လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြပါစေ။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ။

Sunday, January 16, 2011

အဆင်မပြေ ဒီတနင်္ဂနွေ

ဒီနေ့ တနင်္ဂနွေနေ့ဆိုတော့ ထုံးစံအတိုင်း အိပ်ကောင်းခြင်းကို စွန့်လွှတ်ပြီး အစည်းအဝေး ပြေးရပါတယ်။ အစည်းအဝေးမှာ ဘာမှအရေးပါသူမဟုတ်ပေမယ့် နောက်ကျမှ ရောက်လာပြီး လူတွေကိုရယ်ပြရတဲ့ အလုပ်ကို မလုပ်ချင်တာနဲ့ မျက်လုံးကို အတင်းပွတ်ပြီး အိပ်ယာကထလိုက်တယ်။မျက်စိထဲမှာ သဲတွေဝင်နေသလိုပဲ ခံစားရတယ်။ နိုးနိုးချင်း လက်က computerကို ဖွင့်မိတယ်။ computerဖွင့်ရင်မြင်ခွင့်ရမယ့် တချို့ပုံရိပ်တွေကို မျက်လုံးကို ကျယ်စေတယ်မဟုတ်လား။ ဒါပေမယ့် ဒီနေ့ကံမကောင်းတော့ မျှော်လင့်ထားတဲ့ မြင်ကွင်းက မှေးမှိန်နေလေရဲ့။ ရှိစေတော့.....

စက်ကိုပြန်ပိတ်၊ ရေလောင်း(လူကိုလောင်းတာနော်။စက်ကိုမဟုတ်ဘူး)၊ မျက်စိရှေ့တွေ့တဲ့အဝတ်ကောက်စွပ်ပြီး လက်အိတ်၊မာဖလာ၊ဦးထုတ်စုံလင်စွာနဲ့ ဘူတာကို ထွက်လာခဲ့လိုက်တယ်။ အိမ်ထဲကထွက်ထွက်ချင်း ဆောင်းလယ်လေက မျက်နှာကို အလုံးအရင်းနဲ့ ဝုန်းကနဲနေအောင် လာတိုက်တယ်။ ဟဲ့...ဟဲ့....အို...ဆံပင်တွေတော့ ပွကုန်ပါပြီ။ အင်..ဟုတ်သေးပါဘူး။ အခုမှ သတိထားမိတယ် ခေါင်းတောင်မဖီးခဲ့ရဘူး။ ရှိစေတော့....

ကလော်ကလော်........ကလော်ကလော်.....ကလော်ကလော်..တဲ့။ဟာ.ထွက်တော့မယ်၊ထွက်တော့မယ်.ရထား။ ကျွန်ုပ်နားထဲမှာတော့ ရထားထွက်ခါနီး အချက်ပေးသံကို အဲလိုပဲကြားတယ်။ ရွေ့နေတဲ့လှေကားကို လက်ကိုင်အိတ်တဖက် laptopအိတ်တဖက်နဲ့ တထစ်ကျော်ပြေးတက်ရတယ်။ ဒါပေမယ့်လေ သူ့ကို မှီချင်လွန်းလို့  အသဲအသန်ပြေးလိုက်လာတဲ့ တို့ကို တစ်စက္ကန့်လေးတောင် မစောင့်ဘဲ ခပ်တည်တည်နဲ့ တံခါးကိုဂျိမ်းကနဲပိတ်ပြီး ထွက်သွားရက်တယ်။ (ရထားစုတ်၊ရထားနာ၊ရထားပဲ့)၊  ရှိစေတော့...

ဒီလိုနဲ့ပဲ ဖုတ်လိုက်ဖုတ်လိုက်နဲ့ နောက်ထပ်(၆)မိနစ်ထပ်စောင့်ရတယ်။ စင်္ကြန်ပေါ်ဆိုတော့ လေကလည်း တဝူးဝူးနဲ့။ အမလေး..ချမ်းလိုက်တာနော်။ စောစောက နဲနဲလှုပ်လိုက်တော့ ဗိုက်ထဲကလည်း တဂွီဂွီဖြစ်လာတယ်။ဘူတာက ကော်ဖီဗူးစက်မှာဝယ်ရင် လက်လေးသစ်လောက်ရှိတဲ့ ကော်ဖီဗူး ပူပူနွေးနွေးကို ယန်း(၁၂၀)ပေးရတယ်။ US ၁ဒေါ်လာကျော်လောက်ပေါ့။ ဝင်ငွေမကောင်းတဲ့သူဆိုတော့ နှမြောတယ်။ဒါကိုတချို့က ကပ်စေးနဲတဲ့လေ။ ဟယ်.....တတ်နိုင်ပါဘူး။ နေ့လည်၁၂နာရီအထိ ဒီတလုံးနဲ့ပဲ နေရမှာဆိုတော့လည်း...ဒါလည်းပဲ..ရှိစေတော့...

ဒီလိုနဲ့ ၆မိနစ်တိတိ အအေးခံလိုက်ရတယ်။ ဝမ်းဂိုး ဝမ်းကမ်းပါလေ။ လာပြီနောက်တစီး။ ရထားပေါ်ရောက်တော့ လူရှင်းနေတယ်။ အိမ်မှာဖီးဖို့မေ့ခဲ့တဲ့ခေါင်းကို လူရှင်းတုန်း နဲနဲလောက် ခိုးဖီးမယ်ပေါ့။မျက်လုံးက ဘေးဗယ်ဘယ်ညာကြည့်ရင်းနဲ့ လက်ကအိတ်ထဲကို ထိုးသွင်းပြီး ဘီးကို ဟိုဟိုဒီဒီ လိုက်နှိုက်ကြည့်တယ်။ မတွေ့ဘူးတော့။ မပါလာပြန်ဘူး။ ဘယ်ပါပါ့မလဲ laptopရဲ့ supplyကြိုးတို့၊ memory cardတို့၊ memory stickတို့၊ recorderတို့၊ cameraတို့၊ batteryအမျိုးမျိုးတို့ကို မမေ့အောင် မမှားအောင် ဦးစားပေးယူနေရတာနဲ့ ဘီးကိုမေ့တာပေါ့။ ကျွန်ုပ်တွင်အပြစ်မရှိပါ။ ထောက်ခံပါသည်။ ဒါလည်းရှိစေတော့........

ဒီလိုနဲ့ ရထား၂ဆင့်(မိနစ်၃၀ခန့်)စီးပြီး အစည်းအဝေးပြုလုပ်ရာ takadanobaba recycle centreကို ရောက်တယ်ဆိုပါတော့။၂နာရီခွဲလောက် ပြောကြ၊ ဆိုကြ၊ ငြင်းကြ၊ ခုန်ကြ၊ ကန့်ကွက်ကြ၊ သဘောတူကြနဲ့ စည်းဝေးလိုက်ကြတာ နေ့လည်၁၂နာရီတိတိမှာ ပြီးသွားရော့။ ဒါက မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်((Network for Democracy in Burma-NDB)လို့အမည်ပေးထားတဲ့ ဂျပန်နိုင်ငံမှာရှိတဲ့ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့အဖွဲ့ပေါင်း(၃၀)လောက်စုပြီး ဖွဲ့စည်းထားတဲ့အဖွဲ့ရဲ့ ပုံမှန်အစည်းအဝေးပေါ့။
ဒီလိုနဲ့နေ့လည်စာကို အဝစားယန်း(၉၀၀)ဗမာဆိုင်မှာ စုပြီးစားကြတယ်။ တပါတ်လုံးလုံးက အလုပ်ပြီး ညဥ့်နက်သန်းခေါင်ကျမှ လိုင်းပေါ်မှာပဲ အချိန်ပေးပြီး စကားပြောကြရတဲ့သူတွေဆိုတော့ အခုလိုလူချင်းတွေ့ရမှပဲ ထမင်းစားရင်းပြောလိုက်ကြ စလိုက် နောက်လိုက်ကြနဲ့ တကယ့်မိသားစုတွေလိုပါပဲ။
ထမင်းစားတဲ့ကိစ္စမှတော့ ဘာမှပြဿနာမရှိလိုက်ဘူး။ လျှောလျှောလျှူလျှူပဲဝင်သွားတယ်။ ဒါတောင် ဂျပန်မှာ ရှားပါးစားစရာဖြစ်တဲ့ ဒန့်သလွန်သီး တဖတ်ကို ကိုမိုင်ကျော်ဦးဆီက လုလိုက်ရသေးတယ်။ နေ့လည်၁နာရီကြတော့ ကျွန်ုပ်ရဲ့မိခင်အဖွဲ့အစည်းဖြစ်တဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများအဖွဲ့(Burma Democratic Action Group-BDA)ရဲ့ လပါတ်အစည်းအဝေးသွားရပြန်တယ်။ ညနေ၄နာရီမှပြီးတယ်။

ကဲပြီးသွားတော့ အိမ်ပြန်လို့ရပြီ..............လို့မထင်ကြပါနဲ့။
အဖွဲ့ရှိရာ ရုံးခန်းကိုသွားပြီး homepageကိစ္စ၊ ဆန္ဒပြပွဲ၊ နိုင်ငံရေးလှုပ်ရှားမှု အခမ်းအနားတွေအတွက် ဆိုင်းဘုတ်၊ပိုစတာ၊စာရွက်၊စာစောင်ဒီဇိုင်းဆွဲရေး ကိစ္စစတာတွေကို လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ တွဲလုပ်ရပါတယ်။
အဖွဲ့မှာ အလုပ်လုပ်နေသူတွေကို စေတနာဗလပွနဲ့ ဝင်ငွေကောင်းတဲ့ အဖွဲ့သားတချို့က အိတ်စိုက်ပြီး ချက်ပြုတ်ပေးနေတဲ့ ရုံးခန်းရဲ့နောက်ဖေးချောင်က ထွက်လာတဲ့  ရနံ့တွေက ဟာနေတဲ့ဗိုက်ကို ပိုဆာစေတယ်။ ကျက်သွားလို့ကတော့ ညနေ၆နာရီလည်းကျော်နေပြီဆိုတော့ အဆွဲပဲ။

ဒါပေမယ့်..ဒါပေမယ့်ပေါ့လေ.....အိမ်ကိုချက်ချင်း မပြန်လို့ မရတော့တဲ့ ကိစ္စလေးတခုက ရုတ်တရက်ပေါ်လာတယ်။ အို.ပြန်ဆိုတော့လည်းပြန်ရမှာပေါ့။ ကမန်းကတမ်းစက်ကိုသိမ်း၊ လုပ်လက်စတွေဖြတ်ပြီး ဘူတာကိုပြေးရတယ်။ မှောင်လာတော့ အပြင်မှာပိုချမ်းတယ်။ စိတ်ကတော့ အိမ်ကိုအမြန်ရောက်ချင်နေပြီ။ ဒီမှာက ယေဘုယျအားဖြင့် တိုကျိုမြို့တွင်း မြေပေါ်မြေအောက်ရထားတွေက တနာရီကီလို ၁၀၀နှုန်းနဲ့ တစ်ဘူတာကို ၂မိနစ်ပဲခုတ်တယ်။ ဘူတာက အိမ်အထိကို စုစုပေါင်း (၁၅)ဘူတာဆိုတော့ နာရီဝက်ပေါ့။ ခဏလေးပဲခဏလေးပဲ...နာရီဝက်ပါပဲလို့ ကိုယ့်ကိုကိုယ်နှစ်သိမ့်ရင်း ရထားပေါ်ခုန်တက်လိုက်တယ်။ ထုံးစံအတိုင်း ရထားကြီးက တံခါးကြီးပိတ်ပြီး ဝေါကနဲမောင်းချလိုက်တာ အရှိန်တောင်လျှော့တဲ့ အသံမကြားရသေးဘူး ရုတ်တရက် ရှူးကနဲထိုးရပ်သွားပါလေရော........

ဘာဖြစ်တာလဲဟင်...နောက်နဲ့နော်....(ဒီက ပြန်ချင်သူ )။
သိပ်မကြာလိုက်ပါဘူး ရထားမောင်းတဲ့ ကောင်မလေးရဲ့အသံလေးထွက်လာတယ်။

ငလျင်ကြောင့်ရပ်သွားတာပါတဲ့။အင်း.....ဖြစ်ရမယ်။ ဒါမျိုးကတော့ ဖြစ်တတ်ပါတယ်လေ။ အလွန်ဆုံးကြာလှ ၃မိနစ်ပေါ့။ဒါတောင် တော်တော်ကြာနေပြီ။
ဒါပေမယ့်ဒါပေမယ့်ပေါ့လေ.......ရထားကရှေ့ဘူတာကိုမရောက်ခင်ရပ်သွားတာ ဆိုပေမယ့် ခေါင်းတွဲက ရှေ့ဘူတာရဲ့ ပလက်ဖောင်းကိုမှီနေပြီ။ အဲဒါကြောင့် ခေါင်းတွဲကတံခါးကနေ ထွက်ချင်တဲ့သူများရှိရင် ထွက်နိုင်ပါတယ်။ ရထားပြောင်းစီးနိုင်ပါတယ်၊ စောင့်နိုင်တဲ့သူတွေကလည်း ဆက်စောင့်နိုင်ပါတယ်လို့  အော်ပါလေရော..နဲနဲတော့ အံ့အားသင့်သွားတယ်။
အင်း......ဘယ်လိုလုပ်ရင်ကောင်းမလဲ စဉ်းစားနေတုန်း။အခုချိန်ကစပြီး ရထားထဲက လျှပ်စစ်မီးတွေကို အန္တရာယ်ရှိလို့ ဖြတ်တောက်ပါမယ်လို့ အော်ပြန်ရော။ အခြေအနေမကောင်းဘူး လစ်မှ။ ငလျင်မှဟုတ်ရဲ့လားမသိ။ ဗုံးတွေဘာတွေများလား။ ငါ့ကိုများ လုပ်ကြံတာလား။ဟိ..ဟိ နာမည်ကြီးဆိုတော့ ဒီလိုပဲပေါ့။ အဲဒီလိုပဲ ခပ်ပေါပေါတွေးပြီး ကြောက်စိတ်ကိုဖြေပြီး မှောင်ကြီးမဲကြီးထဲမှာ လူအုပ်ကြီးနဲ့အတူရောပြီး ဆင်းလာလိုက်တယ်။ တချို့တွေက လားရာခရီးရောက်ဖို့ taxiငှားကြတယ်။
ကျွန်ုပ်ခမျာမှာတော့ ပေသီးခေါက်ရသူမို့ TAXIလည်းမငှားနိုင်ပါဘူး။
ဒါနဲ့ပဲ စည်းကမ်းမရှိတဲ့ အပျိုမရဲ့ ရောင်စုံခေါင်းစည်းကြိုး အထွေးလိုက်လိုမျိုး ရှုပ်ထွေးလိမ်နေတဲ့ တိုကျိုမြို့ရဲ့ ရထားလမ်းတွေထဲက အတိုဆုံးဖြစ်နိုင်မယ့် ဖြတ်လမ်းတွေကိုရွေးပြီး ရထား၃ဆင့်စီးပြီး ဘူမိနက်သံကို ပြန်လာရပါတယ်။ ရထားခတွေလည်း ၃ဆလောက်ကျပြီး အချိန်လည်း တနာရီလောက်ပိုကြာပြီး လူလည်းမူးနောက်ပြီး ယိုင်တိယိုင်တိုင်နဲ့ အိမ်ပြန်ရောက်လာပါတော့တယ်။ ဂျပန်မှာနေလာတဲ့ ၉နှစ်ကျော်ကာလအတွင်းမှာ တခါမှ အဲသည်လို ရထားလိုင်းအဖြစ်မျိုးနဲ့ မကြုံဖူးခဲ့ပါဘူး။ ဖြစ်မှဖြစ်တတ်ပလေ့။ ကိုယ်နဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်........ကိုယ်နဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်........တိုက်တိုက်ဆိုင်ဆိုင်........
အိမ်ရောက်တော့ မျှော်လင့်ခြင်းလေး ပျောက်ဆုံးခဲ့ရပြီပေါ့။
ဒီတခုကိုတော့ ရှိစေတော့လို့ မဖြေနိုင်တာအမှန်ပဲ။
တိမ်ပြာပြာနေ့တနေ့ ဆန်းဒေးမှာကွယ် အဆင်မပြေတာတွေချည်းပဲ ဖြစ်ခဲ့ပါတယ်။
 တိုကျိုကမြေအောက်ရထားလိုင်းပြမြေပုံပါ။ မြေပေါ်လိုင်းမပါသေးဘူးနော်။

5 comments:

MYO said...

ဒီလိုပါဘဲတခါတလေတော့ဖြစ်တတ်ပါတယ်။နားလည်မှု့ လေးပေးလိုက်ပါ
ဲJR(EAST)ကိုလေ။မြေပုံထဲမှာyamanote lineကိုတွေ့ မိသလိုပါဘဲ။

Aye Nandar Aung said...

ကိုမျိုးရဲ့ မြေပေါ်ဆိုလို့ အဲသည့်တလိုင်းပဲပါတယ်လေ။ ကျန်တာအကုန်မြေအောက်လေ။ စာရေးထားတာကိုက SUBWAY MAPတဲ့။ဂျပန်လိုတော့ 地下鉄路線図ပေါ့။ဖြစ်တာJR EAST(JR 東)မဟုတ်ဘူး။ JR YAMANOTE LINE(JR 山手線)。

မောင်ပါလ said...

ဟင်း........ အိုဘားမားနဲ့ ဘန်ကီးမွန်းတောင် သူ့လောက်အလုပ်များမယ်မထင်ဘူး။ အဟဲ..........နောက်တာနော်. စာရေးကောင်းတယ်။ များများရေး

PNSjapan said...

အရေးအသားကောင်းတယ်ဟေ့ .. အားပေးပါတယ် ...ဆက်သာကြိုးစား..ဆရာမ..

CTM said...

အစ်မ...အာဘော်လေးလာဖတ်သွားတယ်။
အလုပ်တွေအရမ်းများတာပဲနော်........
ဒါတောင်အဲဒီတစ်ရက်တည်းမို့ ........
ကျွန်တော်ကတော့အဲဒီလိုမျိုးမရေးတတ်ဘူး
အားပေးနေမယ်.................

Post a Comment