန်မာပြည်တွင်းရှိ ဂျပန်စာသင်ကျောင်းများမှာ ကျွန်ုပ်နှင့်မည်သို့မျှ
ပါတ်သက်ခြင်း မရှိပါ။ စိတ်ဝင်စားသူများ စုံစမ်းနိုင်ရင် လေ့လာစုံစမ်းပြီး
ဖေါ်ပြခြင်း သက်သက်သာဖြစ်ပါသည်။)
ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် ဂျပန်ကို ကျောင်းသားဗီဇာနဲ့ ရောက်လာပြီဆိုရင်
ထုံးစံအတိုင်းကတော့ ကျောင်းတက်ရပါတယ်။ ကျောင်းချိန်မှန်မှလည်း
ဗီဇာသက်တမ်းတိုးလို့ ရမှာဖြစ်ပါတယ်။ ကျောင်းချိန်တွေကတော့ ယေဘုယျအားဖြင့်
မနက်(၉)နာရီကနေ နေ့လည် (၃)နာရီအထိရှိတတ်ပါတယ်။ တချို့ကျောင်းတွေကျတော့လည်း
မနက်(၉)နာရီကနေ နေ့လည် (၁)နာရီလောက်ပဲရှိတာလည်း ရှိပါတယ်။ တပါတ်မှာ
တနင်္လာကနေ သောကြာနေ့အထိ (၅)ရက် တက်ရလေ့ရှိပါတယ်။ ကျောင်းသက်တမ်းကတော့
၁နှစ်ခွဲနဲ့ ၂နှစ်လောက်ရှိတတ်ပါတယ်။
ဒါကြောင့် ကျောင်းသားတွေဟာ အလုပ်လုပ်မယ်ဆို weekdayမှာ ညနေပိုင်းပဲ
လုပ်ကြရပြီး၊ စနေ၊ တနင်္ဂနွေတွေမှာတော့ တနေ့လုံးနီးပါး လုပ်ကြရပါတယ်။
အချို့ကတော့လည်း ညသန်းခေါင်(၁၁)နာရီ (၁၂)နာရီလောက်ကနေ မနက်(၅)နာရီ
(၆)နာရီလောက်အထိ သူများတွေ အိပ်ကောင်းနေတဲ့အချိန်မှာ အလုပ်လုပ်ကြရပါတယ်။
တကယ်တမ်း ဂျပန်စာကိုပါ ကြိုးစားသင်ယူတဲ့ ကျောင်းသားတွေဟာ
သိပ်ပင်ပန်းကြပါတယ်။ တနေ့တနေ့ သင်လိုက်တဲ့ စာတွေက မနည်းဘူး။ ကျွန်ုပ်တို့
မြန်မာတွေနဲ့ လားလားမှ မဆိုင်ခဲ့ဖူးတဲ့ ဗူးသီးငပေါင်းကြော်လို့
ခေါ်လေ့ရှိကြတဲ့ ဂျပန်စာ(ခန်းဂျိ)အိမ်စာတွေဟာ အဆိုးရွားဆုံးပေါ့။
ကျက်လိုက်မေ့လိုက်၊ ရေးလိုက်မေ့လိုက်ပါဘဲ။ အတန်းထဲမှာက
နေ့တိုင်းအိမ်စာပေးလေ့ရှိပါတယ်။
မြန်မာလူမျိုးကျောင်းသားတွေဟာ ကျောင်းတဖက်၊ အလုပ်တဖက်နဲ့
ပင်ပန်းရတဲ့အပြင် ဝင်ငွေကျပြန်တော့လည်း အချိန်ပြည့်အလုပ် လုပ်သူတွေလောက်
မဝင်တာမို့ ကျောင်းတက်ချိန်(၂)နှစ်လောက်မှာတော့ မစုမိကြပါဘူး။
ကျောင်းပြီးသွားလို့ တခြား တနည်းနည်းနဲ့ ဗီဇာသက်တမ်းလည်း မတိုးနိုင်၊
တက္ကသိုလ်လည်း ဆက်မသွားနိုင်ဆိုရင် over stayဖြစ်ကုန်ကြရတော့တာပါပဲ။
ဒီတော့လည်း ကျီးလန့်စာစားနဲ့ ဒုက္ခရောက်ကြရပြန်တယ်။ ကျောင်းသားဆိုတာ ဒီမှာ
မိဘဆွေမျိုးမရှိဘဲ တယောက်တည်းရပ်တည်မယ်ဆိုရင် သူများထက် ၂ဆလောက်
ကြိုးစားနိုင်မှ၊ ဇွဲရှိပါမှ ရေရည်မှာ အကျိုးအမြတ်အသီးအပွင့်ကို
ခံစားရမှာပါ။
ကျိန်းသေတာကတော့ ဂျပန်မှာ ကျောင်းသွားတက်တယ်ဆိုတာဟာ မြန်မာပြည်မှာ
တက္ကသိုလ်တက်သလို အချိန်တွေ ပေါများမနေတာတော့ အမှန်ပါပဲ။ မိုးလင်းလို့
နှိုးစက်မြည်သံကို ကြားရပြီးနောက်ပိုင်းကစလို့ ပြေးရလွှားရ၊ ဘူတာမှာ
ရထားစောင့်ရင်း ပေါင်မုန့်ကို ကော်ဖီနဲ့ ကမန်းကတမ်း မျှောချရ၊
ရထားပေါ်ရောက်တော့ လူချောင်ရင် ရတဲ့အချိန်လေးမှာ ကမန်းကတမ်း on line တက်၊
နှုတ်ဆက်ချင်သူတွေကိုနှုတ်ဆက်၊ ကျောင်းရောက်တော့ အိပ်ချင်မူးတူး
အူကြောင်နဲ့ စာတွေကို ဖတ်ရမှတ်ရ၊ ကျောင်းဆင်းတာနဲ့ အလုပ်တန်းပြေး၊
အလုပ်ခွင်ထဲရောက်တော့ ဆေးရကြောရ၊ အော်ရယ်ဟစ်ရယ်နဲ့ စားပွဲထိုးရ၊
အလုပ်သမားအချင်းချင်း တိုက်ကြရ ခိုက်ကြရ၊ အပြန်ကြတော့ နောက်ဆုံးရထားအမီကို
အပြေးအလွှားတိုးဝှေ့စီးပြီး ပြန်ကြရတယ်။
အိမ်ပြန်ရောက်တော့လည်း ကိုယ့်မိဘဆွေမျိုးအိမ်ဆို တော်သေးရဲ့၊
သူစိမ်းတွေချည်းစုနေတဲ့အိမ်ဆို လူတကိုယ် ပုံစံတမျိုးမို့ ကြိုက်တာရော
မကြိုက်တာတွေရော သည်းခံပြီးနေကြရတယ်။ ကိုယ်အိပ်ချိန်ကျမှ သူက အလုပ်သွားဖို့
ပြင်ဆင်သူလည်းရှိမယ်၊ ထမင်းစားဖို့ ချက်ပြုတ်သူလည်းရှိမယ်၊ ရည်းစားနဲ့
အချိန်အကြာကြီး အားမနာတမ်း ဘေးနားလာကပ်ပြီး စကားပြောနေသူလည်းရှိမယ်။
အရက်သောက်ပြီးရစ်ချင်သူလည်းရှိမယ်။ ဟာသကားကြည့်ပြီး အော်ရယ်သူလည်းရှိမယ်။
အိမ်ပြန်ရောက်လို့ အမောပြေရသူရှိသလို၊ အိမ်ပြန်ရောက်မှ
အမောဆို့ရသူတွေလည်းရှိတယ်။
ဒီလိုနဲ့ပဲ အခန်းကျဉ်းကျဉ်း နေရာကုပ်ကုပ်လေးကြားမှာ ကျိတ်မှိတ်ထိုးအိပ်၊
နောက်နေ့မနက် မိုးလင်းနှိုးစက်သံကြားရပြန်ရင် စက်ရုပ်တရုပ်လို
ကိုယ့်ကိုကိုယ်မပိုင်တဲ့ ဘဝတွေကို ဖြတ်သန်းရင်း
ရည်မှန်းချက်ပန်းတိုင်ကိုရောက်အောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့
ကြိုးစားနေကြရတဲ့ ဂျပန်က မြန်မာကျောင်းသားတွေရဲ့ ဘဝပါ။ လွယ်လွယ်လေးနဲ့ ရတဲ့
ပိုက်ဆံတွေ၊ ပညာတွေတော့ မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။
ဂျပန်ကိုလာပြီး စီးပွားရှာတဲ့နောက်တနည်းကတော့ Work Visa နဲ့
လာခြင်းဖြစ်ပါတယ်။ အခုတလောလည်း ဂျပန်က မြန်မာလောကမှာ အတော်ကလေး
ဂယက်ရိုက်သွားတဲ့ Visa အမျိုးအစားတခု ဆိုပါတော့။
ဆက်ရေးပါဦးမည်။
နန္ဒာ(ဂျပန်)
Melbourne near me Trusted Removalist
6 months ago

0 comments:
Post a Comment