လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြပါစေ။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ။

Thursday, January 13, 2011

ယုံလွယ်မိ၍ တစ်သက်လုံးမှောက်

လောကမှာ လူမျိုးတွေ အများအပြားရှိသည်။ ထိုအမျိုးတွေကို အမျိုးမြတ်၊ အမျိုးယုတ် စသည်ဖြင့် သတ်မှတ်ထားကြသည်။ တစ်ယောက်ယောက်ကို ချီးမွှမ်းလိုလျှင်လည်း ကောင်း၊ နှိမ့်ချလိုလျှင်လည်းကောင်း အမျိုးကိုအစွဲပြု၍ ချီးမွှမ်းတတ်ကြ၊ နှိမ့်ချ တတ်ကြ၏။ မည်သူမဆို ကိုယ့်အမျိုးကို ကိုယ်ချစ်တတ်ကြ၊ မြတ်နိုးတတ်ကြပါသည်။ သို့သော် တစ်ချို့ကပြင်းထန်ပြီး၊ တစ်ချို့က
 သာမာန်လေးပဲဖြစ်၏။ တစ်ခါတစ်လေ 'ငါ့ကို နင်ကြိုက်သလိုပြော၊ အမျိုးကိုတော့ လာမထိနဲ့'ဟူသော စကားကို ကြားရတတ်ပါသည်။


စာရေးသူရဲ့ဆရာတစ်ပါးရဲ့ အီးမေးလ်မှာ 'ကိုယ့်လူမျိုးကို ကိုယ်ချစ်ခွင့်ရှိ၏၊ သို့သော် တခြားလူမျိုးကို ဖျက်ဆီးခွင့်မရှိ'ဟု ရေးသားထားသည်ကို တွေ့ဖူးပါသည်။ မှန်လိုက် လေခြင်း။ လောကမှာ အမျိုးတွေမည်သို့ပင် ကွဲပြားလင့်ကစား ဘုရားဟောစူဠ ၀ါပါဠိတော်ထဲမှာ 'မည်သည့်အမျိုးတွေမဆို ငါဘုရားသာသနာထဲရောက်လာရင် မြစ်ငါး မျိုးထဲက စီးဆင်းလာတဲ့ရေတွေဟာ ပင်လယ်ထဲရောက်ရင် အမျိုးအမည်မရှိတော့ဘဲ တစ်သွေးတစ်သားတည်း ဖြစ်သွားသလိုပါပဲ ဘယ်အမျိုးရယ်လို့မဟုတ်တော့ဘဲနဲ့ တစ်သွေးတစ်သသားတည်း ဖြစ်သွားပါတော့တယ်'ဟူ၍ ကျက်မှတ်ဖူးလေသည်။

စာရေးသူသည် မြန်မာပြည်ပြန်တုန်းက ရွာမှာ တွေ့ကြုံခံစားခဲ့ရသည့် အဖြစ်အပျက် တစ်ခုအတွက် ဆောင်းပါးတစ်ပုဒ်ရေးခဲ့ဖူးပါသည်။ စာရေးသူသည် အမျိုးသမီးနှစ်ဦးကို တွေ့ကြုံခဲ့ရပါသည်။ တစ်ယောက်က စာရေးသူနဲ့ သွေးသားတော်စပ်ပါသည်။ သို့သော် ဘယ်တစ်ယောက်နဲ့ သွေးသားတော်စပ်သည်ကို ဤနေရာတွင် ချန်လှပ်ခဲ့ပါရစေ။ အမျိုး သမီးနှစ်ယောက်ထဲမှာ တစ်ယောက်က….


လင်…ကလင်…ကလင်…
ဖုန်းဆိုင်ရှင်က ဖုန်းကိုကောက်ကိုင်ပြီး ဖုန်းချိန်းထားပြီး ဖုန်းအလာစောင့်နေသော မမိုးကို လှမ်းပေးလိုက်သည်။
"ဟယ်လို"
"မောင်လား"
"ဟုတ်ကဲ့၊ မောင်ပါ"
"ညီမလေးမိုးလား"
"ဟုတ်ကဲ့ ညီမလေးပါ"
"မောင်နေကောင်းတယ်နော်"
"ဟုတ်ကဲ့ မောင်နေကောင်းပါတယ်"
"ခုလာမည့် သီတင်းကျွတ်ကျရင် မောင်ပြန်လာမှာမဟုတ်လား"
"မောင်အတိအကျ မပြောနိုင်သေးပါဘူး၊ ဒီမှာ နည်းနည်းပါးပါးစုမိဆောင်းမိမှ ပြန်လာ မယ်လို့ စိတ်ကူးထားတယ် ညီမလေးရာ"
"ညီမလေး မောင့်သတင်းကို အတိအလင်းကြားနေရတယ်နော်"
"ဘာ ညီမလေး ဘာပြောတယ်၊ မောင့်သတင်းကြားရတယ် ဟုတ်လား၊ ဘယ်လိုကြား တာလဲ ပြန်ပြောစမ်းပါ၊ ပြန်ပြောစမ်းပါ ခပ်မြန်မြန်လေး"
"မောင်နောက်အိမ်ထောင်ပြုချင်ရင် ပြုလို့ရတယ်နော်၊ ဒါပေမယ့် ကိုယ့်ဘာသာကိုယ် လည်ပစေနော်၊ ဆိုလိုတာက ကိုယ့်အတွက်ကိုယ်ကျန်အောင်လုပ်ပါ"
"ညီမလေး ဘာတွေလျှောက်ပြောနေတာတုန်း၊ ညီမလေး မောင့်ကိုဖျက်ဆီးနေတာ လား"
"ညီမလေး နားလည်ပါတယ်မောင်ရယ်၊ မောင်အိမ်မှာနေတုန်းက ၇-ရက်ပြည့်အောင် နေဖူးလို့လား"

မမိုးရင်ထဲမှာ ၀မ်းနည်းမှုဆိုတဲ့လေတွေ တိုက်ခတ်လာပြီး မျက်ရည်ပင်လယ် တွေလှုပ်ခတ်လာလို့ ထွက်လုမတတ်မျက်ရည်စက်တွေကို ထိန်းချုပ်ကာ နှုတ်ဆက်စ ကားမပြောဘဲဖုန်းပြန်ချလိုက်သည်။ ဘာကြောင့်မျက်ရည်တွေ ထွက်လုမတတ်ဖြစ်နေ ရသနည်း။ သူ့ကလေးတွေငယ်သေးတာကြောင့်ပဲဖြစ်သည်။ ကလေးနှစ်ယောက်တို့က ဘယ်သူ့ကိုအဖေခေါ်ရမှာလည်း၊ ဘယ်သူ့ကို အားကိုးရတော့မှာလည်းဆိုတဲ့အတွေး တွေတွေးမိပြီး ကလေးကိုသနားမိတာကြောင့် မျက်ရည်ဝဲလာရခြင်းဖြစ်သည်။ စာရေးသူ သူ့ကိုကြည့်ရသည်မှာလည်း တကယ်သဘောထားပြည့်ဝမည့် အမျိုးသမီးကောင်းတစ် ယောက်ဟု ထင်မိပါသည်။ 

နောက်တစ်ယောက်က…..
ဘန်ကောက်မြို့ သူဌေးကြီးတစ်ယောက်ရဲ့ ခမ်းနားကြီးကျယ်လှသော အိမ်အတွင်း ည ၈-နာရီအချိန်ဝယ် နန်းမဖြူတစ်ယောက် တစ်နေ့တာအလုပ်တွေပြီးစီးပြီး တီဗွီရမုကို ယူပြီး တစ်လိုင်းပြီးတစ်လိုင်းပြောင်းကြည့်ကာ အနားယူနေသည်။ တီဗွီလိုင်းတွေ မည်မျှပင် များပြားနေသော်လည်းပဲ တစ်လိုင်းမျှ နန်းမဖြူရဲ့စိတ်ကို ပျော်ရွှင်အောင် မလုပ်ပေးနိုင်ပေ။ နန်းမဖြူသည် မျက်စိကသာ တီဗွီကိုကြည့်ပြီး လက်ကသာ တီဗွီရမုကိုကိုင်ထားနေသော်လည်း စိတ်ထဲက မြန်မာပြည်ကိုခေတ္တအလည်ပြန်နေသော ခွန်မောင်မဲတစ်ယောက်ပြန်အလာကိုသာ စောင့်မျှော်နေရှာသည်။

နောက်တစ်နေ့ ညနေ ၄-နာရီအချိန်ဖြစ်သည်။ အပြင်ဘက်တံခါးမကြီးဆီက ဘဲလ်သံမြည်လာသည်။ နန်းမဖြူ ၄င်းဘဲလ်သံကို ကြားရတာသည်နှင့် တစ်ပြိုင်နက် ဆေးလက်စပန်းကန်များကို ခဏချထားကာ ခွန်မောင်မဲပြန်လာနေလောက်ပြီဆို တဲ့အတွေးနဲ့ ခြံဝင်းတံခါးဆီသို့ ကသုတ်ကယက်ပြေးသွားလေသည်။ ခွန်မောင်မဲလည်း အကြောင်းတစ်ခုခုကြောင့် မျက်နှာကမသာမယာဖြစ်နေသည်။

နန်းမဖြူသည် ခွန်မောင်မဲပြန်လာကြောင်းသိရလို့ ၀မ်းသာနေစဉ်မှာပဲ ခွန်မောင်မဲ ရဲ့မျက်နှာကိုလည်း ကြည့်မိရော နန်းမဖြူရဲ့စိတ်ထဲမှာ 'ကျမအစ်ကို ဘာတွေများဖြစ် လာတာလည်း၊ ဘာများအဆင်မပြေလာလို့လည်း၊ ဒါပေမယ့် ခုတော့ မေးလို့မဖြစ် သေးဘူး၊ အိပ်ခါနီးမှမေးတော့မယ်လေ' ဆိုပြီး မေးချင်စိတ်ကို ခဏထိန်းချုပ်ကာ ခွန်မောင်မဲရဲ့ကျောပိုးအိပ်ကိုယူပြီး ကြိုဆိုလိုက်လေသည်။

ထုံးစံအတိုင်း ည ၈-နာရီထိုးပြန်ပြီ။ နန်းမဖြူ အလုပ်ပြီးစီးသည်နှင့် ခါတိုင်းကြည့် နေကျတီဗွီကို မကြည့်တော့ဘဲ ခွန်မောင်မဲမျက်နှာကို တစ်စုံတစ်ရာ သိလိုဇောနှင့် စိုက်ကြည့်နေပြီး-
"အစ်ကိုဘာအဆင်မပြေဖြစ်နေလို့လည်း ညီမလေးကို ပြောပြစမ်းပါအုံး၊ လမ်းပေါ်မှာ ရဲတွေကအစ်ကို့ကို ဒုက္ခပေးနေလို့လားဟင်"
"မဟုတ်ဘူးညီမလေး၊ အဲဒီလို မဟုတ်ပါဘူး"
"အဲဒါဆို ဘာဖြစ်လို့တုန်း၊ အစ်ကို ဒီတစ်ခေါက်ပြန်လာတာ မျက်နှာကမရွှင်မလန်း ဖြစ်နေပါလား"
"ညီမလေးကို ပြောပြတော့လည်း ဘာထူးမှာမို့လည်း၊ ညီမလေးပဲ စိတ်ဆင်းရဲရမှာလေ၊ အစ်ကို့ဘာသာအစ်ကိုခံစားပါရစေ"
"အစ်ကိုနော်၊ အဲဒီလိုမလုပ်ပါနဲ့၊ အစ်ကိုမှတ်မိသေးရဲ့လား ညီမလေးနဲ့စတွေ့တုန်းက အစ်ကိုပြောခဲ့တဲ့စကားလေ 'အေးအတူပူအမျှ၊ ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရပစေ ညီမလေးနဲ့သာ အတူနေရရင် အစ်ကို့ဘ၀ပြည့်စုံနေပြီ'ဆို"

နန်းမဖြူကရှေ့နေတစ်ယောက်လို စစ်ဆေးနေတာနဲ့ ခွန်မောင်မဲလည်း မနေသာတော့ ဘဲ-
"ညီမလေး ဒီလောက်တောင်မှ သိချင်နေတယ်ဆိုလည်း အစ်ကိုပြောပြရတော့မယ် ထင်တယ်"
"ပြောပါတော့ အစ်ကိုရယ်၊ မြန်မြန်သာ ပြောစမ်းပါ"
"ဒီလိုပါညီမလေးရယ်၊ အစ်ကိုယူသွားတဲ့ အစ်ကိုတို့ရဲ့စုငွေတွေလေ ရှင်ပြုပွဲလုပ် လိုက်တာ သိန်းသုံးဆယ်ကုန်သွားတယ်၊ ကျန်တဲ့သိန်းနှစ်ဆယ်ကို လူတစ်ယောက်က လိမ်လည်ပြီးထွက်ပြေးသွားတယ်၊ အဲဒီလူကလည်း တခြားမဟုတ်ဘူး၊ ကိုယ့်ရဲ့ဘော်ဒါ ဟောင်းကြီးပါ"

နန်းမဖြူလည်း သက်ပြင်းတစ်ချက်ချလိုက်ပြီး-
"အစ်ကိုက အဲဒီငွေသိန်းနှစ်ဆယ်အတွက် စိတ်ညစ်နေတာလား၊ ဒါများအစ်ကိုရယ် စိတ်ညစ်စရာမလိုပါဘူး၊ ပြန်ရှာလို့ရပါတယ်၊ အစ်ကိုအဲဒီအတွက် ဘာမှစိတ်ညစ်မ နေပါနဲ့၊ ပြီးခဲ့တာတွေလည်း ပြီးသွားပါပြီ၊ ကဲ…ကဲ…အစ်ကိုကြီး အိပ်ပျော်အောင် အိပ်တော့နော်၊ မနက်ဖန်ကျလို့ရှိရင် သူဌေးကြီးက လေယာဉ်ကွင်းအစောကြီး သွားစရာ ရှိလို့တဲ့၊ မနက်ဖန်အစောကြီးထရမယ်၊ အစ်ကိုအိပ်တော့"

ခွန်မောင်မဲသည် စိတ်နဲ့နာမည် အရမ်းလိုက်ဖက်ပါသည်။ နာမည်က မောင်မဲ၊ အသည်းနှလုံးလည်း မဲညစ်သူဖြစ်သည်။ သို့ပေမယ့် အသားသာမဲသည်၊ ရုပ်ကလေးက မဆိုးလှ၊ ရုပ်ဖြောင့်သောယောက်ျားတစ်ယောက်အတွက် ရှိသင့်ရှိထိုက်တဲ့ မျက်နှာပုံ သဏ္ဍာန်၊ ခန္ဓာကိုယ်တည်ဆောက်မှုတွေကို သူပိုင်ဆိုင်ထားလေသည်။ ဒါတင်မက သေးပါ၊ တစ်ဖက်သားကို စိတ်တွေနူးညံ့သွားအောင် ၊၀မ်းနည်းစရာတွေပြောပြရင်လည်း မျက်ရည်ထွက်ကျလောက်အောင်၊ သူကြိုက်တဲ့ကောင်မလေးတစ်ယောက်ယောက်ကို တွေ့လျှင်လည်း ဘ၀တစ်ခုကို ပုံအပ်ရလောက်အောင် စကားပြောကောင်းပါသည်။ ဥပမာဖြင့်ပြရလျှင် ခွန်မောင်မဲသည် ကျီးအာသီးနဲ့သာ တူပါတော့သည်။

နန်းမဖြူသည် ယုံလွယ်သူအမျိုးသမီးဖြစ်ပါသည်။ အကျိုးသင့်၊ အကြောင်းသင့် မစဉ်း စားတတ်။ ယုံပြီဆိုလျှင် မျက်စိမှိတ်ယုံတတ်ပါသည်။ ခွန်မောင်မဲ မျက်နှာမသာမယာ ဖြစ်လာတာသည် ဟန်ဆောင်ခြင်းမျှသာဖြစ်၏။ တကယ်တော့ နန်းမဖြူသည် သဒ္ဓါနဲ့ ပညာမမျှသူဖြစ်သည်။ အထက်က ခွန်မောင်မဲပြောသမျှတွေဟာ နန်းမဖြူကို လိမ်လည်ပြီးပြောတာတွေဖြစ်သည်။ သို့သော် မည်သို့ပင်လိမ်လိမ် နန်းမဖြူတစ်ယောက် အမြဲတမ်းအဟုတ်ချည်းပြောသည်ဟု ထင်နေသည်ချည်း။ တကယ်တော့ ခွန်မောင်မဲ သည် ငွေသိန်းငါးဆယ်ကို သူ့မယားကြီးသူပြန်အပ်နှံထားခြင်းဖြစ်ပါသည်။

ဒါတင်မကသေးပါဘူး။ ခွန်မောင်မဲနဲ့နန်းမဖြူတို့အတူစုထားတဲ့ ငွေမှန်သမျှ ခွန်မောင် မဲက သူ့မယားကြီးအတွက် တိုက်ဆောက်ပေးထားသည်။ နန်းမဖြူ ထိုင်းကိုထွက် သွားသည်မှာ ဆယ်နှစ်တောင်ကြာသွားပြီ၊ တစ်ခါမှ ရွာကိုအလည်မပြန်သေး။ နန်းမဖြူ တွေးထားသည်မှာ ထိုင်းကပြန်သွားရင် သူတို့နှစ်ယောက်ဆောက်ထားတဲ့တိုက်ပေါ် တက်နေရုံပဲဟု တွေးထားသည်၊ မျှော်လင့်ထားသည်။

ခွန်မောင်မဲက နန်းမဖြူကို သူ့မယားကြီး ကွာရှင်းပြတ်စဲပြီဆိုတဲ့အကြောင်း အပီအပြင် လိမ်ထားသည်။ နေ့ရက်တွေ၊ လတွေ၊ နှစ်တွေကြာလာတော့လည်း နန်းမဖြူလည်း ခွန်မောင်မဲမှာ သူ့မယားကြီးနဲ့ မကွာသေးတဲ့အကြောင်း သိလာရသည်။ ပြီးတော့ သူတို့နှစ်ယောက်စုထားတဲ့ငွေတွေနဲ့ ဆောက်ထားတဲ့အိမ်ကိုလည်း သူ့မယားကြီးက အေးဆေးဇိမ်ခံပြီးနေနေကြောင်း ရှင်းရှင်းလင်းလင်း ကွဲကွဲပြားပြားသိလာရတော့သည်။

'ငါတို့နှစ်ယောက်ဆောက်ထားတဲ့အိမ်ပေါ်မှာ အစ်ကို့မယားတက်နေတယ်ဆို၊ အဲဒါ ညီမ လေးမကြိုက်ဘူး၊ သဘောမကျဘူး'လို့ နန်းမဖြူခဏခဏပြောဖန်များလာတော့ ခွန် မောင်မဲလည်း ညာဏ်နီညာဏ်နက်ထုတ်တော့သည်။ 'ညီမလေးမကြိုက်မှန်း အစ်ကို ကြီးသိတယ်၊ အဲဒါကြောင့် အဲဒီအိမ်ကြီးကို ရောင်းပစ်လိုက်ပြီ၊ ရောင်းလို့ရတဲ့ငွေကို တောင်ကြီးမြို့ပေါ်ဘဏ်တစ်ခုမှာ တက်အပ်ထားလိုက်ပြီလို့ လိမ်ပြန်တော့လည်း နန်းမဖြူယုံပြန်လေသည်။ နန်းမဖြူဘယ်လိုများ သွားနေမလဲအဲဒီတိုက်ပေါ်မှာ။ စာဖတ် သူသိကြတဲ့အတိုင်း ခြသေ့င်္နဲ့ကျား တစ်တွင်းတည်း၊ တစ်ဂူတည်း မည်ကဲ့သို့အောင်း နိုင်ပါမည်နည်း။ (လေးငါးယောက်တရားဝင်ယူထားသော အိမ်ထောင်သည်များအတွက် တော့ ချွင်းချက်ဖြစ်သည်။)

နန်းမဖြူရဲ့အစ်ကိုအစ်မတွေကလည်း နန်းမဖြူအပေါ်သံယောဇဉ်ရှိလေတော့ နန်းမဖြူ ကို 'မဖြူ နင်လည်ပစေနော်၊ ကိုယ့်အတွက်ကျန်အောင် လုပ်တတ်ပစေနော်၊ နင်က သူများမယားငယ်လေ၊ ကိုယ့်အတွက်ကျန်အောင် လုပ်ထားပါအုံး' လို့ အကြိမ်ကြိမ် ဆုံးမသတိပေးပါသည်။ သို့သော် အဲဒီဆုံးမသတိပေးစကားတွေသည် နန်းမဖြူ အလေးမထား၊ ဂရုမစိုက်တာကြောင့် သဲထဲရေသွန်ချလိုက်သလိုဖြစ်သွားသည်။ အစ် ကိုအစ်မတွေက နန်းမဖြူကို ဆုံးမနေကြသော်လည်း နန်းမဖြူက သူ့ရှာဖွေထား တဲ့ငွေတွေကို အစ်ကိုအစ်မတွေက လိုချင်မက်မောသည်ဟု တစ်လွှဲကြီးထင်နေသည်။ 'မဖြူကုသိုလ်နဲ့မဖြူနေပါရစေ၊ ဖြစ်လာသမျှ မဖြူပဲခံရမှာပါ၊ လိုက်ပြီးပူမနေကြစမ်းပါ နဲ့'လို့ ပြန်ပြောတတ်ပါသည်။

လွန်ခဲ့တဲ့ဆယ်နှစ်လောက်က နန်းမဖြူနဲ့အဖော်သူငယ်ချင်းမနှစ်ယောက် ရွာမှာဝမ်းစာ ရှာဖွေရတာ မလွယ်ကူသည်မို့ ထိုင်းဘက်ကိုထွက်သွားပြီး အလုပ်သွားလုပ်ကြ၏။ နန်းမဖြူသူငယ်ချင်းနှစ်ယောက်ကတော့ လိမ္မာရေးခြားရှိလှသည်။ ရှာဖွေထားသမျှပိုက် ဆံကို မိဘ၊ ညီကိုမောင်နှမဆီပို့ပြီး ပြန်သွားရင်အဆင်သင့်ရှိအောင် ရွှေငွေတွေ၊ လယ်ယာတွေဝယ်ထားခိုင်းပါသည်။ သို့ပေမယ့် နန်းမဖြူတစ်ယောက်တော့…

စာရေးသူအမြင်ပြောရရင်ဖြင့် ကိုယ့်ရပ်ကိုယ့်ရွာမှာ ၀မ်းစာရှာဖွေရတာ အခက်အခဲမရှိ ဘူးဆိုရင်၊ ချောင်ချိနေမယ်ဆိုရင် ထိုင်းနိုင်ငံဘက်ထွက်ပြီး အလုပ်ဘယ်သွား လုပ်မှာ လည်း။ သူများနိုင်ငံမှာနေရတာက သူများအိမ်နေရသကဲ့သို့ဖြစ်သည်။ ဘာပဲလုပ်လုပ် သူများမျက်နှာကြည့်ရသည်ချည်း။ ကိုယ့်ရပ်ကိုယ့်ရွာ၊ ကိုယ့်ပြည်ကိုယ့်နိုင်ငံလောက် တော့ ဘယ်သာယာလိမ့်မလဲ။

စာရေးသူက တစ်ချိန်က သူငယ်ချင်းတစ်ယောက်ကို မေးဖူးလေ၏။ သူ့အလုပ်၊ သူ့စီးပွားရေးက သိပ်မဖြူစင်တာကြောင့် စာရေးသူက 'ဟေ့ သူငယ်ချင်း မင်းဒီလိုစီပွား ရေးလုပ်တော့ ငရဲမကြောက်ဘူးလား'လို့မေးလိုက်ပါသည်။ 'ကိုယ့်လူ ငရဲဆိုတာ နောက်မှကျမှာ၊ လောလောဆယ် စားရဖို့က အဓိကကျပါတယ်၊ ခုလောလောဆယ် ချမ်းသာရင်တော်ပြီပေါ့၊ နောက်ဘ၀ဆိုတာ မြင်ရတာမဟုတ်ဘူး'တဲ့။ ဒါကြောင့် လူမိုက်ဆိုသည်မှာ မထူးဇာတ်ခင်းပြီးမိုက်ခြင်းရှိသကဲ့သို့၊ သက်သက်မိုက်သည်လည်း ရှိတတ်ပါသည်။ ပန်းတွေတင် အရောင်စုံသည်မဟုတ်။ လူတွေလည်း အရောင်စုံလှ ပါသည်။

နောက်ဆုံးအနေနဲ့ ပြောလိုသည်မှာ ကိုယ့်ရပ်ကိုယ့်ရွာမှာ ရှာရဖွေရတာမလွယ်ကူ သည်မို့ အမျိုးသားရော အမျိုးသမီးပါ ထိုင်းနိုင်ငံသွားရတာချင်းတူပါသည်။ 'လူမျိုးချင်း တူတာပဲ၊ မလိမ်မညာလောက်ပါဘူး'လို့ မတွေးလိုက်ပါနဲ့။ လူမျိုးချင်းတူပေမယ့် ပုထုဇဉ်ရှိသေးသည် ကောင်းသူရှိသလို ဆိုးသူတွေလည်းရှိပါသည်။ ချစ်တာတစ်ခု တည်းနဲ့ ဘ၀ပျက်မသွားအောင် ကြိုးစားရမည်ဖြစ်ပါသည်။ နောင်တရချိန်မှာ ပြင်ဆင် ခွင့်မရှိတော့သည့်အခြေအနေမျိုး မဖြစ်ရလေအောင် အမျိုးသားရော၊ အမျိုးသမီးပါ ဆင်ခြင်သင့်လှပါတော့သည်။
http://www.taukpakyesin.com/မှဖေါ်ပြပါသည်။

3 comments:

phoye2009@gmail.com said...

ဒီလိုပါပဲ...လူတချို့ ကမကောင်းကြဘူး
ကိုယ့်ဒူးကိုယ်တောင်မှယုံရတာမဟုတ်ဘူးလေ။
ကံဆိုတာအလုပ်ပဲ။
ကံတရားကိုပုံလို့မရဘူး။ကြားဖူးတာလေးတွေမန့်သွားတယ်နော်။
မနန္ဒာနေကောင်းလား....လာလည်ရင်းနဲ့ပွားသွားတယ်နော်။
အာရီဂတောအိုဂျိုင်မာစတာ့။ဟီးဟီး...........

Aye Nandar Aung said...

phoye2009ရေ...လာလည်တာရော၊ မန့်သွားတာရော နေကောင်းလားလို့ နှုတ်ဆက်တာရော ကျေးဇူးပါ။ နေကောင်းသွားပါပြီ။ (အာရီဂတောအိုဂျိုင်မာစတာ့)အဲဒါတော့မသိဘူး။ မနန္ဒာကျန်းမာပါစေလို့ ဆုတောင်းပေးတာ နေမှာပေါ့နော့.....

Yone Pauksa said...

အမနန္ဒာရေ အမစာတွေကို အမြဲဖတ်ဖြစ်ပါတယ်.. ဒီပို့စ်လေးကတော့ ညီမတို့ ပတ်ဝန်းကျင်မှာ အတွေ့ရအများဆုံး ပြဿနာတွေဘဲပေါ့.. အမလို ညီမလေးလဲ ရေးတတ်ချင်မိတယ်.. အမ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ပါစေနော်..

Post a Comment