လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြပါစေ။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ။

Monday, March 5, 2012

ကျွန်ုပ်နှင့် ပေါင်းသင်းမိ၍ ကံဆိုးသူများ

by Ma Nandar on Monday, March 5, 2012 at 4:27pm ·
နိုင်ငံရပ်ခြားတွင်အနေကြာသူ မြန်မာအမျိုးသမီး(အချို့)တို့၌ ဖြစ်လေ့ရှိသော ရောဂါဆန်းတမျိုးဖြစ်သည့် မြန်မာဝတ်စုံကို လွန်စွာဝတ်ချင်နေသော ရောဂါသည်လည်း ကျွန်ုပ်၌ လွန်ခဲ့သော ၆လခန့်ကပင် စတင်ဖြစ်ပွားခဲ့ပါသည်။ ရောဂါဖြစ်သည့် အချိန်မှစ၍ ကျွန်ုပ်သည် ပြည်တွင်းသို့ ဖုန်း၊ ဂျီ မေးလ်၊ ဖေ့ဘုတ်၊ skype၊ VZO..အစရှိသော ဆက်သွယ်၍ ရသော နည်းလမ်းမျိုးစုံကို သုံး၍ ဆက်သွယ်၍ ရသမျှသော ဆွေမျိုး၊ မိတ်ဆွေဟောင်း၊ မိတ်ဆွေသစ်၊ မိတ်ဆွေ မဟောင်းမသစ် စတဲ့ အပေါင်းအသင်း ရောင်းရင်းများအား မြန်မာဝတ်စုံကိစ္စကို အပူကပ်ပါတော့သည်။

ရှိရှိသမျှသော ဆွေမျိုး မိတ်ဆွေများထဲမှ နေ့စဉ် ဘုရားမရှိခိုး၍ ကံဆိုးလှသော ကံဆိုးရှင် (၃)ဦးပေါ်ထွက်ခဲ့ပါသည်။ ထိုသုံးဦးမှာ
တောင်ကြီးမှ အမကြီးကဲ့သို့ ချစ်ရသော မHla Yin Wine၊ ငယ်ကတည်းက အနိုင်ကျင့်နေကြ သူငယ်ချင်း ကျော်ဝဏ္ဏနှင့် သူငယ်ချင်းမ Tin Su တို့ဖြစ်ကြပါသည်။

ကံအဆိုးဆုံးဖြစ်သော မကြီး လှယဉ်ဝိုင်းမှာ ကျွန်ုပ်ကိုယ်တိုင်းကို ၃ ၄ ကြိမ် မေး၍ ကိုယ်တိုင် အထည်စဝယ်၊ ကိုယ်တိုင် အပ်ချုပ်ဆိုင်အပ်၍ အချိန်ပေးပြီး လိုက်လုပ်ပေးသည့်အပြင် သူမ ခန္ဓာကိုယ် slim body အနေအထားရှိခဲ့စဉ်က သူမဝတ်ခဲ့သော ရှမ်းရိုးရာ ချည်ထည်လေးများကိုပင် စေတနာ ပလဗွနဲ့ ထည့်ပြီး ရန်ကုန်သို့ ပို့ပေးလိုက်ပါသည်။

ဒုတိယ ကံဆိုးရှင် မောင်ကျော်ဝဏ္ဏ ခမြာ " ဟဲ့..ငါ့အထုတ် ရန်ကုန်ရောက်နေပြီ " ဟု ကျွန်ုပ်က စလိုက်သည်နှင့် ရေးလက်စ စာတွေကို ချကာ ရန်ကုန်မြို့ရှိ အဝေးပြေးဂိတ်များတွင် ကျွန်ုပ်၏ အထုတ်ကို တဂိတ်ဝင်တဂိတ်ထွက် လိုက်လံစုံစမ်းရွေးယူခဲ့ရာ နေပူမိပြီး ၃ရက်လောက် ဖျားခဲ့ရပါသည်။ (မှတ်ချက်....သူဖျားရခြင်းမှာ ကျွန်ုပ်နှင့်မဆိုင်ပါ။ ဗေဒင်က သူ့ကို ကျန်းမာရေးဂရူစိုက်ပါဟု ပြောထားရက်နဲ့ သူဂရုမစိုက်လို့ ဖြစ်ရတာပါ   :D)။

ကျော်ဝဏ္ဏတို့ ကံဆိုးပုံများ ဒီလောက်နှင့်မပြီးသေးပါ။ " နင့်မွေးနေ့အတွက် ငါလည်း ဝယ်ထည့်ပေးလိုက်မယ်' ဟု ဆိုတာ သူကိုယ်တိုင် မြန်မာအမျိုးသမီးဝတ်စုံ အထည်ဆိုင်သို့သွားခဲ့ပါသေးသည်။ စာရေးဆရာပင် ဖြစ်လင့်ကစား မောင်ကျော်ဝဏ္ဏ၏ ပေါ့လျော့မှုကြောင့် " အတိုင်းမသိဘဲ လာဝယ်ရသလား" ဟု အရောင်းစာရေးမ၏ ဘုတောခြင်းကို ခံခဲ့ရပြီး စိတ်ဆိုးဆိုးနှင့် အထုတ်ပိုက်ကာ စတိုးဆိုင်မှအထွက် လှေကားအဆင်းတွင် မိုးရေများကြောင့် ချော်လဲကာ ခြေခေါက်သွားခဲ့ရသဖြင့် (၃)ရက်လောက် လမ်းမလျှောက်နိုင်တော့ပါ။

ဒီလိုနှင့် မောင်ကျော်ဝဏ္ဏခမြာ သူ့တပည့်တယောက်ကို ပို့ခထုတ်ပေး၍ စာတိုက်ကို လွှတ်လိုက်ပါသော်လည်း ကျော်ဝဏ္ဏ၏ အကုသိုလ် အရှိန်ကြီးမှုကြောင့် သူ့တပည့်ဖြစ်သူမှာ ပို့ခငွေများ၏ ဖျားယောင်းခြင်းကို မခံနိုင်သောကြောင့် သူ့ကို စွန့်ခွာကာ အထုတ်ကိုသာ သူ့လက်ထဲ ပြန်ရောက်အောင် ပြန်ပို့ပေးခဲ့ပါသည်။

ပိုက်ဆံလည်း ဆုံး၊ တပည့်လည်း ဆုံးသည့်အပြင် ကျွန်ုပ်၏ နားပူနားဆာ လုပ်ခြင်းကို ခံရသော ကျော်ဝဏ္ဏမှာ နောက်တကြိမ် သူကိုယ်တိုင် ပို့ခ မြန်မာငွေ ၄ သောင်း အကုန်ခံ၍ ကျွန်ုပ်ထံသို့ ပို့ပေးခဲ့သော်ငြားလည်း မြန်မာ့ဆက်သွယ်ရေးဌာနမှ မမများ၊ ညီမလေးများက ကျွန်ုပ်၏ အထည်ဆန်းများကို သဘောကျ၍လား၊ ဘာကြောင့်လဲတော့ မသိပါ။

အခုစာရေးနေတဲ့ အချိန်အထိ ကျွန်ုပ် အပျိုဘဝမှ မှာလိုက်သော ထို မြန်မာဝတ်စုံများသည် ယခု ကျွန်ုပ်အိမ်ထောင်ကျပြီးသည်အထိ ကျွန်ုပ်ထံသို့ ရောက်လာခြင်း မရှိပါ။

တခုခုကို လိုချင်လျှင် မရမနေ လုပ်တတ်သောကျွန်ုပ်၏ အကျင့်ဆိုးအတိုင်း ကျွန်ုပ်သည် မင်္ဂလာဆောင်ကို အကြောင်းပြကာ မြန်မာဝတ်စုံ ဝတ်ရရေးကို ဒုတိယအကြိမ် ထပ်မံကြိုးစားပါသည်။ ဒီတခါ အလှည့်ကျ ကံဆိုးသူကတော့ ငယ်သူငယ်ချင်း သဲသဲ( ခေါ်) Tin Su ပါပဲ။

" သူရင်းရေ....ငါ မင်္ဂလာဆောင်တော့မယ်သိလားလို့ "ဖုန်းဆက်လိုက်တော့ ချစ်ရတဲ့ သူငယ်ချင်းခမြာ ဝမ်းသာသွားလိုက်ပုံများလေ။ (သြော်....ကံဆိုးချင်တဲ့သူများ အန္တရာယ်ကို ဝမ်းသာအားရကို ကြိုဆိုတာကို ပြောပါတယ်)။ " ဝမ်းသာလိုက်တာ နန္ဒာရယ်၊ ဝမ်းသာလိုက်တာ၊ ငါ ဘာလုပ်ပေးရမလဲ ပြော " တဲ့။ ( ဒုက္ခကို ဝမ်းသာအယ်လဲကြီး ကြိုဆိုပုံများ)။

" ငါလေ မြန်မာဝတ်စုံလေးနဲ့ ဆွမ်းကပ်ချင်တယ်ဟယ်" လို့...ခပ် နွဲ့နွဲ့လေး ဆိုလိုက်ရင်ပဲ အင်မတန် စိတ်ကောင်းရှိသော အခု လက်ရှိလည်း ပြည်တွင်းမှာ လူမှုဝန်ထမ်း အလုပ်လုပ်နေသော သူငယ်ချင်းမက  မဆိုင်းမတွဘဲ " ရတယ် သယ်ရင်း၊ ရတယ်၊ ငါ ဘယ်တော့ ပို့ပေးရမလဲသာ ပြော" တဲ့။ ( ချဲလင့် လုပ်တာ၊ ချဲလင့် လုပ်တာ ဘုမသိဘမသိနဲ့)

နောက်ဆက်ပြောမယ့် စကားတွေကို ကြိုသိထားတဲ့ တဖက်က နားထောင်နေတဲ့ သတို့သားလောင်းကတော့ အားနာတတ်သူပီပီ ဖုန်းနဲ့ပြောနေတယ်ဆိုပေမယ့် မကြားရက်လို့လား မသိပါဘူး။ ဟိုလိုလို ဒီလိုလိုနဲ့ အနားကတောင် ထလစ်သွားတယ်။

ကျွန်ုပ်ကတော့ ငယ်တုန်းကလိုပဲ ထုံးစံအတိုင်း " သယ်ရင်းရယ် ငါက ရှေ့အပတ်ဆောင်မှာ ဆိုတော့လေ....(၃)ရက်အတွင်း ရမှ ဖြစ်မလိုဖြစ်နေတယ်ဟယ်" လို့ စိတ်ထဲက ဘုရားတပြီး ဖွင့်ချလိုက်ပါတယ်။
"အင်".....တဲ့  ။ (ဘယ်က ထွက်လာတဲ့ အသံလည်း ပြောပြနေစရာတောင် မလိုတော့ဘူးထင်ပါတယ်နော်)

ဒါပေမယ့် သိပ်မကြာပါဘူး ၁၀စက္ကန့်လောက်ပါပဲ။ ဆုံးဖြတ်ချက် တခုကို ပြတ်ပြတ်သားသား ချလိုက်တဲ့ စစ်သူကြီးလေသံနဲ့
" ရတယ်သယ်ရင်း၊ ငါ ဖြစ်အောင် လုပ်ပေးမယ်လို့ " ရဲဝံ့စွာ ဆိုလာတယ်။ ဘယ်လောက်ချစ်ဖို့ ကောင်းလိုက်တဲ့ သူငယ်ချင်းပါလဲ။ ဒါပေမယ့် သူ့ အကုသိုလ်က ဒီလောက်နဲ့ မရပ်သေးဘူး။

" အမျိုးသား၊ အမျိုးသမီး ၂ယောက်စာနော် သယ်ရင်း၊
ရွှေဝါရောင်လေးနော် သယ်ရင်း၊
ငါ့ ဘဲဘဲက large sizeနော် သယ်ရင်း၊
သူက မဲမဲလေးဆိုတော့ အရမ်းဝါထိန်နေရင် ငါးခူကို နနွင်းဖြတ်သုတ်ထားသလို ဖြစ်နေမှာမို့ ခပ်ဖျော့ဖျော့လေးနော် သယ်ရင်း၊
ဒီနေ့က စနေဆိုတော့ တနင်္လာနေ့မှ ဘဏ်ထဲကို ငွေဝင်မှာမို့ ပိုက်ဆံလည်း နင်ပဲ စိုက်ပေးနော် သယ်ရင်း၊
(၃)ရက်အတွင်းနော် သယ်ရင်း၊
DHLနဲ့ ပို့ပေးနော် သယ်ရင်း......စသဖြင့် သယ်ရင်းပေါင်းများစွာကို နရင်းထတီးချင်စရာ ကောင်းလောက်ကို ချွှဲချွှဲပစ်ပစ်ခေါ်ပြီး အားမနာ လျှာမကျိုး ဒုက္ခပေးပါတော့တယ်။

ဆံထုံးလည်းစိုက်၊ ဆီလည်းစိုက်၊ ဆံညှပ်လည်းစိုက် ရတဲ့သူငယ်ချင်းမမှာ အထည်ဖိုးအကျီ င်္ င်္ကို ကျွန်ုပ်က လွှဲလိုက်ပါသော်လည်း မြန်မာလူမျိုး ဆက်သွယ်ရေးစနစ်ဆိုးကြောင့် အခုဒီစာရေးနေတဲ့ အချန်အထိ ၃ ပတ်နီးပါး ကြာမြင့်ခဲ့ပါပြီ။ သူမထံ သူမပိုက်ဆံ ပြန်မလာသေးပါလေ။

ဒီနေ့တော့ ရနိုင်ကောင်းပါရဲ့။
သြော်....သူတို့တွေ ဘာကြောင့်များ အခုချိန်ထိ ကျွန်ုပ်ကို ချစ်ခင်နေကြတုန်း ပါလိမ့်။စိတ်ညစ်စရာ၊ အားနာစရာများကို ရယ်စရာလုပ်၍ ရေးလိုက်ရသော်လည်း တကယ်တမ်း အဲသည့်အချိန်တွေတုန်းက မရယ်နိုင်ခဲ့ပါ။ သူတို့ကို အလွန်အမင်း အားနာခဲ့ရပါတယ်။ သူတို့တွေရဲ့ ကျွန်ုပ်အပေါ်ထားတဲ့ စိတ်စေတနာကိုလည်း မှတ်မှတ်ရရ ကျေးဇူးတင်နေပါတယ်။
သူငယ်ချင်းတို့ရေ.....သင်တို့အတွက် ကျွန်ုပ်အဆင်သင့်ရှိနေပါသည်။

2 comments:

nyuntmyanmar said...

နန္ဒာလို့ ရေးရင် ပိုပြီးအရသာရှိမယ်၊ အခု ကျွန်ုပ် ကျွန်ုပ်ဆိုတော့ ဆရာကြီး ရွှေဥဒေါင်းလိုလို ဘုန်းကြီးတစ်ပါးပါးလိုလို ဖြစ်နေတယ်။ မိန်းမမဆန်ဘူး၊ အနုပညာမဆန်ဘူး။စာရေးကောင်းတယ်။ ဆက်ရေးဖို့တိုက်တွန်းပါတယ်။

Ma Nandar said...

ကျေးဇူးတင်ပါတယ် nyutmyanmar ရှင့်။

Post a Comment