လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြပါစေ။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ။

Saturday, March 29, 2014

ရှက်လို့ပါကွယ်

ဆိုင်ဘေးမှာ အသက်(၅၀)အရွယ်နဲ့ အသက်(၇၀)ကျော်အရွယ် အိမ်ခြေမဲ့ ဂျပန်အမျိုးသား(၂) ဦးရှိတယ်။

သူတို့(၂)ဦးထဲက အသက်(၇၀)ကျော်အရွယ်ရှိ အဖိုးအိုက
နေ့အခါမှာ ရုံးခန်းအဖြစ်ဖွင့်ထားတဲ့ အဆောက်အအုံတွေ ပိတ်ရင် အဲသည့်အဆောက်အအုံရှေ့မှာ အိပ်ယာခင်းပြီး ညအိပ်ရတယ်။

ချမ်းအေးလှတဲ့ ဂျပန်ဆောင်းတွင်းရဲ့ ရာသီဥတုဒဏ်ကို ကြံကြံ့ခံရင်း ဒူးခေါင်းနှစ်လုံးကြားထဲ ခေါင်းထိုးထည့်ပြီး၊
အဆောက်အအုံတွေ အပိတ်ကို စောင့်နေတတ်တဲ့ အဖိုးအိုပိန်ပိန်လေးကို အခါသင့်ရင် သင့်သလို ကျွန်ုပ်က အစားအသောက်လေးများ ဝယ်ပြီး သွားပေးလေ့ရှိတယ်။

သွားပေးတဲ့အခါ " အဖိုး ဒီမှာ ထားခဲ့ပြီနော်" ဆိုပြီး သူ့ရှေ့မှာ ချပေးခဲ့ပြီး ဆိုင်ထဲပြန်ဝင်လာလေ့ရှိတယ်။ သူဘယ်အချိန်မှာ ခေါင်းထွက်လာပြီး စားလိုက်လဲဆိုတာတော့ မသိဘူးပေါ့။

(၃)ကြိမ်မြောက် သွားပေးတဲ့နေ့ကျတော့ ထုံးစံအတိုင်း " အဖိုး ဒီမှာ ထားခဲ့ပြီနော် " လို့ ပြောပြီး လှည့်အထွက်မှာ နောက်ဖက်ဆီက " အာနို...." ဆိုတဲ့ အသံပြုသံကို ကြားလိုက်ရတယ်။
ပြန်လှည့်ကြည့်လိုက်တော့ အဖိုးအိုက ခေါင်းထွက်လာပြီး " ဟိုလေ မိန်းကလေးရယ် မင်းပေးတာတွေကို အရမ်းကျေးဇူးတင်ပါတယ်၊ ဒါပေမယ့်လေ ငါတခုပြောချင်တယ်" တဲ့။
ကျွန်ုပ်က " ဘာများလဲ အဖိုး" ဆိုတော့၊
" ငါ့မှာ မိန်းကလေးကို ပြန်ပေးစရာ ဘာမှ မရှိဘူး" တဲ့။
" ကျမက အဖိုးဆီက တစုံတခု လိုချင်လို့ ပေးနေတာမှ မဟုတ်ဘဲ၊ စေတနာသက်သက်ပါ။ စိတ်ထဲမထားပါနဲ့ " လို့ ပြောတော့
" ငါမကောင်းဘူးနော်" လို့ ပြောပြီး ကျန်ခဲ့တယ်။

ဒီလိုနဲ့ ကျွန်ုပ်အလုပ်ရက်ဆက်မသွားဘဲ အလုပ်ပြန်ဆင်းတဲ့ နေ့မှာတော့ အလုပ်က ဂျပန်တွေက ဝိုင်းပြောကြတယ်။
နင့်ကို ဟို homeless အဖိုးကြီး လာလာရှာတာ၊ (၃)ရက်ဆက်တိုက်ရှိနေပြီတဲ့။ မြန်မာမလေးရော မြန်မာမလေးရောနဲ့တဲ့။ သူအလုပ်ထွက်သွားပြီလားတဲ့။ ငါတို့က ဘာကိစ္စရှိလို့လဲမေးတော့ ဘာမှ မဟုတ်ပါဘူးတဲ့။ နင်နဲ့ဘယ်လို သိနေတာလဲလို့လည်း ဝိုင်းမေးကြတယ်။
ဒါနဲ့ ကျွန်ုပ်လည်း ဖြစ်ကြောင်းကုန်စင်ကို ပြောပြတော့ သူတို့သိထားသလောက် ပြန်ပြောပြချက်အရဆိုရင် အဲ့သည့် အဖိုးအိုက မျက်လုံး တော်တော်လေးကို မကောင်းဘူးဆိုပဲ။ လူတွေကို မျက်နှာမမှတ်မိဘူးတဲ့။ အသံပဲ မှတ်ထားရတာတဲ့။
ငယ်စဉ်က ဘယ်လိုတွေ ဖြစ်ခဲ့လို့ အခုလို homelessဘဝရောက်ရလဲတော့ ကျွန်ုပ်မသိဘူးပေါ့နော်။ အခုချိန်မှာတော့ ဂရုဏာသက်စရာပါပဲ။

ဒါနဲ့ ကျွန်ုပ်လည်း နားချိန်ကျတော့ အဖိုးအိုထိုင်နေတတ်တဲ့ နေရာလေးဆီသွားပြီး
" အဖိုး" လို့ပဲ အသံပြုရသေးတယ်။ အရွယ်နဲ့မလိုက်အောင် ခေါင်းကို ဆတ်ခနဲထောင်ပြီး " မြန်မာမလေးလား၊ ပြန်လာပြီလား " လို့ ဝမ်းသာအားရနဲ့ မေးတယ်။
ပြီးတော့ " ဒီ ဒီ ဒီမှာလေ ငါရထားတာလေးတွေ နင့်ကို ပေးချင်လို့ပါ " ဆိုပြီး သူ့အိတ်ကြီးထဲက ခက်ရာခက်ဆစ်နှိုက်ထုတ်ပြီး တစုံတခုကို ကျွန်ုပ်ကို လှမ်းပေးတယ်။

ကြည့်လိုက်တော့ ဆောင်းတွင်းမှာ သုံးတဲ့ အနွေးထုတ်လေးတွေ။ ဂျပန်မှာ ဆောင်းတွင်းဆို ကျောကုန်းတို့၊ ခါးတို့၊ ခြေဖဝါးတို့မှာ အအေးဒဏ် သက်သာစေဖို့ အသားမှာ(သို့) အောက်ခံအဝတ်မှာ ကပ်လေ့ရှိတဲ့ အနွေးထုတ်လေးတွေပါ။ အဲ့ဒါလေးကပ်ထားရင် လေးငါးနာရီလောက်တော့ ကပ်ထားတဲ့ နေရာတဝိုက်က နွေးနေတယ်။

" အဖိုးဒါတွေဝယ်ထားတာလား" မေးတော့၊
" မဟုတ်ဘူး ငါ့ကို ဒီလိုပဲ ပေးပေးသွားကြတာ၊ ငါစုထားတာ။ မိန်းကလေးကို တခုခု ပြန်ပေးချင်လို့ " တဲ့လေ။

" မဟုတ်တာပဲ အဖိုးရယ်။ အဖိုးက အပြင်မှာ နေရတဲ့သူလေ။ အဖိုးသုံးပါ " လို့ ကျမကပြောတော့ သူက တခွန်းပြန်ပြောတယ်။ သူပြောလိုက်တဲ့ စကားက ကျမရင်ထဲမှာ " ဟင် " ကနဲ နေသွားတယ်။ ပြီးတော့ မျက်နှာပေါင်းများစွာကိုလည်း ပြေးမြင်မိတယ်။

သူပြောလိုက်တာက " မိန်းကလေးရယ်၊ ငါက မျက်လုံးမကောင်းလို့ အလုပ်မလုပ်နိုင်လို့ ဒီလိုဖြစ်နေပေမယ့်၊ ငါ့ဆီက ဘာမှ ပြန်မလုပ်ပေးနိုင်ဘဲ သူတပါးဆီက အမြဲလိုလို ဒီအတိုင်းကြီး အလကားယူနေရမှာတော့ ရှက်လို့ပါကွယ် " တဲ့။

ကျွန်ုပ်ပြေးမြင်မိတဲ့ မျက်နှာများကတော့ သူတပါးဆီက အရှက်မရှိ အချောင်လိုချင်ရုံသာမက မပေးချင်တာကိုပါ မတရားလိုချင်ကြသော မျက်နှာများဖြစ်တယ်ဆိုတာကိုတော့ ပြောဖို့လိုမယ်မထင်တော့ပါဘူးလေ။

နန္ဒာ

0 comments:

Post a Comment