လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြပါစေ။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ။

Saturday, March 29, 2014

မြန်မာပြည်မှာ Credit မရတဲ့ ကိုအီစွတ်

ပြီးခဲ့တဲ့ အင်္ဂါနေ့က လိုအပ်တဲ့ ဂျပန်စာအုပ်လေးတွေရှိတာနဲ့ပဲ တိုကျို IKEBUKUROက JUNKUDO ကို ဂျပန်ဆရာမကြီးနဲ့အတူ ရောက်ခဲ့တယ်။ ဒီမှာဝယ်လို့ရတဲ့ စာအုပ်လိုတိုင်း JUNKUDOမှာပဲ ဝယ်လေ့ရှိတယ်။ ဝယ်နေကျမို့ အမှတ်တမဲ့ဖြစ်နေပေမယ့် သတိထားမိတဲ့အခါကျတော့ စာအုပ်ဆိုင်ဆိုပေမယ့် စာအုပ်ဆိုင်ကောင်တာက မြန်မာပြည်က ဆီဒိုးနားကောင်တာနီးနီး ခမ်းနားတယ်။ ပြောမယုံမှာဖြစ်မှာစိုးလို့ ပုံလေးတွေပါ ပူးတွဲဖေါ်ပြလိုက်ပါတယ်။


စာအုပ်ဆိုင်ဆိုပေမယ့် စာအုပ်ကုန်တိုက်လို့ ပြောလို့ရတယ်။


မြန်မာပြည်မှာတော့ စာအုပ်စာပေကို အဲ့သည့်လောက် ရင်းနှီးမြှုပ်နှံမှုအားကောင်းကောင်းနဲ့ စီးပွားရေးလုပ်လို့မရနိုင်သေးဘူး။ ဘာလို့လဲဆိုတော့ စာဖတ်တဲ့သူက တပြည်လုံး အတိုင်းအတာနဲ့ဆို အင်မတန် နည်းနေသေးတယ်။ အထူးသဖြင့် စာကောင်း ပေမွန်ဖတ်သူဆို ပိုနည်းသေးတယ်။

လုပ်တဲ့သူက ခွက်ခွက်လန်အောင် ရှုံးသွားမှာ ဖြစ်တဲ့အပြင် " စောက်ရူး။ ဒီလောက် ခမ်းခမ်းနားနားကြီး လုပ်ပြီး ဟိုတည်ထောင်စားလိုက်ရင် ပြီးတဲ့ဟာကို၊ ဒီမှာ နေ့စဉ်နဲ့အမျှ ဘိရှာနေသူတွေ ပေါမှပေါ" လို့အပြောခံရမယ်ထင်တယ်။
ဒါကိုကြည့်ခြင်းဖြင့် ကျွန်ုပ်တို့တိုင်းပြည်မှာ ဘာတွေပေါပြီး ဘာတွေရှားနေသေးတယ်ဆိုတာကို ဝမ်းနည်းဖွယ်ရာ သုံးသပ်မိတယ်။

ဂျပန်နိုင်ငံမှာ ဘယ်လိုပဲ ခေတ်မီစက်ပစ္စည်းတွေ တိုးတက်နေပေမယ့်လည်း စာဖတ်ကြပါတယ်။ အရင်ကထက်စာရင် စာအုပ်နဲ့စာဖတ်တဲ့ လူဦးရေ လျော့နည်းသွားတာပဲရှိတာပါ။ စာအုပ်အစား i padနဲ့ဖတ်တယ်။ i phoneနဲ့ ဖတ်တယ်။ Android phoneနဲ့ဖတ်တယ်။ Tabletနဲ့ဖတ်တယ်။ စာဖတ်တာကတော့ ဖတ်နေကြတာပါပဲ။

စောစောက စာအုပ်တိုက်ကြီးဟာ အသွင်အပြင် ခမ်းနားသလောက် စာအုပ်လာဝယ်ကြတဲ့ ဂျပန်လူမျိုးအများစုရဲ့ အမူအကျင့်ဟာလည်း လေးစားစရာ ကောင်းပါတယ်။


ကိုယ့်အရိပ်ကိုယ် ပြန်မြင်နေရလောက်အောင် ပြောင်လက်တောက်ပနေတဲ့ ကြမ်းပြင်မှာ ဘယ်သူမှ အမှိုက်ချလေ့မရှိဘူး။ မိုးရွာတဲ့နေ့ဆို စာအုပ်တိုက်အပေါက်ဝမှာ ပေးထားတဲ့ ထီးစွပ်အိတ်ထဲကို ထီးကို သေသေချာချာထည့်ပြီးမှ အဆောက်အအုံအတွင်း ဝင်လေ့ရှိတယ်။ မိုးရေစိုနေတဲ့ ကိုယ်ဖိနပ်တွေကိုလည်း အပေါက်ဝမှာ သေသေချာချာ ပြောင်အောင်သုတ်ပြီးမှ ဝင်တယ်။


ဒို့များ မြန်မာတွေ ဘုရားပေါ်တက်၊ ဘုန်းကြီးကျောင်းထဲဝင်ရင်တောင် အဲ့လောက် စည်းကမ်းရှိပါ့မလားမသိဘူး။

ကိုယ်ဖတ်ချင်တဲ့စာအုပ်ကို မြည်းစမ်းဖတ်ကြည့်လို့ရအောင် စာထိုင်ဖတ်လို့ရတဲ့ ထိုင်ခုံနေရာလေးတွေ လုပ်ပေးထားတယ်။ တနေကုန်ထိုင်ဖတ်လည်း ရတယ်။ စာအုပ်တိုက်ဟာ သူ့အထပ်နဲ့သူ အထပ်အလိုက် စာအုပ်အမျိုးအစားတွေ ခွဲထားပြီး စုစုပေါင်း (၁၁)ထပ်ရှိတယ်။ စာဖတ်သူ၊ စာအုပ်ရွေးသူတွေ အထပ်လိုက်ရှိကြပေမယ့် စာအုပ်တိုက်ကြီးဟာ ဆူညံမနေဘူး။ စာကြည့်တိုက်တခုလို တိတ်ဆိတ်နေတယ်။ နွေအခါဆို အဲကွန်းနဲ့ ဆောင်းအခါဆို Heaterနဲ့။ ဒို့များ မြန်မာပြည်မှာသာ အဲ့လို တိတ်ဆိတ်လှပစွာ လုပ်ပေးထားရင် စာအုပ်မဝယ်ဘဲ၊ စာမဖတ်ဘဲ ချောင်တွေ ချောင်တွေမှာ လာအိပ်နေလိုက်မယ့်ဖြစ်ခြင်း။

အထပ်(၁၁)ထပ်စလုံးမှာ စာအုပ်တွေ အပြည့်ရှိပေမယ့် ငွေရှင်းကောင်တာက အောက်ထပ်တခုတည်းမှာပါပဲရှိတယ်။ ကိုယ်လိုချင်တဲ့စာအုပ်ရရင် အောက်ဆုံးထပ်အထိသွားပြီး ကောင်တာမှာ တန်းစီပြီး ငွေရှင်းရတယ်။

အထပ်တိုင်းရဲ့ စာအုပ်စင်တွေကြားမှာလည်း staffတွေ ရှိမနေဘူး။ လွတ်လပ်စွာ ရွေးချယ်နိုင်တယ်။ CCTVတော့ နေရာတိုင်းလိုလိုမှာ တပ်ထားတယ်။ ဒို့များ မြန်မာပြည်မှာဆို ကစ်လို့၊ ကဲ့လို့၊ ဗုန်းလို့ ကောင်းလိုက်မယ့် ဖြစ်ခြင်း။

ထားပါလေ။ ဒါက စကားကြုံလို့ စာအုပ်တိုက်အကြောင်း ပြောပြတာပါ။ ပြောချင်တာက ဒို့တိုင်းပြည်မှာ ကိုအီစွတ် Credit မရတဲ့အကြောင်းပါ။ ကိုအီစွတ်ဆိုလို့ ကိုဂဏန်းမျိုးချစ်တို့က နားစွင့်ပြီး ရန်ဖြစ်ဖို့ ထောင်ထ လာကြမလားမသိဘူး။ ကျွန်ုပ်ပြောတဲ့ ကိုအီစွတ်က ဘီစီ (BC) 620ခန့်က မွေးပြီး  BC (560) လောက်မှာ အသတ်ခံလိုက်ရတဲ့ အာဖရိကလူမည်း ငွေဝယ်ကျွန် ကိုအီစွတ် ( Mr Aesop) ပါ။

အဲ့သည့်နေ့က ကျွန်ုပ်တို့ ၂ယောက်သား နိုင်ငံခြားဘာသာစကားနဲ့ ပါတ်သက်တဲ့ စာအုပ်တန်းတွေကြားမှာ လှည့်လည်ရင်း ဟိုစာအုပ် ကောက်ကိုင်၊ ဒီစာအုပ်ကောက်လှန်ပေါ့။ ဒီမှာတင်ပဲ ဆရာမက ကျွန်ုပ်ကို ဂျပန်လိုရေးထားတဲ့ အီစွပ်ပုံပြင်များ စာအုပ်ပြလာတယ်။ နင်ဖတ်ဖူးလားတဲ့။

မဲ့ပြုံးလေးတောင် ပြုံးလိုက်မိသေးတယ်။ " ဂျပန်လိုမဟုတ်ပေမယ့် ငါလေးတန်းလောက်ကတည်းက မြန်မာလို ဖတ်ဖူးတယ်လို့ " ခပ်ကြွားကြွားလေး ပြန်ဖြေလိုက်တယ်။ တကယ်ပဲ အဖေ မြေနီကုန်းညဈေး စာအုပ်အဟောင်းတန်းက ဝယ်ပေးထားလို့ အီစွတ်ပုံပြင်များ စာအုပ်ဟာ ကျွန်ုပ်အတွက် အိပ်ယာဝင်ပုံပြင်၊ မိုးရွာတဲ့နေ့ အမေရှိလို့ လမ်းမပေါ်ထွက် မိုးရေမချိုးရတဲ့နေ့တွေဆို စိတ်အဆာပြေ အိမ်ထဲမှာပဲ ဖတ်ရတဲ့ လက်စွဲတော်စာအုပ်ပါ။

စာအုပ်အသွင်အပြင်က ဝါကြန့်ကြန့်ဖြစ်နေပြီ။ ပုံပြင်တိုင်းရဲ့ရှေ့မှာ ပုံပြင်တပုဒ်ဆီရဲ့ အနှစ်သာရကို High Lightလုပ်ထားတဲ့ အင်္ဂလိပ်စာလေးတွေ ပါတယ်။ ဥပမာ Only One but a Lion ဆိုတာမျိုးပေါ့။

ပုံပြင်တပုဒ်အတွက် ဇတ်ဝင်ခန်းပုံ တပုံပါတယ်။ ပုံတွေဟာလုံးဟာ အဖြူအမဲနဲ့။ ကလေးတွေ ဖတ်ချင်စရာ စိတ်ဝင်စားစရာ သိပ်မကောင်းလှဘူး။

အခုနောက်ပိုင်းထုတ်တဲ့ ဆေးရောင်စုံအရုပ်ကလေးတွေ ဝေဝေဆာဆာနဲ့ စာအုပ်ပုံစံမျိုး မဟုတ်ဘူး။

ကျွန်ုပ်မှတ်မိသလောက်ဆို  " တကောင်တည်းပဲ ဒါပေမယ့် ခြင်္သေ့" တို့၊ မြေခွေး စပျစ်သီးချဉ်တာတို့၊ မြေခွေးနဲ့ နှင်းဆီပင်ရန်ဖြစ်တာတို့၊ မြေခွေးနဲ့ မိတ်ဆွေယောင်ဆောင်တဲ့ လယ်သမားတို့၊ မြေခွေးအမြီးပြတ်တို့၊ ခြင်္သေ့နဲ့လူသား၊ ရေတွင်းတဲ့ ပြုတ်ကျတဲ့ ဆိတ်ငယ်နဲ့ စကားများတဲ့ မြေခွေး စသဖြင့် စသဖြင့် အများကြီး မှတ်မိပါတယ်။

ဒါပေမယ့် ကျွန်ုပ်တသက်တာ မြန်မာပြည်က ပြဌာန်းစာအုပ်မှာ သင်ခဲ့ရတဲ့
" ယုန်နဲ့လိပ် " ဆိုတာဟာ မြန်မာ့ရိုးရာ ပုံပြင်လိုလို ဘာလိုလိုပေါ့နော်။ ဆယ်တန်းမှာဆို အင်္ဂလိပ်လိုသင်ရပေမယ့် ပုံပြင်ပိုင်ရှင်ကို ဖေါ်ပြခြင်း မရှိခဲ့ပါဘူး။


သားတွေခေါ်ပြီး ထင်းစည်းချိုးခိုင်းတဲ့ စည်းလုံးခြင်း ဥပမာပေး ပုံပြင်ဟာလည်း ငယ်ကတည်းက ရိုက်သွင်းခြင်းခံထားရတော့ စိတ်ထဲမယ် ခပ်တည်တည်နဲ့ ဒို့ဘိုးဘွားပိုင်ပေါ့နော်။ ကျောင်းစာအုပ်ထဲက သရုပ်ဖေါ်ပုံမှာဆို ဘကြီးက ထွင်းကွင်းတွေ ဘာတွေနဲ့ ထင်းစည်းကြီးကို ကိုင်လို့လေ။


" ပုရွက်ဆိတ်နဲ့နှံကောင် "ဆိုလည်း ပြဌာန်းစာအုပ်ထဲက ပုံပြင်ဆိုတော့ ဒို့များပိုင်ပဲ ထင်ကြတာပေါ့နော်။


" ခြင်္သေ့ကြီးကို ကြွက်ကလေးက ပိုက်ကြိုးတွေဖြတ်ပြီး ကယ်ပေးလိုက်တဲ့ ပုံပြင်ကိုလည်း ကိုအီစွတ်ပုံပါလို့ ပြဌာန်းစာအုပ်ထဲမှာ ထည့်မရေးထားဘူး။


နေ့စဉ် ရွှေဥတလုံး ဥပေးတဲ့ ငန်းကြီးကို သတ်လိုက်တဲ့ လောကကြီးသောငန်းရှင်ဟာလည်း ဒို့မြန်မာ လယ်သမားကြီးပဲလို့ ထင်ခဲ့တယ်။

ဒေါင်းယောင်သော ကျီးကိုလည်း ကိုယ့်တိုင်းပြည်က ဒေါင်းနဲ့ ကိုယ့်တိုင်းပြည်က ကျီးတို့ရဲ့ Problemလို့ပဲ ထင်ခဲ့တယ်။

နှုတ်မစောင့်သော လိပ်ဟာလည်း မိတ္ထီလာကန်တော်အောက်က လိပ်လို့ပဲ ထင်ခဲ့မိတာပေါ့။


အထက်က ကျွန်ုပ်ဖေါ်ပြတဲ့ ပုံပြင်တွေဟာလုံးဟာ ကျွန်ုပ်သင်ခဲ့ရတဲ့ ကျောင်းသုံးပြဌာန်းစာအုပ်က ပုံပြင်တွေပါ။ တနည်းပြောရရင် အီစွတ်ပုံပြင်တွေပါ။

" ကျား ကျား မီးယပ် " ဆိုတဲ့ စကားပုံဟာလည်း အီစွတ်ပုံပြင်က ဖြစ်လာပါလားဆိုတာ အဲ့နေ့က ဂျပန်မကြီးပြတဲ့ အီစွတ်စာအုပ်ကျမှ ဇါတ်ရည်လည်တော့တယ်။ ကျွန်ုပ်က ဦးနေဝင်းလက်ထက်ရဲ့ ပြဌာန်းစာအုပ်ကို သင်ခဲ့ရတာဆိုတော့ အဲ့တုန်းက ပြဌာန်းစာအုပ်ရေးတဲ့ ပုဂ္ဂိုလ်ကြီးများဟာ ဘာဖြစ်လို့ " အီစွတ်ပုံပြင်များမှ" တို့၊ Story teller by Aesopတို့ ဆိုပြီး Creditမပေးခဲ့ကြတာလဲ မသိဘူးနော်။

ဦးနေဝင်းကို ကြောက်လို့လား၊ ဒါမှမဟုတ် ပိုင်ရှင်က ငွေဝယ်ကျွန်မို့လို့ အရေးမထားတာပဲလား၊ ဘယ်လိုပဲဖြစ်ဖြစ် ကလေးတွေ အမှတ်မှားတာတော့ မကောင်းဘူးထင်တယ်။ နိုင်ငံတကာနဲ့ ယှဉ်လိုက်တဲ့အခါ စစ်မှန်တဲ့ ဗဟုသုတကိုပဲ ရစေချင်ပါတယ်။ စိတ်ထဲမယ် သိပ်ဘဝင်မကျလှဘူး။
ကိုယ့်ဟာမဟုတ်လည်း မဟုတ်ဘူးပေါ့။

ရေးလက်စနဲ့ အီစွတ်ဆိုသူ ငွေဝယ်ကျွန် အကြောင်းကိုပါ တခါတည်း ဆက်ရေးလိုက်ပါ့မယ်။ အီစွတ်ဟာ အင်မတန်မှ ထိမိပြီး အဓိပ္ဗါယ်ရှိလှတဲ့ ပုံပြင်များစွာကို ကျွန်ဘဝတလျှောက်လုံးမှာ ပြောခဲ့ပြီး၊ သူပြောခဲ့သမျှ ပုံပြင်တွေဟာလည်း ဓါးသွားလို ထက်လွန်းတာကြောင့် ယနေ့အချိန်အထိ ကမ္ဘာတဝှမ်း သန်းပေါင်းများစွာသော လူသားတို့ရဲ့ ဘဝအစိတ်အပိုင်းတွေ၊ ခံစားချက်နှလုံးသားတွေဟာ သူ့ပုံပြင်ဓါးချက်များနဲ့ မကင်းကြပါဘူး။

ဘယ်လောက်များ ထက်လိုက်လဲဆိုရင် သူ့ပုံပြင်ဓါးချက်နဲ့ပဲ သူဟာ အဆုံးစီရင်ခြင်း ခံလိုက်ရတယ်။ ယနေ့ခေတ် မြန်မာပြည်မှာ လူတချို့ သက်ဝင်ယုံကြည်ကြတုန်းဖြစ်တဲ့ နတ်ဘုရားမ၊ နတ်ဘုရားထီးတို့ကို အီစွတ်လို ငွေဝယ်ကျွန်တယောက်ကတော့ ဘီစီခေတ်ကတည်းက အယုံအကြည်မရှိတာကြောင့် ပုံပြင်လေး တပုံပြောပြခဲ့တယ်။

အဲ့သည့်ပုံပြင်ကြောင့် သူအသတ်ခံရတယ်။ အတိုချုပ်ပြောရရင် ဂရိပြည်အလယ်ပိုင်းမှာရှိခဲ့တဲ့ ဒယ်လဖိုင်( Delphi) မြို့ရဲ့ ဒယ်လဖိုင်နတ်ကွန်းမှာ အပိုလိုနတ်သားဝင်တယ်ဆိုပြီး ဗေဒင်လာမေးတဲ့သူတွေကို နတ်ပူးပြီး မပီမသ ဗလုံးပထွေး အသံတွေနဲ့ ပြောလေ့ဟောလေ့ရှိတဲ့ နတ်ဖုရားမဆိုတာရှိတယ်။

အဲ့သည့်နတ်ဖုရားမရဲ့ စကားတွေကို နတ်ဆရာတွေက အဓိပ္ပါယ်ဖွင့်ပေးကြတယ်။ သူ့ဟာနဲ့သူတော့ ဟုတ်နေတာပေါ့လေ။ ဒါကို အီစွတ်က အယုံအကြည်မရှိဘူး။ ဒါကြောင့် သူဟာ ပုံပြင်တပုဒ်ကို ထိုလူတန်းစားပြန်ကြားတဲ့အထိ ထိမိစွာ ပြောခဲ့တယ်။

 ဒါကြောင့်ပဲ သူ့ကို အဲ့သည့်နတ်ကွန်းရှိတဲ့နေရာ  မြင့်မားတဲ့ ချောက်ကမ်းပါးတစ်ခုကနေ တွန်းချပြီး အဆုံးစီရင်ခဲ့ကြတယ်။

(ဒါကတော့ Delphi နတ်ကွန်းပုံပါ)

သူပြောတဲ့ ပုံပြင်က ........
ကျောက်နံရံ ကမ်းပါးမြင့်တခုကနေ ပင်လယ်ထဲကို လှမ်းကြည့်နေတဲ့ ခ၇ီးသွားတစ်စုဟာ ဟိုးခပ်ပျပျမှာ မြင်နေရတဲ့ အရာတခုကို ကြည့်ပြီး သင်္ဘောကြီးတစီးဖြစ်လိမ့်မယ်လို့ ယူဆကြတယ်။ ကမ်းဘက်အတော်နီးလာတော့ သဘောင်္မဖြစ်နိုင် လှေတစီးသာဖြစ်လိမ့်လို့ ထင်ကြပြန်တယ်။ နောက်ဆုံး တကယ်အနီးရောက်လို့ သဲသဲကွဲကွဲ မြင်ရတဲ့အခါကျမှ ထင်းစည်းတစည်းသာ ဖြစ်နေတာကို တွေ့ရတယ်တဲ့။

ဒီပုံပြင်ကို ကြားလိုက်ရတဲ့ ဒယ်လဖိုင်နတ်ဆရာအဖို့ " ခင်ဗျားတို့ဟာ အဝေးကကြည့်တော့သာ ကြီးကြီးကျယ်ကျယ်နဲ့ ကြည်ညိုစရာလိုလိုပဲ၊ တကယ်အနီးကပ်ပေါင်းကြည့်တော့မှ အလကားလူတွေမှန်းသိရတယ်" လို့ အပြောခံလိုက်ရသလိုဖြစ်သွားခဲ့တယ်။
အဲ့သည့်ခေတ်က လူတွေရဲ့ ပူဇော်ပသခြင်းကို ခံနေရသူများဟာ လူ့အလွှာရဲ့ အောက်ဆုံးအနိမ့်ဆုံး ငွေဝယ်ကျွန်တယောက်ရဲ့ ထက်မြက်လှတဲ့ ထိုးနှက်ချက်ကို ကာကွယ်ဖို့ရာ ပုံပြင်ပိုင်ရှင်ကို အဆုံးစီရင်ရုံမှတပါး အခြားအရည်အချင်းများ မရှိပါသောကြောင့် တွေးခေါ်ပညာရှင်တဦး လောကကြီးမှာ အချိန်မတန်ဘဲ ဆုံးရှုံးခဲ့ရတယ်။

လောကကြီးမှာ ဘယ်ခေတ်ပဲဖြစ်ဖြစ် လူလိမ်တွေဟာ အမှန်တရားနဲ့ ထိတွေ့တဲ့အခါ တီဆားနဲ့တို့သလိုပဲ အမှန်တရားပမာဏ နည်းတာများတာ အပထား၊ အမှန်တရားဆိုတဲ့ ဆားပွင့်ဖြူဖြူလေးများဟာ တပွင့်ဆို ဆိုသလောက် လိမ်ကောက်သူ တီကောင်အဖို့တော့ ငရဲမီးပါပဲလားလို့ တွေးမိတယ်။ ဒို့ကလေးတွေလည်း ငယ်ကတည်းက အလိမ်မခံခဲ့ရဘူးလို့ ကပ်သပ်ပြောလို့ရပေမယ့် အမှန်နဲ့တော့ ဝေးခဲ့ကြတယ်ဆိုတာကို တွေးမိရင်း..........။ ငါသာ ကိုအီစွတ်ဆိုရင်တော့ ကရက်ဒစ်မပေးရင် စိတ်ဆိုးမှာပဲလို့။

နန္ဒာ

0 comments:

Post a Comment