လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြပါစေ။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ။

Tuesday, December 14, 2010

တောင်အာဖရိကတွင်ကျင်းပတဲ့ကျောင်းသားလူငယ် ပွဲတော်ကိုမြန်မာကျောင်းသားကိုယ်စားလှယ်တက်ရောက်

ကိုညီ။ ဒီဇင်ဘာ ၁၄ ရက်၊ ၂၀၁၀

တောင်အာဖရိကနိုင်ငံတွင် ကျင်းပနေတဲ့ ၁၇ ကြိမ်မြောက် နိုင်ငံတကာ ကျောင်းသားလူငယ်ပွဲတော်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ အဖွဲ့ချုပ် ဦးကျော်သန်း တက်ရောက်နေကြောင်း ယနေ့မြန်မာက သတင်းရရှိပါတယ်။ အခု ကျင်းပနေတဲ့ ၁၇ ကြိမ်မြောက် နိုင်ငံတကာ ကျောင်းသားလူငယ်ပွဲတော်ကို ၁၉၄၅ ခုနှစ်တွင် လန်ဒန်မှာ အခြေစိုက် ဖွဲ့စည်းတဲ့ ကမ္ဘာ့ ဒီမိုကရက်တစ်လူငယ်များ အဖွဲ့ (World Federation of Democratic Youth) အဖွဲ့က စီစဉ် ကျင်းပတာ ဖြစ်ပြီး ပွဲတော်ကို နိုင်ငံတကာမှာ ၁၉၄၅ ခုနှစ်မှ စတင် ကျင်းပခဲ့ရာ ၁၉၅၀ - ၆၀ နှစ်များက မြန်မာနိုင်ငံကိုယ်စားပြုပြီး ဒဂုံတာရာ၊ လူထုဒေါ်အမာ၊ ဂျာနယ်ကျော်မမလေး စတဲ့ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ အဖွဲ့ချုပ်အနေနဲ့ကတော့ နိုင်ငံတကာ ကျောင်းသားလူငယ်ပွဲတော်ကို ၁၉၉၈ ခုနှစ်မှစတင်ကာ အခုအကြိမ်အထိ လေးကြိမ် တက်ရောက်ခဲ့ကြောင်း သိရှိရပါတယ်။ ယနေ့မြန်မာက ဦးကျော်သန်းကို ဆက်သွယ်ပြီး ကျောင်းသားလူငယ်ပွဲတော် တက်ရောက်ခဲ့ခြင်းနဲ့ ပတ်သက်လို့ မေးမြန်းခဲ့ရာ “ကျွန်တော်တို့က ကမ္ဘာ့ ဒီမိုကရက်တစ်လူငယ်များ အဖွဲ့မှာ အဖွဲ့ဝင်ဖြစ်တဲ့အခါ ဒီလို ပွဲလုပ်တိုင်း ကျွန်တော်တို့ကို ဖိတ်တယ် ပေါ့။ ကျွန်တော်တို့ တက်တာ လေးကြိမ် ရှိပါပြီ။ ၁၉၉၈ တုန်းက ကျူးဘား၊ ၂၀၀၁ မှာ အယ်လ်ဂျီးရီးယား၊ ၂၀၀၇ မှာ ဗင်နီဇွဲလား၊ အခု ၂၀၁၀ မှာ တောင်အာဖရိကမှာ လုပ်တယ်။“ လို့ ပြောပြပါတယ်။

ဒီနှစ် တောင်အာဖရိကနိုင်ငံ မြို့တွင် ကျင်းပနေတဲ့ ကျောင်းသားပွဲတော်ကို နိုင်ငံပေါင်း ၁၂၀ မှ ကျောင်းသားလူငယ် နှစ်သောင်းကျော် တက်ရောက်နေပြီး မြန်မာနိုင်ငံကတော့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ အဖွဲ့ချုပ် ဦးကျော်သန်း တဦးတည်းသာ တက်ရောက်တာ ဖြစ်ပါတယ်။ တက်ရောက်တဲ့ ကျောင်းသားကိုယ်စားလှယ်များနဲ့ ပတ်သက်ပြီး ဦကျော်သန်းက
“ကျွန်တော်တို့လို နိုင်ငံ သုံးလေးဆယ်ကတော့ တယောက်စီ ပေါ့။ ကျန်တဲ့နိုင်ငံတွေကတော့ ဆယ်ယောက်၊ အယောက် ၅၀၊ တချို့နိုင်ငံတွေကတော့ သုံးရာ၊ လေးရာ၊ အဲဒီလို တက်ရောက်ပါတယ်။ အာဖရိကမှာ လုပ်တော့ အာဖရိကတိုက်က တက်တဲ့သူ ပို များတာပေါ့။ နှစ်သောင်းကျော်အထဲက တသောင်းကျော်က အာဖရိကတိုက်က ကိုယ်စားလှယ်တွေ ပေါ့။“ လို့ ရှင်းပြပါတယ်။

ကျောင်းသားလူငယ်ပွဲတော် ဖွင့်ပွဲကို ၂၀၁၀ ဒီဇင်ဘာ ၁၃ ရက်နေ့က ကျင်းပပြီး ဆွေးနွေးပွဲများနဲ့ အခမ်းအနားများကိုတော့ ဒီဇင်ဘာ ၁၄ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပ ပြုလုပ်မှာ ဖြစ်ပါတယ်။ ကျောင်းသားလူငယ်ပွဲတော် ဖွင့်ပွဲ၊ ဆွေးနွေးပွဲများနဲ့ ပတ်သက်ပြီးလည်း “ဖွင့်ပွဲက တော်တော် ခမ်းခမ်းနားနား လုပ်ပါတယ်။ အစိုးရအခမ်းအနားပုံစံမျိုး၊ လေယာဉ်ပျံတွေနဲ့ အလေးပြုတာတွေနဲ့ အစ ပေါ့။ အခုပွဲကို တောင်အာဖရိကနိုင်ငံ ပရီတိုးရီးယား (Pretoria) မြို့မှာ ကျင်းပပြုလုပ်တာပါ။ လူကများတော့ ပရိဿတ်များများဆန့်တဲ့ ကမ္ဘာ့ဖလားဘော်လုံးပြိုင်ပွဲ လုပ်ခဲ့တဲ့ အားကစားရုံတွေမှာ လုပ်တာတွေ များပါတယ်။ ဒီ အခမ်းအနားတွေက တိုးတက်တဲ့ အင်အားစုတွေက ဦးစီးတာဆိုတော့ နိုင်ငံရေးက အဓိက ပေါ့ ဗျာ။ ဒီမိုကရေစီရေး တို့။ ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ (World Trade Organization) ၊ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ (International Monetary Fund) တို့ကို ဆန့်ကျင်တဲ့ နိုင်ငံရေးကိစ္စတွေ များတယ်။ နောက် လူ့အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး၊ ဒီမိုကရေစီကိစ္စတွေ၊ အသားအရောင် ခွဲခြားမှု၊ မျိုးနွယ်ခွဲခြားမှု ဆန့်ကျင်တဲ့ကိစ္စတွေပါတာပေါ့ ဗျာ။

ကျွန်တော်ကတော့ ကိုယ့်တိုင်းပြည်အခြေအနေအရ ဒီမိုကရေစီခေါင်းစဉ်အောက်မှာ ဆွေးနွေးဖို့ ပြင်ဆင်ထားတာပေါ့။ ကျွန်တော်တို့အမြင် ပေါ့။ တကမ္ဘာလုံးမှာ ဒီမိုကရေစီ မခံစားရတဲ့ ပြည်သူက ကမ္ဘာ့လူဦးရေ သုံးပုံနှစ်ပုံ ရှိတယ်လို့ ခန့်မှန်းထားတာပေါ့ ဗျာ။ ကျွန်တော်တို့က အာဏာရှင်လက်အောက်က နိုင်ငံဆိုတော့ ဒီ အခြေအနေအောက်က ပြည်သူတွေ လွတ်မြောက်ရေးအတွက် သူ့နိုင်ငံကိုယ့်နိုင်ငံ အတွေ့အကြုံတွေ ဖလှယ်ကြတာပေါ့ ဗျာ။ ဒီခေါင်းစဉ်အောက်မှာ ပြောမယ့်သူ ငါးယောက်အနက် ကျွန်တော်က တယောက် ပေါ့။“ လို့ ဦးကျော်သန်းက ရှင်းပြပါတယ်။

အဲဒီ ကျောင်းသားလူငယ်ပွဲတော်သို့ မြန်မာ့အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဗီဒီယိုမိန့်ခွန်း ပေးပို့ခဲ့ကြောင်း သတင်းရရှိပါတယ်။

BURMA TODAYမှအကိုမြင့်လှိုင်ပေးပို့ပါသည်။


(သတင်းရင်းမြစ် - ယနေ့မြန်မာ)

0 comments:

Post a Comment