လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြပါစေ။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ။

Thursday, October 4, 2012

ကြောက်လား

တနေ့ကဆိုပါတော့။ ဂျပန်ကို အစိုးရအဖွဲ့အစည်းတခုက လေ့လာရေးခရီးအနေနဲ့ လွှတ်လိုက်တဲ့ ခေတ်ပညာတတ်(M.B.,B.S) မြန်မာလူငယ်လေးတယောက်ကို ဂျပန့်လွှတ်တော်ပြတိုက်နဲ့တကွ သူသွားချင်တဲ့နေရာကို လိုက်ပို့ပေးဖြစ်ပါတယ်။

ဒီ့နောက်မှာတော့ အရာရာကို စူးစမ်းလေ့လာတတ်တဲ့ လူငယ်တို့ရဲ့ ထုံးစံအရတကြောင်း၊ သူ့အလုပ်ကိုကလည်း ဂျပန်မှာရှိတဲ့ ဒေသခံဂျပန်လူမျိုးတွေနဲ့ ဂျပန်မှာ အခြေချနေထိုင်ကြတဲ့ မြန်မာလူမျိုးအပါအဝင် နိုင်ငံခြားသားတွေကိုပါ လေ့လာပြီး စာတမ်းသဘောမျိုးပြုစုရမယ်ဆိုလားကြောင့် တကြောင်း စားရင်းသောက်ရင်းနဲ့ recorderကြီးဖွင့်ပြီး ကျွန်ုပ်ကို ဗျူးပါတော့တယ်။

ကျွန်ုပ်ရဲ့ နိုင်ငံရေးခံယူချက်၊ လူမှုရေးခံယူချက်၊ လူငယ်တွေအပေါ် သဘောထား၊ ပြည်ပရောက် မြန်မာလူမျိုးတွေအပေါ်သဘောထားအမြင်၊ ဂျပန်မှာနေထိုင်နေရတဲ့အခြေအနေ စသဖြင့် စုံလို့ပါပဲ။ ပြောသေးတယ်။ ကျနော်က အမကို စတွေ့ကတည်းက အမပြောပုံဆိုပုံ၊ လှုပ်ရှားပုံတွေကိုကြည့်ပြီး တလမ်းလုံး စိတ်ထဲက မေးခွန်းတွေ ထုတ်လာတာဆိုပဲ။ ဖြစ်နိုင်ပါတယ်။ မောင်မင်းကြီးသားက အချိန်တိုအတွင်းမှာ အတော့်ကို ထောင့်စေ့အောင် ဗျူးနိုင်ပါပေတယ်။

နောက်ဆုံး သူ့မေးခွန်းကတော့ ပြည်တွင်းက လူငယ်တွေနဲ့သာ အမစကားပြောခွင့်ရမယ်ဆို ဘာပြောချင်လဲလို့ မေးပါတယ်။ အဲသည့်အချိန်မှာ ကျွန်ုပ်(၂)ခုဖြေချင်ပါတယ်။ ဒါပေမယ့် သူ့ရထားချိန်ကလည်း နီးနေပြီမို့ (၁)ခုပဲ လိုရင်းတိုရှင်းဖြေလိုက်ပါတယ်။

ကျွန်ုပ်ဖြေလိုက်တဲ့ ပထမတခုက လူငယ်အတော်များများဟာ ဆရာလုပ်တာကို အခါးသီးဆုံးပဲလို့ အမ သတိထားမိတယ်။ ကိုယ်ပြောချင်တာတွေ၊ ကိုယ်သိသမျှ တတ်သမျှတွေကို တိုက်ရိုက်အများကြီးပြောနေရင် တလုံးမှနားထဲကို မထည့်တော့မယ့်လူဟာ လူငယ်ပဲလို့။ ကိုယ်လည်း ဘယ်လိုပင် လေ့လာလေ့လာ ပြည့်စုံသွားပြီလို့တော့ မရှိတာမို့ သူတို့အတွက် အပြည့်စုံဆုံးလည်းဖြစ်၊ တိုက်ရိုက်လည်း ဆုံးမခြင်းလည်းမဟုတ်တဲ့ အကောင်းဆုံး စကားလက်ဆောင်ကတော့ "စာဖတ်ပါ" ဆိုတာပါပဲ။

လူငယ်တယောက်ဟာ နေ့စဉ်နေ့တိုင်း အကျိုးရှိတဲ့စာပေတခုခုကို နာရီဝက်လောက်ပဲ အချိန်ပေးပြီး ဖတ်မယ်ဆိုရင် ၆လအတွင်းမှာ အတွေးအခေါ်၊ အနေအထိုင်၊အပြုအမူကအစ တိုးတက်သော ကောင်းမွန်ခြင်းဘက်ကို စတင်ပြောင်းလဲလာတာကို တွေ့ရပါလိမ့်မယ်လို့ ကျွန်ုပ်ပြောခဲ့ပါတယ်။

ကျွန်ုပ် နောက်တခုကို ပြောချင်ပါသေးတယ်။
ဒါပေမယ့် အချိန်မရခဲ့တာကတကြောင်း၊ အဲသည့်တခုကတော့ အကြံပေးတာမျိုးမဟုတ်ဘဲ ကျွန်ုပ်ရဲ့ ခံယူချက်အနေအထားကို ကိုယ့်မောင်တွေညီမတွေနဲ့ စကားစမြည်ပြောရင်း ထည့်ပြောချင်တာမျိုးဆိုတော့ အင်တာဗျူးအနေနဲ့ မပြောချင်တာလည်းပါတယ်ပဲ ဆိုပါတော့။

လောကမှာ လူတိုင်းလိုလို သေနတ်တွေ၊ ဗုံးတွေ၊ကျည်ဆံတွေ၊ အမြောက်ဆံတွေကို ကြောက်ကြတယ်။ အဲဒါတွေနဲ့ အပစ်ခံရရင် အသက်သေသွားမယ်ဆိုတာ သိလို့ကြောက်ကြတယ်။ ကိုယ်က အဲဒါတွေကို ကြောက်တာကိုလည်း ကိုယ့်ကိုကိုယ်သိတယ်။ သတိထားမိတယ် ဆိုပါတော့။ ဒါပေမယ့် ကိုယ်က ကြောက်လို့ကြောက်မှန်းမသိဘဲ ကြောက်နေတာတခုရှိတယ်။ အဲဒါက ဘာလဲဆိုတော့ "ပညာရှိ" ဆိုတာကြီးကိုပဲ။

"ပညာရှိ"ဆိုတဲ့အထဲမှာ ကိုယ်အထင်ကြီးလေးစားရသူလည်းပါနိုင်တယ်၊ ကိုယ့်အဖေအမေလည်း ပါနိုင်တယ်၊ ကိုယ်တခါမှ မမြင်ဖူးတဲ့ နိုင်ငံရပ်ခြားက ပုဂ္ဂိုလ်တွေလည်း ပါနိုင်တယ်။ အားလုံးကို ခြုံပြီး ပညာရှိနဲ့လို့ပဲ ပြောကြပါစို့။ ဟုတ်လို့လား၊ ငါတို့က ပညာရှိကို လေးစားတာပါ၊ ကြောက်တာမဟုတ်ပါဘူးလို့ ပြောကြပါလိမ့်မယ်။ ဒါပေမယ့် သေသေချာချာ စဉ်းစားကြည့်ရင် လေးစားတာထက် ငယ်ကြောက်လိုဖြစ်နေတဲ့ အနေအထားက ပိုနေတာကိုတွေ့ရတယ်။

ဥပမာ...လူငယ်လေး ၃ယောက်ပြောနေတဲ့ စကားဝိုင်းမှာ တယောက်သော လူငယ်လေးက “လူတိုင်းကို ယုံကြည်ရင် အန္တရာယ်များတယ် ။ ဘယ်သူ့ ကိုမှ မယုံကြည်ရင် အလွန် အန္တရာယ်များ တယ်ကွ” လို့ ပြောလိုက်တယ်ဆိုပါတော့။ ဒါကို ဒုတိယလူငယ်က "ဟေ့ကောင်၊ မင်းဟာက မဟုတ်သေးပါဘူးကွာ၊ လောကမှာ ယုံသင့်ရင်တော့ ယုံရမယ်"လို့ ပြန်ပြောတယ်။

တတိယတယောက်ကလည်း ပထမဆုံးတယောက်ပြောတာကို ထောက်ခံသလိုလို စဉ်းစားသလိုလို လုပ်နေတဲ့အချိန်မှာ ပထမဆုံးတယောက်က "ဟေ့ရောင်တွေ အဲဒါ ငါပြောတာမဟုတ်ဘူးကွ၊ အမေရိကန်သမ္မတကြီး အီဗရာဟင်လင်ကွန်းက ပြောခဲ့တဲ့စကားကွ" လို့ ပြောလိုက်တယ်။ အဲသည့် လူငယ်ကပဲ ဆက်ပြီး ပညာရှိတို့ရဲ့ အဆိုအမိန့် သုံးလေးခုလောက် ဆင့်ပြီး ပြောချလိုက်တယ်ဆိုရင်ပဲ
ဒုတိယတယောက်နဲ့ တတိယတယောက်က ဘာမှ စောဒက မတက်တော့ဘူး။ စိတ်ထဲက သိပ်မကျေနပ်တာတောင် အဲသည့်အကြောင်းအရာကိုတော့ ဆက်မဆွေးနွေးဖြစ်တော့ဘူး။

ဘာလို့လဲဆိုတော့ ပညာရှိနဲ့ ခြိမ်းခြောက်ခံလိုက်ရတာကိုး။ အမေရိကန်ဆိုတာကြီးကိုလည်း လူငယ်ပီပီ အထင်ကြီးမယ်၊ သမ္မတဆိုတာကြီးကလည်း ပါနေတယ်။ ငယ်ကတည်းက ကျောင်းစာမှာတောင် လင်ကွန်းဆိုတာကြီးကိုလည်း သင်ခဲ့ရလေတော့ ကြောက်သွားတာပေါ့။ ကိုယ့်ယုံကြည်ချက်ကို ရဲရဲဝံ့ဝံ့ မထုတ်ဖေါ်ရဲတော့ဘူး။

"မင်းဖာသာမင်း သမ္မတမကလို့၊ ဖီလိုဆိုဖာမကလို့၊ မိုးနတ်မင်းကြီးပဲဖြစ်ဖြစ် ငါကတော့ လက်မခံဘူး။ ငါ့ယုံကြည်ချက်ကို ငါဆက်လက်အကောင်အထည်ဖေါ်မယ်" ဆိုတဲ့ လူမျိုး အင်မတန်နည်းပါတယ်။
အဲလို ပြောလိုက်လို့ရှိရင်လည်း "ဒီကောင် ကြောင်နေပြီ၊ ပညာရှိစကားတောင် သူက လက်မခံဘူးတဲ့၊ ဟားဟား၊ အလကား စာလေးမတောက်တခေါက်ဖတ်ပြီး ဘဝင်ရူး" လို့ ကိုယ်ကိုယ်တိုင်လည်း ပညာရှိကြောက်ရောဂါဝင်လို့ဝင်နေမှန်းမသိဘဲ မကြောက်တတ်တဲ့သူကိုလည်း ကဲ့ရဲ့လှောင်ပြောင်တတ်သူက များပါတယ်။ ဒါကြောင့်လည်း စောဒကတက်ချင်သူ တချို့ကလေကတောင် အလှောင်ခံရမှာ စိုးတာနဲ့ပဲ လျှော်ချလိုက်ရပါတော့တယ်။

နောက်ငယ်ကြောက် အမျိုးအစားတခုက ကိုယ့်အမိအဖဆရာသမားနဲ့ ကိုယ်လေးစားရတဲ့ နိုင်ငံ့ခေါင်းဆောင်စတာတွေပဲဖြစ်ပါတယ်။ အိမ်တအိမ်မှာပဲ ဆိုပါတော့။ မိုးရေစက်လက်ကျနေတဲ့ ရေစိုထီးကြီးကို ဖခင်လုပ်သူက ထီးထားတဲ့နေရာမှာမထားဘဲ ဧည့်ခန်းနဲ့ မလွတ်ကင်းတဲ့နေရာမှာ စည်းမဲ့ကမ်းမဲ့ ထားလိုက်တာကြောင့် ရေတွေစီးကျပြီး ဧည့်ခန်းက ကော်ဇော်ကြီးရေတွေ စိုကုန်တယ်။

ဒါကိုတွေ့တဲ့ သမီးကြီးလုပ်သူက "ဒီထီးကြီးကို ဘာဖြစ်လို့ ထီးစိုက်တဲ့နေရာမှာ မထားဘဲ ဒီမှာလာထားရတာလဲ၊ ကော်ဇောကိုရေတွေစိုကုန်ပြီကြည့်စမ်း" စသဖြင့် ပြောလိုက်မယ်ဆိုရင် နောက်သားသမီးတယောက်က "ဟာ အဲဒါ အဖေထားသွားတာ၊ မကြီးသွားမပြောနဲ့" လို့ အလန့်တကြားတားလိုက်မယ်။ ဒါဆိုရင်ပဲ သမီးကြီးလုပ်သူကလည်း ဇက်ကလေးပုသွားမယ်"ဟုတ်လား၊ ငါက မသိပါဘူး နင်များလား၊ အငယ်မများလား" စသဖြင့် ကိုယ်နိုင်ရတဲ့သူတွေကိုပဲ တွေးတော့မယ်။

တကယ်ဆို အဲဒါမဖြစ်သင့်ဘူး။ ဒီလုပ်ရပ်က မှားနေရင် အမှားလုပ်ခဲ့သူဟာ ကိုယ်လေးစားသူပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ဒီကိစ္စကို တရားခံသိအောင်ပြောရမယ်။ မိဘကို ခံပြောခိုင်းတာမဟုတ်ဘူး။ ယဉ်ယဉ်ကျေးကျေးနဲ့ အကြောင်းစုံကို သိအောင်စုံစမ်း မေးမြန်းရမယ်။ ဥပမာ "ဖေဖေ့မှာ အရေးကြီးတဲ့ ကိစ္စရှိလို့ ကမန်းကတမ်း အိမ်ပြန်လာရလို့လား၊ ဖေဖေ နေမကောင်းဖြစ်ပြီး ပြန်လာတာလား" စသဖြင့် သိအောင်လုပ်ရမယ်။ ဘာမှလည်း မဖြစ်ဘဲနဲ့ အဲလိုစည်းကမ်းမရှိထားရင် အကျိုးသင့်အကြောင်းသင့် ပြောပြသင့်ပြောရမယ်။ ဒါကိုလည်း မိဘလုပ်တဲ့သူက လက်ခံရမယ်။

ငါမိဘပဲ ဒါငါ့အိမ် ငါ့လုပ်စာစားနေကြတာ ငါဘာလုပ်လုပ် ဆိုရင်တော့ အဲဒါမိဘမဟုတ်တော့ဘူး။ အာဏာရှင်ဖြစ်သွားပြီ။ ကျွန်ုပ်တို့ မြန်မာနိုင်ငံမှာ အနန္တောအနန္တငါးပါးကို ရိုသေလေးစားတာနဲ့၊ ရပ်ကွက်မြို့ရွာတိုင်းပြည် အုပ်ချုပ်သူလူတန်းစားကို ခေတ်အဆက်ဆက်က ကြောက်ရတာတွေနဲ့ ရောထွေးပြီး လူငယ်တွေမှာ မှန်ကန်တဲ့ အသိတရားထက် အကြောက်တရားတွေ လွှမ်းမိုးနေတာတွေ့ရတယ်။

လူကြီးမိဘဆရာသမားခေါင်းဆောင်ကို ရိုင်းစိုင်းစော်ကားတာနဲ့ လူကြီးမိဘဆရာသမားခေါင်းဆောင်ကို ယဉ်ကျေးပွင့်လင်းတာ ကွဲပြားဖို့လိုပါတယ်။ လူငယ်တွေက သူတို့အမြင် သူတို့ခံယူချက် သူ့တို့ယုံကြည်ချက်ကို ရဲရဲဝံ့ဝံ့ ဖေါ်ပြခြင်းဟာ ရိုင်းစိုင်းခြင်း၊ ပမာမခန့်ပြောခြင်း၊ နှုတ်လှန်ထိုးခြင်း၊ ခြေရာတိုင်းခြင်း မဟုတ်ဘူးဆိုတာကို ခေါင်းဆောင်နေရာမှာရှိနေသူများက နားလည်ပေးဖို့လိုပါတယ်။

ခေါင်းဆောင်တယောက် ပြောလိုက်တဲ့ စကားတွေထဲမှာပဲ ဒီစကားကိုတော့ကြိုက်တယ်။ ဟိုစကားကိုတော့ မကြိုက်ဘူး ဆိုရင်လည်း ကိုယ်မကြိုက်တာကို သူက ခေါင်းဆောင်ပဲ၊ သူက ပညာရှိပဲဆိုပြီး အတင်းဇွတ် ကိုယ့ိကိုကိုယ် အမိန့်ပေးပြီး မသက်မသာနဲ့ လက်မခံချင်ပါနဲ့။ ငါ့အဖေပြောတ အကုန်ဟုတ်တယ်၊ ငါ့ဆရာပြောတာအကုန်မှန်တယ်၊ ငါ့ခေါင်းဆောင်ပြောရင် မလွဲဘူး စသဖြင့် ကိုယ့်ဦးနှောက်ကိုယ် မသုံးဘဲ စကားတောင်မဆုံးသေးဘူး ခေါင်းညိမ့်တတ်တဲ့ အကျင့်ကို လူငယ်တွေ မကျင့်စေချင်ဘူး။

ရှင်ဘုရင် ပြောသမျှစကားကို ဟုတ်ပါ့ဘုရား မှန်ပါ့ဘုရား လုပ်တဲ့ခေတ်ကို သက်ဦးဆံပိုင်ဘုရင်ခေတ်၊ ဘုရင်စနစ်လို့ ခေါ်တယ်။ ယနေ့မြန်မာလူငယ်တွေဟာ ရုပ်ဝတ္ထုပစ္စည်းအနေနဲ့ i phone 4, 5တွေ ကိုင်ပြီး စိတ်ဓါတ်အတွေးအခေါ်တွေကတော့ ဘုရင်စနစ်ဘုရင်ခေတ်ကို ပြန်သွားနေကြမယ်ဆို ကိုယ့်ကိုကိုယ်ပဲ စဉ်းစားကြည့်ပါဦး။ ရှက်ဖို့ကောင်းနေပြီနော်။

ပညာရှိပြောသမျှ စကားဖီဆန်ရမယ်လို့ မဆိုလိုပါ။ ဒါပေမယ့် ကိုယ့်သဘောကျမကျကို ကိုယ့်ကိုကိုယ် ရဲရဲမေးပါ။ ရဲရဲတွေးကြည့်ပါ။ ရဲရဲဆွေးနွေးပါ။ ပညာရှိတာနဲ့ပဲ ကြောက်ပြီး ဝပ်မသွားစေချင်ဘူး။
လူငယ်ဆိုတာ တတ်နိုင်သရွေ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုအရှိဆုံးဖြစ်နေရမယ်။ ဆန်းသစ်တဲ့ အတွေးအခေါ်တွေ ရှာဖွေနိုင်ပါမှ တိုးတက်တဲ့ အနာဂတ်အတွက် အားထားရတဲ့ ခေါင်းဆောင်သစ်တွေဖြစ်လာတော့မှာပေါ့။

ပညာရှိကို မကြောက်လိုက်လို့ ရလဒ်ကောင်းရသွားတဲ့ ယနေ့ခေတ် မြန်မာပြည်တွင်းက လူငယ်လေး တယောက်အကြောင်းပြောပြချင်ပါတယ်။  အဲသည့်လူငယ်လေးက လက်ရှိနယ်မြို့တမြို့ကပေါ့။ တိုင်းပြည်အတွက် လူမှုရေးလုပ်ငန်းတွေကို သူတတ်စွမ်းသလောက် လုပ်နေတဲ့ လူငယ်တယောက်ပါ။ တနေ့ သူတို့ မြို့ကို ၈၈မျိုးဆက်ကျောင်းသားတွေနဲ့အတူ ဦးခွန်ထွန်းဦးအပါအဝင် နိုင်ငံရေးသမားကြီးများရောက်လာကြတယ်။ သူတို့လည်း ဝမ်းသာအားရဖိတ်ခေါ်ပြီး တွေ့ဆုံဆွေးနွေးပွဲလုပ်ကြတယ်။ အခြေအနေအရ ကိုမင်းကိုနိုင်အဲသည့်ပွဲကို မတက်ရောက်နိုင်ခဲ့ပေမယ့် ကိုဂျင်မီ၊ ဦးခွန်ထွန်းဦးနဲ့ တခြားပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြတယ်။

တွေ့ဆုံဆွေးနွေးပွဲလို့ ဆိုပေမယ့် မြန်မာတို့ထုံးစံအတိုင်း လူကြီးတွေကပြော၊ လူငယ်တွေက နားထောင်ပေါ့။ အားလုံးပြီးမှ မေးချင်တာမေးလို့ရတယ်၊ ဆွေးနွေးစရာရှိရင် ဆွေးနွေးလို့ရတယ်ဆိုပြီး အချိန်ပေးပါတယ်။ ဒါပေမယ့် အဲလိုအချိန်မျိုးဆို လူကြီးတွေ(တနည်းဆိုသော်)ပညာရှိများ၊ ခေါင်းဆောင်များရဲ့ ပြောခဲ့တာစကားများကို ဆန့်ကျင်ပြီး ကိုယ်မြင်နေရတဲ့ ရှူ့ဒေါင့်၊ ကိုယ့်ခံစားနေရတဲ့ ခံစားမှုတွေကို တင်ပြဆွေးနွေးရဲတဲ့ လူငယ်ကရှားပါတယ်။ အလွန်ဆုံး သိချင်တဲ့ မေးခွန်းလောက်သာ မေးလေ့ရှိကြတယ်။ မကျေနပ်ရင်လည်း စိတ်ထဲမှာပဲထားလိုက်တယ်။ သိပ်မနေနိုင်ရင် အပြင်ရောက်မှ အချင်းချင်းပြောမယ် ဆိုတာမျိုးလောက်ပဲ ရှိတတ်တယ်။

ဒါပေမယ့် အခုပြောနေတဲ့ လူငယ်လေးကတော့ ခေါင်းဆောင်လုပ်သူတွေ ပြောသွားတာတွေကိုလည်း သေသေချာချာ နားထောင်တယ်။ လိုက်မှတ်တယ်။ သူ့အမြင်နဲ့ ဆန့်ကျင်တဲ့ အချက်တွေကိုလည်း တေးမှတ်ထားတယ်။ ဒါတောင် သူပြောပုံအရဆို ရှေ့ကပြောနေသူတွေရဲ့ စကားတွေထဲမှာ သူ့အမြင်နဲ့ဆန့်ကျင်တာတွေ ၃ခုလောက် ပါနေတဲ့အထိ သူထပြောဖို့ စိတ်ကူးမရှိဘူးတဲ့။ ဘာလို့လဲဆိုတော့ ကြောက်လို့တဲ့။

သူကတော့ မရှက်တမ်း ကျွန်ုပ်ကိုဝန်ခံပါတယ်။ " ကျနော် တကယ်ကြောက်တယ်အမ"တဲ့။ " လူမှုရေး လုပ်နေရာကနေ ဒီလို နိုင်ငံရေးသမားကြီးတွေနဲ့ အပြန်အလှန်ထပြောလိုက်လို့ နိုင်ငံရေးလုပ်တယ်ဆိုပြီး တခုခု အလုပ်ခံရမှာကိုလည်းကြောက်တယ်၊ နောက်တခုက ကျနော်ထပြောရမယ့်ပုဂ္ဂိုလ်ကြီးတွေက တကယ့်ဝါရင့် နိုင်ငံရေးသမားကြီးတွေဆိုတော့ ကျနော်လို ၁၉၈၇မှ မွေးတဲ့သူတယောက်အနေနဲ့ ရှိန်တာပေါ့ အမရယ်" တဲ့။

အဲသည့် ရှိန်တယ်ဆိုတာကြီးက အမှန်တော့ ကြောက်တာပါပဲ။ ကျွန်ုပ်သူ့စကားကြားလိုက်ရတော့ တော်တော်စိတ်မကောင်းဖြစ်သွားတယ်။ ယနေ့ခေတ်လူငယ်တွေမှာ အမျိုးမျိုးသော အကြောက်တရားတွေဟာ လိုအပ်တာထက်ပိုပြီး ရိုက်သွင်းခြင်းခံနေရပါလားလို့။

သူကဆက်ပြောတယ်။ ကျနော် အချိန်တိုလေးအတွင်းမှာ အကြိမ်ကြိမ်စဉ်းစားပြီး ဖြစ်ချင်ရာဖြစ် ငါ့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ငါပြောရမယ်ဆိုတဲ့ ကိုယ့်ဒေသကို ချစ်တဲ့စိတ်နဲ့ လူကြီးတချို့ရဲ့ အမြင်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ သူကိုယ်တိုင် တွေ့ကြုံခံစားနေရတဲ့ အတွေ့အကြုံတွေကို သူ့ကိုယ်ပိုင်ယုံကြည့်ချက်၊ ခံစားချက်တွေနဲ့ ပေါင်းပြီး ထပြောလိုက်တယ်။

ခေတ်ပညာတတ် လူငယ်ပီပီ ယဉ်ယဉ်ကျေးကျေး ပွင့်ပွင့်လင်းလင်းနဲ့ သူ့အမြင်ကို သူ့ဒေသချစ်စိတ်နဲ့ ထပြီးဆွေးနွေးလိုက်တဲ့အတွက် အဲသည့်ပွဲကို တက်ရောက်လာတဲ့ ဧည့်သည်တွေထဲကတယောက်သောသူက သူ့ကို သတိထားမိသွားတယ်။ သဘောလည်းကျသွားတယ်။ အဲသည့်ပုဂ္ဂိုလ်က ဂျပန်ကို လူငယ်တွေ ပညာတော်သင်၊ လေ့လာရေး စေလွှတ်ပေးနေတဲ့ အစုအဖွဲ့ထဲက အရေးပါတဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်နေပါတယ်။ အဲသည့်နောက်မှာတော့ လူငယ်လေးဟာ သူသွားရောက်လေ့လာချင်နေတဲ့ ဂျပန်နိုင်ငံကို လေ့လာရေးအနေနဲ့ ရောက်ခဲ့ရပြီး အခုဒီစာရေးနေတဲ့ အချိန်မှာ သူလည်း ဂျပန်မှာရှိနေပါတယ်။

သူကတော့ တခြားသူမဟုတ်ပါဘူး။ ကျွန်ုပ်ကို ဗျူးခဲ့တဲ့ ဆရာဝန်လူငယ်လေးပါပဲ။ "ကျနော့်လိုပဲ ကျနော့်ဒေသကလူတွေကိုလည်း ဂျပန်ရဲ့ ခေတ်မီတိုးတက်မှုတွေ၊ စည်းကမ်းရှိမှုတွေ၊ စိတ်ဓါတ်အဆင့်အတန်းရှိမှုတွေကို မြင်စေချင်လိုက်တာဗျာ၊ ကျနော်တို့ တိုင်းပြည်ဒီလိုဖြစ်အောင် ကျနော်တို့ အများကြီးအများကြီး ကြိုးစားရဦးမယ်ဗျာ" လို့ သူကပြောပါတယ်။

ပညာရှိကို မကြောက်တဲ့ နောက်လူငယ်တဦးကတော့ အမြင်ပြောရရင် ယနေ့ခေတ် တိုင်းပြည်အတွက် ကြိုးစားနေတဲ့ လူငယ်တွေထဲမှာ ဗကသ ဥက္ကဌ ကိုကျော်ကိုကိုပါပဲ။ သူ့ရဲ့ BBC အထူးအစီအစဉ်မှာ ပြောသွားတာကို သဘောကျတယ်။ သူပြောတဲ့အထဲမှာ လက်ရှိလူကြီးတွေကို စော်ကားတာမပါဘူး၊ ဒါပေမယ့် ခေါင်းဆောင်ကြီးများ လုပ်သမျှ အားလုံးကောင်းပါသည်လို့လည်း သူမပြောဘူး။ လူကြီးတွေရဲ့ စွမ်းဆောင်ချက်တွေကိုလည်း သူ့အမြင်အတိုင်း ယဉ်ယဉ်ကျေးကျေးပြောသွားတယ်။ သူ့ယုံကြည်ချက်၊ သူ့ဆန္ဒ၊ သူလျှောက်လှမ်းမယ့်လမ်းကိုလည်း ရဲရဲဝံ့ဝံ့ကို ထုတ်ဖေါ်သွားတယ်။ ကျွန်ုပ်ဆိုလိုတာ အဲသည်လို ပညာရှိကို မကြောက်ခြင်းပဲ။

အမြောက်တွေ၊ သေနတ်တွေ ခြိမ်းခြောက်တုန်းက မကြောက်ဘဲ ပညာရှိဆိုတာကြီးနဲ့ တို့လိုက်မှ တိုဝင်သွားတယ်ဆိုရင်တော့ ဘဝမှာ အညွန့်တလူလူတက်နေတဲ့ တိုင်းပြည့်တံခွန် လူထူးချွန်ဖြစ်ဖို့ ဝေးသွားပါလိမ့်မယ်။
ကျွန်ုပ်တို့ မြန်မာနိုင်ငံမှာ တိုင်းပြည်ကို အေးချမ်းသာယာဝပြောစွာ အုပ်ချုပ်နိုင်တဲ့ အစိုးရတရပ်ဖြစ်လာဖို့ အဓိကအခြေခံ အုတ်မြစ်ဖြစ်တဲ့ လူငယ်တွေအားလုံး ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

နန္ဒာ(ဂျပန်)


0 comments:

Post a Comment