လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြပါစေ။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ။

Sunday, April 6, 2014

ဂျပန်ကူမှ နလန်ထူရ ပုဂံမြေအလှ

April 6, 2014 at 1:06am
ပြီးခဲ့တဲ့ (၂)ပါတ်ကျော်ကျော်လောက်တုန်းက ဆိုပါတော့။  အတိအကျပြောရရင်တော့ (၂၀၁၄.မတ်လ.၁၉)နေ့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီး သတင်းစာတစ်စောင်ဖြစ်တဲ့ အဆာဟိ ( ASAHI) သတင်းစာရဲ့  မျက်နှာဖုံးနေရာ အလယ်တည့်တည့်လောက်မှာ မြန်မာနိုင်ငံက ပုဂံဘုရားပုံတော်ကြီးတစ်ခုကို တွေ့လိုက်ရတယ်။



ရင်ထဲ ဒိတ်ကနဲ နေသွားတယ်။ စိတ်ထဲမလည်း ဘုရား ဘုရား ပုဂံဘုရားတွေကို ဘာလုပ်ဦးမလို့ပါလိမ့်၊ ရောင်းစားတော့မှာလား၊ ပေါင်စားတော့မှာလား၊ လဲစားတော့မှာလား၊ ငှားစားတော့မှာလား၊ ပြစားတော့မှာလား...စသဖြင့် ကိုယ့်လူများအကြောင်း ကိုယ်အသိဆုံးပါ ဆိုသလိုပဲပေါ့။

မြန်မာတို့ အထွတ်အမြတ်ထားရာ ဗုဒ္ဓအမွေအနှစ်လည်းဖြစ်၊ ရှေးဟောင်းအမွေအနှစ်လည်း ဖြစ်တဲ့ ဒီပုဂံမြေနဲ့ ပုဂံဘုရားတွေကိုဘာများ လုပ်ကြဦးမလို့လဲ၊ ဘာများ ဖြစ်ပြီလဲပေါ့။

ဂျပန်တို့ရဲ့ သဘောသဘာဝအရ ဒီလို သတင်းစာရဲ့ အဓိက နေရာကြီးမျိုးမှာ ဂျပန်မဟုတ်တဲ့ ပြည်ပသတင်းကို ဖေါ်ပြတယ်ဆိုတာဟာ
သူတို့ အလွန်အမင်း အထင်ကြီးသော(သို့) သူတို့အတွက် အကျိုးရှိသော (သို့) အင်မတန်မှ ထူးဆန်းသောကိစ္စရပ် (သို့) ကမ္ဘာနဲ့ချီပြီး နာမည်ကြီးနေတဲ့ သတင်း...စသဖြင့်သော ကိစ္စရပ်များကလွဲလို့ ပြည်ပသတင်းတခုကို သတင်းစာရဲ့ အခုလိုနေရာမျိုးမှာ ဖေါ်ပြလေ့မရှိဘူး။ အထူးသဖြင့် သူတို့အထင်သေးနေကျဖြစ်တဲ့ အာရှက နိုင်ငံတွေထဲမှာမှ အာရှအချင်းချင်းတောင် အထင်သေးခြင်းခံနိုင်နေရတဲ့ မြန်မာနိုင်ငံက သတင်းမျိုးကို အခုလို ဦးစားပေးနေရာက ဖေါ်ပြထားတယ်ဆိုတော့ အတော်လေး စိတ်ဝင်စားမိတယ်။

ဒါနဲ့ပဲ အလုပ်ချိန်အတွင်းကနေပဲ ကမန်းကတမ်း ကောက်ဖတ်လိုက်တော့ အကြမ်းအားဖြင့်တော့ အထက်က စိုးရိမ်နေတာတွေ တခုမှ မဟုတ်မှန်း သိလိုက်ရတယ်။ သူတို့ရေးထားတဲ့ သတင်းဆောင်းပါးရဲ့ သတင်းခေါင်းစဉ်အကြောင်းအရာက အခုလို အစချီထားပါတယ်။

 " ဟောင်းနွမ်းသွားသော နံရံဆေးရေးပန်းချီများ"

အာရှ၏ ဗုဒ္ဓဘာသာဆိုင်ရာ အကြီးဆုံးဖြစ်သော အဆောက်အဦများတည်ရှိရာ နေရာ(၃)နေရာထဲမှ တစ်ခု။

မြန်မာပြည်အလယ်ပိုင်းရှိ ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ်များ ကျန်ရှိရာနေရာ။

(၁၁) ရာစုမှ (၁၃) ရာစုအတွင်းရှိ ရောင်စုံနံရံဆေးရေးပန်းချီတို့ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်လျက်ရှိသော ပုဂံမြေ။ လို့ အစချီထားပါတယ်။

ဆက်လက်ပြီးတော့ ဆောင်းပါးရှင်က သည်မြေမှာ ရှိနေတဲ့ ရှေးဟောင်းနံရံဆေးရေး ပန်းချီလက်ရာများဟာ ငလျင်အစရှိတဲ့ရာသီဥတုဒဏ်များကြောင့် ပန်းချီရုပ်ပုံများ တည်ရှိရာ အောက်ခံအင်္ဂတေများ အက်ကွဲကြောင်းများ ဖြစ်ပေါ်ခဲ့ရပြီး၊ယင်းအက်ကြောင်းများမှတဆင့် မိုးရေ အစရှိသည်တို့ ယိုစီးဝင်မှုကြောင့် ရှေးဟောင်းလက်ရာများ ပျက်စီးဆုံးရှုံးခြင်းများ ဖြစ်ပေါ်လျက်ရှိသည် ဟုဆိုပါတယ်။



ယင်းဖြစ်စဉ်အတွက် ဂျပန်နိုင်ငံ " အမျိုးသားယဉ်ကျေးမှုဆိုင်ရာသုတေသနအဖွဲ့အစည်း(တိုကျို) (Tokyo Research Institute for Cultural Properties ) " မှ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင်ရာ ထောက်ပံ့မှုပေးအပ်မည်ဖြစ်ကြောင်း ရေးသားထားပါတယ်။ ဝမ်းသာစရာ သတင်းပါတကား။

ဂျပန်လူမျိုးတစ်ဦးဖြစ်တဲ့ ဆောင်းပါးရှင်က သူ့ဆောင်းပါးတခုလုံးမှာ ပုဂံမြေနဲ့ ပုဂံဘုရားများကို နာမဝိသသေန အမျိုးမျိုးနဲ့ မရိုးနိုင်အောင် ညွှန်းဆိုသွားတဲ့အလျောက် ပုဂံမြေကို အခုလို ဖေါ်ပြပါတယ်။

" အရှေ့တောင်အာရှ၏ အကောင်းဆုံးနေရာများထဲတွင် တခုအပါအဝင်ဖြစ်သော၊ မြတ်စွာဘုရား၏ သာသနာ့ အဆောက်အအုံများတည်ရှိရာ မြင့်မြတ်သော နယ်မြေဒေသတခုဖြစ်တဲ့ မြန်မာနိုင်ငံအလယ်ပိုင်းရှိ ပုဂံမြေ " တဲ့။

ဆက်လက်ရေးသားထားတာကတော့ ဤဒေသတွင် အဖိုးတန်ရောင်စုံနံရံဆေးရေးပန်းချီများ ကျန်ရှိနေသေးသော်လည်း ရာသီဥတုဒဏ်ကြောင့် အက်ကြောင်းတို့နှင့်တကွ၊ စနစ်တကျမဟုတ်သောပြုပြင်မှုများဖြင့် တကယ့်ကို ပျက်စီးယိုယွင်းလျက်ရှိသည်မှာ ခံပြင်းစရာ၊ အသဲယားစရာပင် ကောင်းလှပါသည်ဟု ဆိုပါတယ်။

ဂျပန်လူမျိုးတစ်ယောက်အနေနဲ့ ကမ္ဘာ့သမိုင်းဝင် မှတ်တမ်းစာရင်းအဆင့်ရှိတဲ့ ရှေးဟောင်းအမွေအနှစ်တွေကို ဒီလိုပဲ ပစ်စလက်ခတ် ပစ်ထားခြင်းအပေါ် ဘယ်လောက်တောင် အသဲယားနေလဲ၊ဘယ်လောက်တောင် နှမြောနေလဲ ဆိုတာကို ဆောင်းပါးတခုလုံးကို ခြုံကြည့်ရင် သူ့ရဲ့ စိတ်ခံစားချက်ကို ဖေါ်ပြနေတဲ့ သူ့အရေးအသားတွေကို တွေ့နိုင်ပါတယ်။

သူက အခုလိုဆက်ပြီး ရေးပါတယ်။

ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းနေပြီဖြစ်သော မြန်မာနိုင်ငံအစိုးရသည် ဂျပန်နိုင်ငံရှိ နံရံဆေးရေးပန်းချီများ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများအား အကောင်အထည်ဖေါ်ဆောင်ရွက်နေသောအမျိုးသားယဉ်ကျေးမှုဆိုင်ရာ သုတေသနအဖွဲ့အစည်း(တိုကျို) ၊ အတိုကောက်အခေါ်အဝေါ်…(တိုယဉ်သု)၏ ပံ့ပိုးကူညီမှုကို ရယူလျက်၊ တင်းပြည့်ကျပ်ပြည့် ထိန်းသိမ်းမှုလုပ်ငန်းဆောင်တာများကို စီမံကိန်းများချ၍ စတင်ဆောင်ရွက်နေပါပြီ။

(တိုယဉ်သု)သည် သက်ဆိုင်ရာ၏ ခွင့်ပြုချက်ကိုရယူပြီး (၁၁)ရာစုအစပိုင်းတွင် တည်ဆောက်ထားခဲ့သော ဘုရားအတွင်းသို့ ဝင်ရောက်နိုင်ခဲ့ပါသည်။ သက်ဆိုင်ရာ စေတီပုထိုးများရဲ့ အဝင်အထွက်ပေါက်ကိုသော့ခတ်ထားပြီး၊ ဒေသခံများပင် ဝင်ခွင့်မရပါဘူး လို့ဆိုပါတယ်။

ဒီနေရာမှာ ဆောင်းပါးရှင်ရဲ့ လေသံက အားရဝမ်းသာနဲ့ ဂုဏ်ယူနေဟန်ရှိပါတယ်။ လွန်ခဲ့သော နှစ်ပေါင်း (၁၀၀၀) နီးပါးက တည်ဆောက်ထားခဲ့တဲ့ ဒီလိုရှေးဟောင်း အဆောက်အဦထဲကို ဝင်ခွင့်ရတာကို သူ့အနေနဲ့ အင်မတန်ဝမ်းမြောက်ဂုဏ်ယူပုံရပါတယ်။

ဆက်လက်ပြီး သူက စေတီပုထိုးအတွင်းရှိ အခန်းအနေအထားနဲ့ သူမြင်ရပုံကို အခုလို ဖေါ်ပြပါတယ်

" လုံးဝကို မှောင်မိုက်နေတဲ့ အခန်းမှာတော့ အမြင့်(၁၀)မီတာလောက် အတိုင်းအတာရှိတဲ့ အမိုးလုံးရဲ့ထိပ်ဖျားကိုဗဟိုပြုပြီး နီ၊ဝါ၊ပြာအရောင်စုံ တောက်တောက်ပပတို့ဖြင့် ပတ်ပတ်လည်လည် ရေးဆွဲထားသော မြတ်စွာဘုရားပုံတော်များ၊ ဗုဒ္ဓဝင်ပုံတော်များကို တွေ့ရပါတယ်။

ဒါပေမယ့်လည်း မြတ်စွာဘုရားရဲ့ မျက်နှာတော်များ၊ ခန္ဓာကိုယ်များပေါ်မှာတော့ ကန့်လန့်ဖြတ် အရေးအကြောင်းများဟာ ဟိုမှသည် သည်မှဟိုသို့ ပြေးလွှားနေသလိုမျိုး မြင်နေရပါတယ်။ အချို့သော နံရံဆေးရေးပန်းချီများရဲ့ အောက်ခံအင်္ဂတေများဟာ အဖတ်လိုက် ကွာကျလျက်ရှိပြီး၊ အောက်ခံအုတ်နံရံကို အတိုင်းသား မြင်နေရတဲ့ နေရာများကိုလည်း အများအပြားတွေ့လိုက်ရပါတယ်။



မြန်မာနိုင်ငံရှေးဟောင်းသုတေသနဝန်ကြီးဌာန၏ ပြောကြားချက်အရ ငလျင်အစရှိသော သဘာဝဘေးအန္တရာယ်တို့ကြောင့် အက်ကွဲကြောင်းများဖြစ်ပေါ်ခဲ့ရပြီး၊ အဆိုပါ အက်ကွဲကြောင်းများမှ မိုးရေအစရှိသည်တို့ကြောင့် အင်္ဂတေများ ကွာကျခြင်း၊ ဘောင်များကျွတ်ထွက်ခြင်း အများအပြားရှိတယ်လို့ သိရပါတယ်။ ရေ၊လေ၊ဖုန်စသည်တို့ ဒလောဟော ဝင်နိုင်တဲ့ တံခါးရွက်မရှိတော့သော အဝင်အထွက်ပေါက်များနဲ့ ပြတင်းပေါက်များကိုလည်း အများအပြားတွေ့ရပါတယ်။

ခြောက်သွေ့တဲ့ရာသီဥတုကြောင့် မှိုတက်ခြင်းသိပ်မရှိပေမယ့်၊ ဆေးရေးပန်းချီများပေါ်သို့ တိုက်ရိုက် ကျရောက်နေသော လင်းနို့အညစ်အကြေးများ၊ ပင့်ကူအိမ်များ၊ လူတို့လျှောက်ခြစ်ထားသော ခြစ်ရာများဟာ တကယ့်ကိုပါပဲဗျာ " တဲ့။

" ဒီလောက် အဖိုးအနဂ္ဂထိုက်တန်တဲ့ သမိုင်းဝင် ရှေးဟောင်းအမွေအနှစ်တွေ ငါတို့ဆီမှာသာရှိရင် ဖူးဖူးကို မှုတ်ထားဦးမှာ" လို့ ပြောချင်နေပုံရပါတယ်။ ခေတ်အဆက်ဆက် မင်းနဲ့ပြည်သူ တန်ဖိုးမထား၊ ဂရုမစိုက်ပုံတွေကိုတော့ ခမြာ စုတ်တသပ်သပ်နဲ့ တော်တော်အသဲယားနေပုံပါပဲ။

ဆက်လက်ပြီး သူက

" မျက်နှာပြင်ကို မော့ကြည့်လိုက်ရင် အရင်က ပြုပြင်ဖာထေးတဲ့အနေနဲ့ သုံးခဲ့တဲ့ အဖြူရောင်ထုံးများဟာ အရည်ပျော်ပြီး ပန်းချီကားများပေါ် ဖုံးကွယ်နေပြီ။ နံရံဆေးရေးပန်းချီကားများကို ထုံးသုတ်ခြင်း၊ အပေါ်မှထပ်ဆွဲခြင်းများဟာလည်း မနည်းဘူး။

ဒီနေရာအပြင် (၁၁)ရာစု လောက်က တည်ထားတဲ့ ပုဂံမြို့ဟောင်းတောင်ဘက်ပိုင်း ရှေးဟောင်းမြင်းကပါအရပ်ရှိ  အပါယ်ရတနာဘုရားမှာလည်း အိန္ဒိယပြည်ရဲ့ ဟိန္ဒူဗုဒ္ဓဘာသာနှင့်စပ်လျဉ်းတဲ့အကြောင်းအရာများကို ရေးဆွဲထားတဲ့ ဆေးရေးပန်းချီများ ရှိကြောင်းကိုလည်း သိခဲ့ရတယ်" လို့ ဆိုပါတယ်။

ဒီမှာတင်ပဲ ဆောင်းပါးရှင် ဂျပန်လူမျိုးမြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ရဲ့ ဗုဒ္ဓဘာသာနဲ့ စပ်လျဉ်းတဲ့ သဘောထားကို သူ့အမြင်အတိုင်း အခုလို ရေးထားတာတွေ့ရပါတယ်။

" မြန်မာတို့သည် ဘုရားစေတီကျောင်းကန်ပုထိုးများကို ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်အဖြစ် ပြုပြင်ထိန်းသိမ်း တန်ဖိုးထားခြင်းထက်၊ နေ့စဉ် ပုံမှန် ဘုရားရှိခိုး ကောင်းမှုကုသိုလ်ပြုလုပ်ခြင်းများမှာ ပိုမိုအားသန်ကြောင်း တွေ့ရတယ်။ အများစုသည် မိမိကိုယ်ပိုင် လုပ်အားဖြင့် ဘုရားတည် ကျောင်းဆောက်ခြင်း၊ စေတီပုထိုးများကို တပိုင်တနိုင် ပြုပြင်ထိန်းသိမ်းခြင်းများဟာ ဘဝမှာအမွန်မြတ်ဆုံးကောင်းမွန်သော အလုပ်လို့ ယူဆထားသူများ ဖြစ်ကြကြောင်းသိရတယ်။ "

ရှေးဟောင်း စေတီပုထိုးများအပေါ် မြန်မာတို့ ထားရှိသော အပြုအမူနဲ့သဘောထားကို သူ့အမြင်အတိုင်း အခုလို ရေးပြီးတဲ့နောက်မှာတော့ သူက ပုဂံရဲ့ တန်ဖိုးကို အခုလို ထပ်မံဖေါ်ကျူးပြန်တယ်။

" ပုဂံဆိုသည်မှာ ကမ္ဘာပေါ်တွင် ကမ်ပူးချားမှ အန်ကောဝတ် (Angkor Wat) ၊ အင်ဒိုနီးရှားမှ ဘိုရိုဘူဒါ (Borobudur) ပြီးလျှင် တတိယရှေးဟောင်းအကျဆုံး ဗုဒ္ဓဘာသာဆိုင်ရာယဉ်ကျေးမှု အဆောက်အအုံများ တည်ရှိရာနေရာဖြစ်ပြီး (၁၁) ရာစုမှ(၁၃) ရာစုအတွင်း ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှာန်းနှင့် ကောင်းစားခဲ့သော၊ ဗမာဆိုသည်ကို စတင်ခဲ့သောနေရာဖြစ်သည် " လို့ဆိုပါတယ်။ ကျွန်ုပ်တို့သင်ခဲ့ရတာကတော့ ဗမာအစ တကောင်းက တဲ့နော်။ သူကတော့ ဘယ်သမိုင်းစာအုပ်ထဲက အဲ့လိုတွေ့တယ်မသိပါဘူး။ ယနေ့အချိန်ထိ ဘုရား၊ စေတီ၊ ပုထိုးပေါင်းမှာ ၃၁၂၂ဆူနှင့် ဘုန်းကြီးကျောင်း၊ ဓမ္မာရုံပေါင်း(၄၈၆)ကျောင်းတွင် ဆေးရောင်စုံ နံရံဆေးရေးပန်းချီများရှိနေကြောင်း သိရှိရပါတယ် တဲ့။

တော်ဝင်နန်းတော်တည်ရှိရာ ရှေးဟောင်းပုဂံမြေသည် ရှေးဟောင်းသုတေသနဆိုင်ရာ ပညာရပ်များအား ထိန်းသိမ်းစောင့်ရှောက်ရန် အကောင်းဆုံး နယ်မြေတခုအဖြစ် ညွှန်ပြနေသကဲ့သို့ရှိ၏ လို့လည်း ဆိုပါတယ်။

ယခုနောက်ပိုင်းနှစ်များအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်စပြုလာပြီးသောကြောင့် ပုဂံမြေသို့ ပြည်တွင်းပြည်ပမှ ဧည့်သည်များ လာရောက်လည်ပတ်မှုသည်လည်း တိုးတက်များပြားခဲ့လာပါတယ်။ ဤတွင် မြန်မာနိုင်ငံရှေးဟောင်းသုတေသနဌာနသည် နံရံဆေးရေးပန်းချီလက်ရာများ ဟောင်းနွမ်းယိုယွင်းမှု အရှိန်အဟုန်မြင့်မားလာခြင်း အန္တရာယ်ကိုရင်ဆိုင်ကြုံတွေ့နေရပါတယ်။

လွန်ခဲ့သော (၃)နှစ်ခန့်စပြီး တကယ့်ကို ထဲထဲဝင်ဝင်ပျက်စီးနေတဲ့ နေရာပေါင်း(၁၀၀)ခန့်ကို ပြုပြင်ထိန်းသိမ်းမှုများစတင်ခဲ့တယ်လို့ သိရပါတယ်။ ငလျင်ကြောင့် ဖြစ်ပေါ်လာတဲ့ အက်ကြောင်းရာများကို အချိန်မီမှန်ကန်တိကျတဲ့ ပြုပြင်ထိန်းသိမ်းမှု ပြုလုပ်ခြင်းများ နောက်ကျခြင်းကြောင့်လည်း ယခုဆိုလျှင် စေတီပုထိုးများမှ အက်ကြောင်းရာများမှာ  လက်ချိုး၍ပင် ရေတွက်၍ မကုန်နိုင်ပါ။

(ဆောင်းပါးရှင် ပြောချင်တဲ့ သဘောကတော့ ငလျင်လှုပ်လို့ အက်ကြောင်းဖြစ်သွားခဲ့ရင်လည်း အချိန်မီသာ ပြုပြင်ဖားထေးလိုက်မယ်ဆိုရင် အက်ကြောင်းတွေဟာ ရှေ့ဆက်တိုးလို့လို့မရတော့တာကြောင့် အခုလောက်မရေမတွက်နိုင်လောက်အောင် များပြားလာစရာမရှိဘူးလို့ ဆိုလိုတာပါ။)

(၁၉၉၀) လောက်မှာတော့ ရောမအခြေစိုက် Cultural Heritage Conservation Research International Centreမှ နည်းပညာများဖြင့် နံရံဆေးရေးပန်းချီများအား ပြုပြင်မှုများ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။သည့်နောက်မှာတော့စစ်အစိုးရလက်အောက်မှာ အပြည်ပြည်ဆိုင်နှင့် ဆက်သွယ်မှုများ ပြိုပျက်ခဲ့တယ်။(၂၀၁၁) ခုနှစ်မှာတော့ အပြည်ပြည်ဆိုင်ရာမှ စီးပွားရေးကဏ္ဍ တခုတည်းသာမဟုတ်ဘဲ၊ ရှေးဟောင်းယဉ်ကျေးမှုများ ပြုပြင်ထိန်းသိမ်းရေးဘက်နေ၍ နောက်တကြိမ်ပြုပြင်မွမ်းမံမှုများကို ပြုလုပ်ပေးခဲ့ကြောင်း သိရပါတယ်။

လွန်ခဲ့တဲ့ (၂)နှစ်လောက်ကစပြီး နာမည်ကြီးစေတီတဆူဖြစ်သော အာနန္ဒာစေတီရှိ နံရံဆေးရေးပန်းချီများရှဲ့ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကို အိန္ဒိယနိုင်ငံမှ (၇)နှစ်စီမံကိန်းဖြင့် စတင်အကောင်အထည်ဖေါ်ခဲ့ပါတယ်။

မျက်နှာပြင်တွင် သုတ်ထားတဲ့ အဖြူရောင်ထုံးများကို လက်နဲ့ အသေးစိတ် ဂရုတစိုက် ခြစ်ချပြီးနောက်မှာတော့ ထုံးအောက်မှာရှိတဲ့ ပန်းချီလက်ရာများဟာ အပျက်အစီးမရှိ ပေါ်လွင်စေခဲ့ပါတယ်။

ယခုဆိုလျှင် တရုတ်နဲ့ကိုရီးယားတို့မှလည်းပြုပြင်ထိန်းသိမ်းမှုများအတွက် ပူးပေါင်းပါဝင်မယ့် အရိပ်အယောင်များပြလျက်ပါတယ် လို့ရေးထားပါတယ်။ ဒီနေရာမှာ ကျွန်ုပ်သဘောထားကို ပြောရရင်တော့ တရုတ်ကူညီမှုဆို ကြောက်လွန်းလို့ပါ လို့ပဲပြောချင်ပါတယ်။

ဂျပန်အနေနဲ့ကတော့ (၂၀၁၃)ခုနှစ် ဝသန်လောက်စပြီး "အမျိုးသားယဉ်ကျေးမှုဆိုင်ရာသုတေသနအဖွဲ့အစည်း(တိုကျို) " မှ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင်ရာနှင့်နည်းပညာများ မျှဝေပေးရေး ပရောဂျက်တခုကို ပုဂံမြေတွင် စတင်ခဲ့ပါတယ်။

သည်လိုစတင်နိုင်ခဲ့ခြင်းဟာ  " Agency for Cultural Affairs (Japan) "ရဲ့အပြည်ပြည်ဆိုင်ရာရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးပူးပေါင်းဆောင်ရွက်မှုတခုပါပဲ။



Agency for Cultural Affairs (Japan) သည် စေတီပုထိုးများ ပတ်ဝန်းကျင်ရှိ အပူချိန်၊ စိုထိုင်းစ၊ မိုးရေပမာဏ၊ လေတိုက်နှုန်း စတဲ့ မိုးလေဝသဆိုင်ရာလေ့လာတိုင်းနိုင်သော စက်ကိရိယာတန်ဆာပလာများကို တပ်ဆင်ပေးခြင်းများ၊ လက်ရှိပြုပြင်ထားသော အခြေအနေများကိုလိုက်၍ ရှေးဟောင်းသုတေသနဌာန၏ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များအား နည်းပညာ ဗဟုသုတများကိုဦးဆောင်လမ်းပြပေးခြင်းများ ပြုလုပ်ခဲ့ပါတယ်။

ယခုနှစ်(၂၀၁၄) ဖေဖေါ်ဝါရီလမှစ၍ ရှေးဟောင်းသုတေသနဌာနမှ ဝန်ထမ်းအချို့ကိုလည်း တိုကျိုမြို့သို့ ဖိတ်ခေါ်၍ ထိန်းသိမ်းပြုပြင်ခြင်းဆိုင်ရာ နည်းပညာလုပ်ငန်းများကို လေ့လာစေခဲ့ပါတယ်။

Japan Center for International Cooperation in Conservation မှ ဌာနမှုး မစ္စတာ KAWANOBE WATARU ကတော့" မြန်မာတို့အနေနဲ့ လက်ရှိဒေသမှာ သုံးစွဲလုပ်ကိုင်နေကြတဲ့ ပစ္စည်းကိရိယာများကို ဆက်လက်သုံးစွဲပြီး ကိုယ့်ခွန်ကိုယ့်အားနဲ့ဆက်လက်ထိန်းသိမ်းနိုင်မယ့် ပုဂံမြေအဖြစ် တိုးတက်ပြောင်းလဲခြင်း ဖြစ်လာအောင် ကျနော်တို့အနေနဲ့ မြန်မာတို့နဲ့ အတူပူးပေါင်းကူညီမှုများပေးချင်ပါတယ် " လို့ဆိုပါတယ်။

" မကြာဘူးဆိုရင်တောင် အနည်းဆုံး(၁၀)နှစ်လောက် ဂျပန်-မြန်မာနှစ်နိုင်ငံ ကူးလူးဆက်ဆံပြီး ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများမှာ ပူးပေါင်းဆောင်ရွက် သွားချင်ပါတယ် " လို့လည်း ပြောကြားခဲ့ပါတယ်။

ရှေးဟောင်းပုဂံယဉ်ကျေးမှုဌာနရဲ့ ဌာနခွဲမှုး ဦးနိုင်ဝင်းမှလည်း " ပုဂံရဲ့အားလုံးသော နံရံဆေးရေးပန်းချီများရဲ့ ဟောင်းနွမ်းမှုများ၊ အပျက်အစီးများရဲ့အသေးစိတ် မှတ်တမ်းပြုလုပ်ထားတဲ့ စာရင်းသည် မရှိမဖြစ် လိုအပ်ကြောင်းနဲ့ ဒီနံရံဆေးရေးပန်းချီများဟာ မြန်မာတို့ရဲ့ အသဲနှလုံးပါ။ ဂျပန်တို့၏သေသပ်လှပသော ပြုပြင်ထိန်းသိမ်းရေး နည်းပညာများကိုလည်းလေ့လာသင်ယူချင်ပါတယ်လို့ ပြောကြားခဲ့ပါတယ်" လို့ ပြောကြားခဲ့ကြောင်း သိရပါတယ် လို့ ဆောင်းပါးရှင်က ဖေါ်ပြထားပါတယ်။

မူရင်းဆောင်းပါးရှင် (森井英二郎 さん. MORIIEIJIRO SAN)

ဂျပန်နိုင်ငံမှာ တိုကျိုမြို့မှာ (အားကစားသီးသန့် သတင်းစာမပါ) နေ့စဉ် မနက်ပိုင်းထုတ် သတင်းစာများဖြစ်ကြသော

(1) Asahi Shimbun(2) Yomiuri Shimbun(3) Mainichi Shimbun(4) Sankei Shimbun(5) Nikkei Shimbun(6) Tokyo Shimbun  တို့တွင် Asahi သတင်းစာမှာ ဂျပန်နိုင်ငံတွင် လူဖတ်အများဆုံး သတင်းစာလည်း ဖြစ်သလို၊ ကမ္ဘာပေါ်တွင်လည်း အဋ္ဌမမြောက် လူဖတ်အများဆုံး သတင်းစာလည်း ဖြစ်ပါတယ်။

ဒီလို သတင်းစာမျိုးထဲမှာ ကိုယ့်နိုင်ငံ ကိုယ့်ဒေသရဲ့ အဖိုးမဖြတ်နိုင်လှတဲ့ ရှေးဟောင်းအမွေအနှစ်အကြောင်းကို သတင်းစာရဲ့ ရှေ့မျက်နှာဖုံးအလယ်နေရာနဲ့၊အတွင်းဘက်မှာလည်း စာမျက်နှာရဲ့ သုံးပုံတစ်ပုံခန့်အထိ



နေရာယူ ဖေါ်ပြထားခြင်း ခံရတာကို မြန်မာတစ်ယောက်အနေနဲ့ ဝမ်းသာဂုဏ်ယူမိပေမယ့်၊

တဖက်မှာလည်း ဒို့များ မြန်မာပြည်မှာ အနှစ်(၅၀)လောက် ပြည်သူလူထုဟာ မိမိတို့ရဲ့ စားဝတ်နေရေး ဆင်းရဲကျပ်တည်းမှုများနဲ့အတူ၊ တိုင်းပြည်ဟာလည်း ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများ စာရင်းထဲ ကျရောက်ခဲ့ရခြင်းတွေကြောင့် အူမတောင့်မှ သီလစောင့် နိုင်မယ်ဆိုသလိုပဲ၊ ဗုဒ္ဓဘာသာထွန်းကားရာ တိုင်းပြည်တပြည်ဖြစ်ပါလျက်နဲ့ မိမိတို့ရဲ့ ဗုဒ္ဓအမွေအနှစ်များ အဖြစ်လည်းကောင်း၊ ကမ္ဘာ့သမိုင်းဝင် ရှေးဟောင်းအမွေအနှစ်များအဖြစ် လည်းကောင်း အဖိုးထိုက်တန်စွာ တည်ရှိနေသော နိုင်ငံ့ရတနာများကို စနစ်တကျ၊ ဂရုတစိုက် မပြုပြင် မထိန်းသိမ်းနိုင်ခဲ့ခြင်းများအတွက်လည်း နိုင်ငံသားတစ်ယောက်အနေနဲ့ များစွာ စိတ်မကောင်းဖြစ်ရပါကြောင်း.....။

နန္ဒာ

0 comments:

Post a Comment