လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြပါစေ။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ။

Saturday, March 29, 2014

သဒ္ဓါမချို့ပေမယ့်....

စည်းကမ်းလည်းရှိ၊ ရိုးသားကြိုးစားမှုလည်းကြတဲ့ အိမ်သားများနေထိုင်တဲ့ ခမ်းနားထည်ဝါလှတဲ့ သူဋ္ဌေးအိမ်ကြီးမှာ ခိုကပ်နေပြီး၊ ရွာမှာကျန်ခဲ့တဲ့ ကိုယ့်တဲပုတ်ရယ်၊ ဗြုတ်စဲဗျင်းတောင်း စရိုက်ဟောင်းနဲ့ မိသားစုလေးရယ်ကို အခါအခွင့်သင့်တိုင်း၊ ကိုယ့်ကိုနေခွင့်ပေးထားတဲ့ အိမ်ရှင်သူဋ္ဌေးမျက်နှာကိုမှမထောက်၊ ကိုယ့်မိသားစုရဲ့ မရှိ ရှိတဲ့ ကောင်းချက်ကလေး ကြံဖန်ကြွားတဲ့ အဖြစ်မျိုးနဲ့တူတဲ့ ငါတို့မြန်မာကလေ....၊ ငါတို့ဆီမှာဆိုရင်လေ....ဆိုတဲ့ အလုပ်မျိုးကို နန္ဒာတယောက် သူများတိုင်းပြည်မှာ နေပြီး အားမနာ လျှာမကျိုး လုပ်လေ့ရှိပါတယ်။

ဆရာတော်ဘုရားများ၊ ရှေးမြန်မာပညာရှိကြီးများက " ကြွားဝါခြင်းဆိုတာဟာ ကိုယ့်မှာ တကယ်မပြည့်စုံလို့၊ မပြည့်တဲ့အိုး ဘောင်ဘင်ခတ်တဲ့ သဘော" လို့ ဆုံးမထားပေမယ့်လည်း ကိုယ့်တိုင်းပြည်နဲ့ ပါတ်သက်လာရင်တော့ နန္ဒာတို့က ဘောင်ဘင်ခတ်တဲ့အဆင့်မကတော့ဘူး၊ သွက်သွက်ကို ခါနေတော့တာပါပဲ။ ဂျပန်တို့ရဲ့ စည်းကမ်းရှိမှု၊ အလုပ်ကြိုးစားမှု၊ အချိန်လေးစားမှု၊ စာရိတ္တကောင်းမွန်မှုတို့ကြောင့် ချမ်းသာကြွယ်ဝလာတာကို မယှဉ်နိုင်တော့ ကြံဖန်ပြီး ကြွားပုံက.....

နင်တို့ဂျပန်တွေမှာတင်မကဘူး၊ ကမ္ဘာပေါ်က လူမျိုးတော်တော်များများမှာ မရှိတဲ့၊ မထားနိုင်တဲ့ စိတ်စေတနာမျိုးကဖြစ်လာတဲ့ ဓလေ့စရိုက်တခု ငါတို့မြန်မာမှာ ရှိတယ်လို့ အကြီးကြီးကို ထည့်တော့တာပဲ။ လုပ်ဖေါ်ကိုင်ဖက် ကိုနိပွန်က ဘာများလဲလို့ မေးလာတော့ ကျွန်ုပ်တို့ မြန်မာနိုင်ငံရဲ့ တောရောမြို့ပါ နေရာအနှံ့အပြားမှာ တွေ့နိုင်တဲ့ ရေချမ်းစင်ကလေးတွေ အကြောင်းကို ပြောပြလိုက်တာပေါ့။

သူက ခေါင်းတငြှိမ့်ငြှိမ့်နဲ့ သေသေချာချာနားထောင်ပြီး "အင်း.... ကောင်းတာပေါ့နော်၊ အဲ့သည့်ရေအိုးတွေကို ရေဖြည့်တော့ရော ဘယ်သူလာဖြည့်လဲ၊ နေ့တဓူဝ လုပ်ရမယ့် ကိစ္စဆိုတော့ တော်ရုံ သဒ္ဓါနဲ့တော့ မလုပ်နိုင်ဘူးနော်...တဲ့၊" "ဒါပေါ့၊ ဒို့မြန်မာတွေက ဒီလို စေတနာကောင်းတာ၊ ဒီလို သဘောကောင်းကြတာ၊ ဒီလို စိတ်နှလုံးသားနူးညံ့ကြတာ၊ တော်ရုံလူမျိုး ဒါမျိုးသဒ္ဓါမထားနိုင်ဘူးလေ...စသဖြင့် ရေချမ်းစင်တခုအရင်းပြုပြီး ဆွဲလို့ရသမျှ ကိုယ်လိုရာဆွဲပြီး ကြွားတော့တာပဲ။

ကိုနိပွန်ကလည်း ခေါင်းတဆတ်ဆတ်နဲ့ပေါ့။
 " ဒါပေါ့နော်၊ သောက်ရေအိုးတွေနဲ့ရေခွက်တွေကိုလည်း များများထားရင် ထားသလောက် နေ့တိုင်းလည်း ဆေးရမယ်။ နေပူပူ မိုးရွာရွာ နေ့တိုင်းလည်း ရေဖြည့်ရဦးမယ်ဆိုတော့ လွယ်တဲ့အလုပ်မှ မဟုတ်ဘဲ။ ပိုက်ဆံမရ ဘာမရနဲ့နော်" လို့ သူကဆက်ပြောတယ်ဆိုရင်ဘဲ ကျွန်ုပ်နဲနဲတော့ ငြိမ်သွားတယ်။

 သောက်ရေအိုးတွေ၊ သောက်ရေခွက်တွေကိုနေ့တိုင်းဆေးလား၊ နေ့တိုင်းရေ ရေဖြည့်လားဆိုတာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျွန်ုပ်က ဘယ်လို စစ်တမ်းကောက်လို့ရပါ့မလဲနော့။ တချို့ဆို ဗေဒင်ယတြာအရ ရေချမ်းစင်ဆောက်လှူပါဆိုလို့ လှူရုံလှူပြီး ပစ်ထားတာမျိုးတွေလည်းရှိသလို၊ တချို့ အလှူရှင်မရှိတော့လို့ ဆက်မထိန်းသိမ်းနိုင်ဘဲ ကောသွားတာမျိုးတွေလည်းရှိတာပဲ။ ဘုရားကျောင်းကန်၊ ဘုန်းတော်ကြီးကျောင်းများက ရေချမ်းစင်တွေဆိုရင်တော့ သူပြောသလိုလည်း ဖြစ်နိုင်တာပဲလေ။

 သူပြောသလို နေပူပူ မိုးရွာရွာဆိုတာကြီးကလည်း.....အင်း၊  အင်း .....ပေါ့နော်။ 
စိတ်ထဲမတော့ ဒီဂျပန်ဟာလေ အရာရာကို သူတို့လူမျိုးရဲ့ အကျင့်စရိုက်နဲ့ နှိုင်းယှဉ်ပြီး ဂျပန်တွေး တွေးနေတော့တာပါပဲလို့လည်း ကျွဲမြီးတိုမိတယ်။
 ဒါပေမယ့်လည်း ခပ်တည်တည်နဲ့ပဲ " ဒါ...ပေါ့" လိုက်တယ်။
 ဒါပေမယ့် ကိုနိပွန်က ကျွန်ုပ်တို့မြန်မာရဲ့ ပြောင်မြောက်လှတဲ့ စေတနာသဒ္ဓါတရားကို စိတ်ဝင်စားတာလား၊ ကျွန်ုပ်ကြွားတာကိုပဲ မခံချင်တာလားတော့ မသိဘူးပေါ့လေ။ " အဲ့လိုရေချမ်းစင်ပုံလေးတွေ အင်တာနက်ကနေ ကြည့်လို့ရလား၊ ငါ့ ပြစမ်းပါ" လို့တောင်းဆိုလာတယ်။

ဒီဂျပန်တော့ ငါ့ကို ရှောင်တခင် စစ်ဆေးရေးဝင်ပြီလို့တွေးမိလိုက်တယ်။ ဘာလို့လဲဆိုတော့ မြန်မာနဲ့ပါတ်သက်တဲ့ ဓါတ်ပုံတွေ ပြတိုင်းပြတိုင်း ဘယ်နိုင်ငံခြားသားကိုပဲ ပြပြ၊ ၂ယောက်အတူတူကြည့်ပြီး အင်တာနက်ကနေ live ပြလေ့မရှိဘူး။ ကောင်းပေ့ ညွှန့်ပေ့ဆိုတဲ့ အနေအထားမျိုးကိုပဲ ကိုယ်တိုင်ဆင်ဆာဖြတ်ပြီး ပြလေ့ရှိတယ်။

 အခုတကြိမ်တော့ တဖက်က liveတောင်းဆိုလာပါရောလား။ဟန်ကိုယ့်ဖို့ဆိုတဲ့အတိုင်းပဲ " ရတာပေါ့၊ သိပ်ရတာပေါ့၊ ကမ္ဘာမှာရှားပါးလှတဲ့ ဒီလိုဓလေ့စရိုက်ထူးမျိုးကို မြန်မာပြည်ရောက် နိုင်ငံခြားသားဧည့်သည်များက ဓါတ်ပုံရိုက်ပြီး တင်ထားတာတွေ ရှိပါ့၊ ရှိပါ့ " ဆိုပြီး အင်တာနက်ခေါက်ရှာလိုက်မိတဲ့အခါမတော့.......








 ရေချမ်းစင်အများစုဟာ သောက်ရေခွက်မရှိဘူး။ ဘုရားကျောင်းကန်က ရေချမ်းစင်တောင် သောက်ရေခွက် မရှိဘူး။ ကိုဂျပန်က သောက်ရေခွက်မရှိတဲ့ပုံတွေကို လက်နဲ့ထောက်ပြီး " သောက်ရေခွက်လည်းမရှိဘူး၊ ဘယ်လို သောက်မလဲ" လို့မေးတယ်။ " သောက်ရေခွက်က ဆေးကြောသန့်စင်ဖို့ယူသွားတုန်း ရိုက်ထားတဲ့ပုံ" လို့သာ ဖြေလိုက်ချင်တော့တယ်။




 တချို့ရေချမ်းစင်က ရေခွက်ကို ကြိုးနဲ့ချည်ထားတယ်။ ဒီတခါတော့ ငတိက လည်တယ်။ " ရေခွက်ကို ယူသွားမှာ စိုးလို့ ကြိုးနဲ့ချည်ထားတာ မဟုတ်လား" တဲ့။
" မဟုတ်ဘူးဟေ့...အောက်ပြုတ်ကျမှာစိုးလို့ "လို့ မုန်လာဥ လုပ်လိုက်ချင်တယ်။



 ရေချမ်းစင်ကတခုကျတော့ အိုးဘေးမှာ ရေညှိတွေတက်နေလိုက်တာများ....
" နေ့တိုင်း မဆေးဘူးထင်တယ်နော် " တဲ့။
" ဘယ်ကလာ...အတွင်းကိုဆေးတယ်၊ အပြင်က စိမ်းမြမြဖြစ်နေအောင်၊ ရေပိုအေးအောင် တမင်ထားထားတာ" လို့ ပျင်းတာနဲ့ နားပင်းတာ ရောချလိုက်တယ်။

" နင်ကလည်း မပြည့်စုံတဲ့ ပုံတွေချည်းကြည့်ပြီး ပြောနေတော့တာပဲ။ ဒီလို ပြည့်စုံတဲ့ ရေချမ်းစင်တွေလည်း ရှိပါသေးတယ်" လို့





ရှေ့ကတင်ပြီး ကြွားထားသမျှ လက်တွေ့မှာ တဝက်လောက်ကျသွားတာကို အီလယ်လယ်ကြီး ခံစားရင်း မပြောသာ ပြောသာ ပြောမိတယ်ဆိုရင်ပဲ သူကပြုံးပြီး
" ဒီလောက်ဆို နင်ပြောတာကို သဘောပေါက်ပါပြီ နန္ဒာစံရယ်" တဲ့။

 သူဘာကို သဘောပေါက်သွားလဲတော့ ကျွန်ုပ်ဆက်မမေးတော့ပါဘူး။
ကျွန်ုပ်သဘောပေါက် သတိထားမိလိုက်တာကတော့....

ငါတို့ မြန်မာအတော်များများဟာ စေတနာတော့ အားကောင်းကြတယ်။ စည်းကမ်းတော့ အားနည်းကြပါလား။
ငါတို့ မြန်မာအတော်များများဟာ သဒ္ဓွါတရားတော့ ကြွယ်ဝတယ်။ စာရိတ္တတော့ ချို့တဲ့ကြပါလား။
ငါတို့ မြန်မာအတော်များများဟာ ပေးချင်ကမ်းချင်စိတ်တော့ အပြည့်ရှိပေမယ့် လုပ်ချင်ကိုင်ချင်စိတ်တော့ တဝက်တောင် မရှိကြပါလား။
ငါတို့ မြန်မာအတော်များများဟာမဏ္ဍပ်တိုင် တက်ချင်စိတ် ပြင်းပြပေမယ့် တာဝန်ယူချင်စိတ်တော့ လျော့ကြပါလား........လို့။

အကယ်၍ သူသဘောပေါက်သွားတာက ကျွန်ုပ်တွေးမိတာနဲ့များ တူများတူနေခဲ့ရင်ဖြင့်...........။

နောက်ဆုံးပြောချင်တာက စေတနာ၊ သဒ္ဓါတရားဆိုတာ လေ့ကျင့်ယူ၊ ကျက်မှတ်သင်ယူလို့ ရနိုင်ကောင်းတဲ့ အရာတွေ မဟုတ်ပါဘူး။ အဲ့လို အရာမျိုးတွေတောင် ကျွန်ုပ်တို့ဆီမှာ ဘယ်သူမှ မတိုက်တွန်းရပါဘဲ၊ ရိုက်မထည့်ရပါဘဲနဲ့ လှပစွာကိန်းအောင်းနေပြီးပြီပဲ။ စည်းကမ်းရှိဖို့၊ စာရိတ္တလေးကောင်းမွန်ဖို့၊ လွဲနေတဲ့ အကျင့်စရိုက်လေး ပြုပြင်လိုက်မယ်ဆိုရင် ကမ္ဘာမှာ မြန်မာဟာ သိပ်ပြီး နုးညံ့လှပယဉ်ကျေးတဲ့ စံပြုထိုက်စရာ လူမျိုးတမျိုးဖြစ်လာမယ်ထင်ပါတယ်။
နန္ဒာ
၂၀၁၃.၁၁.၂၆.

0 comments:

Post a Comment