လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြပါစေ။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ။

Monday, June 25, 2012

ဂျပန်မှာ (၁)

by Ma Nandar on Monday, June 25, 2012 at 7:35pm ·
ဂျပန်လာချင်နေသော မြန်မာပြည်မှ လူငယ်များအတွက် အထူးရည်ရွယ်၍ ဒီစာကို ရေးပါသည်။
ဂျပန်နိုင်ငံကိုရောက်ဖူးသူ၊ ဂျပန်မှာနေထိုင်ခဲ့ဖူးသူ၊ ဂျပန်မှာ လက်ရှိနေထိုင်နေကြသူ မြန်မာနိုင်ငံသားပေါင်းများစွာတို့ဟာ ဂျပန်နိုင်ငံနဲ့ပါတ်သက်ပြီး မိမိတို့ကိုယ်တိုင် မြင်တွေ့ခံစားကြရသော အဖြစ်အပျက်များကို ရှူ့ထောင့်အမျိုးမျိုးကနေ ရေးသားခဲ့ကြပါတယ်။
တချို့ကလည်း ဂျပန်က ကောင်းတယ်ပေါ့။
တချို့ကလည်း ဂျပန်က မကောင်းဘူးပေါ့။
တချို့ကလည်း ဂျပန်ရောက်ရင် ထောပြီပေါ့။
တချို့ကလည်း ဂျပန်ရောက်ရင် မောပြီပေါ့။

ဘယ်လိုပဲဖြစ်ဖြစ် ဂျပန်ဟာ ကျွန်ုပ်တို့မြန်မာများ အလယ်မှာတော့ လွန်ခဲ့တဲ့ အနှစ်၂၀လောက်စပြီး ယနေ့ထက်ထိတိုင်အောင် စိတ်ဝင်စားဖွယ် ဆင်ကြီးတကောင်ဖြစ်နေတာတော့ အမှန်ပါပဲ။ အထူးသဖြင့်  ဂျပန်ပြည်ဟာ ကြီးပွားတိုးတက်လိုသူ လူငယ်မောင်မယ်များရဲ့ အိပ်မက်ကျွန်းလို့လည်း ကျွန်ုပ်အနေနဲ့ တင်စားလိုက်ချင်ပါတယ်။

ဒီစာကို မရေးခင်မှာ ကျွန်ုပ်ပတ်ဝန်းကျင်မှာရှိကြတဲ့ ဂျပန်လူမျိုးများ၊ မြန်မာနိုင်ငံသားထံမှလည်း လက်လှမ်းမီသလောက် မေးမြန်းစုံစမ်းလေ့လာသင်ယူခဲ့ပါတယ်။ မြန်မာလူမျိုးများရေးထားတဲ့ ဂျပန်အကြောင်း စာတို စာရှည် စာစကောစကများ၊ ဂျပန်လူမျိုးများကရေးထားတဲ့ ဂျပန်အကြောင်း စာတို စာရှည် စာစကောစကများကိုလည်း လက်လှမ်းမီသလောက် ဖတ်မှတ်လေ့လာခဲ့ပါတယ်။ ရှူ့ထောင်အမျိုးမျိုးက ကြည့်မြင်သုံးသပ်ပြီးရေးထားကြ၊ ပြောပြကြတဲ့အတွက် ရသအမျိုးမျိုး ခံစားရပါတယ်။

ကျွန်ုပ်ကတော့ “ဂျပန်ဆိုတာ ဒီလိုမျိုး” ၊ “ဂျပန်လာချင်ရင် ဒီစာကိုအရင်ဖတ်”၊ “ဂျပန်အကြောင်း တစေ့တစောင်း”…စသဖြင့် စာကြီးပေကြီးပုံစံမျိုးနဲ့ မရေးပါ။ ဂျပန်ကို လာချင်ကြသော၊ ဂျပန်ကို စိတ်ဝင်စားသော၊ ဂျပန်နဲ့ပါတ်သက်ပြီး အလုပ်အလုပ်ချင်ကြသော ကျွန်ုပ်ရဲ့မိတ်ဆွေများ၊ မောင်ငယ်ညီမငယ်များအတွက် ဂျပန်နိုင်ငံမှာ ကျွန်ုပ်အနေနဲ့ လက်ရှိတွေ့မြင်ခံစားကျင့်သုံးနေထိုင်ရတဲ့ အတွေ့အကြုံ၊ အကြောင်းအရာများကို ပြန်ပြောပြတဲ့ ပုံစံမျိုးနဲ့ပဲ ပေါ့ပေါ့ပါးပါး ရေးချင်ပါတယ်။

ဒီလိုရေးတဲ့နေရာမှာ အဖြစ်အပျက်တွေကို အတတ်နိုင်ဆုံး အမှန်တရားနဲ့အနီးစပ်ဆုံး မခြွင်းမကျန်ရေးမယ်လို့ ရည်ရွယ်ထားတဲ့အတွက် အချို့နေရာတွေမှာ အချို့အချို့သောလူများ မဖေါ်ပြချင်ကြတဲ့ မပြောပြချင်ကြတဲ့ အကြောင်းအရာတွေလည်း ပါကောင်းပါနိုင်ပါတယ်။ (ဥပမာ..ဂျပန်မှာ ပန်းကန်ဆေးရတယ် ဆိုတာမျိုး၊ တနာရီ လုပ်အားခ…စသဖြင့်ပေါ့လေ)။ ကျွန်ုပ်ရဲ့အဖြစ်အပျက်ကလွဲလို့ မည်သူတဦးတယောက်ကိုမှ နာမည်တပ်ပြီး ရေးမှာမဟုတ်သလို ရည်ရွယ်ပြီးရေးတာမဟုတ်ကြောင်းလည်း ကနဦးအစကပင် ကြိုတင်ကြေငြာထားပါရစေ။

စိတ်ဝင်စားတယ်ဆို ဆက်ဖတ်ကြပါကုန်…….

ပထမဦးဆုံးအနေနဲ့ ပြောချင်တာကတော့ အကယ်၍များသင်ဟာ ဂျပန်နိုင်ငံကို လာချင်တယ်ဆိုပါတော့။ ပထမဦးဆုံးအနေနဲ့ ကိုယ့်ကိုကိုယ် ပြန်မေးရမှာကငါဘာလို့ ဂျပန်ကို သွားချင်ရတာလဲဆိုတဲ့ မေးခွန်းပါပဲ။အဖြေတွေက အမျိုးမျိုးရှိလာနိုင်ပါတယ်။ လူများစုဖြေမယ့် အဖြေကတော့
(၁) ပိုက်ဆံရှာဖို့ပေါ့။
(၂) ပညာသင်ဖို့ပေါ့။
(၃) မရောက်ဖူးသေးလို့ ရောက်ဖူးချင်လို့၊ ဈေးဝယ်ထွက်ချင်လို့ (ဒါကတော့ လက်တဆုပ်စာ လူနည်းစုပါလေ။ ဘယ်အသိုင်းအဝိုင်းက လူတွေလဲလို့တော့ မရေးတော့ဘူးနော်။ ဆက်ပြောရင် နိုင်ငံရေးတွေပါကုန်မယ်။ လက်က ဘရိတ်အုပ်လို့ရမှာ မဟုတ်တော့ဘူး)

ထားပါတော့လေ။ လူငယ်တွေ စိတ်အဝင်စားဆုံး အကြောင်းအရာဖြစ်တဲ့ နံပါတ်(၁)ကိုပဲ အရင်ဆုံးပြောကြတာပေါ့။ ပိုက်ဆံရှာတယ်၊ စီးပွားရှာတယ်ဆိုတယ်နေရာမှာ သင့်အနေနဲ့ အနိမ့်ဆုံးအနေနဲ့ လူ့စွမ်းအား အရင်းအမြစ်(သို့) ငွေအရင်းအနှီး တခုခုတော့ ရှိကိုရှိရတယ်။ ဒါက ဂျပန်မှာတင်မကဘူး။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဒီအတိုင်းပါပဲ။

ဂျပန်မှာ ပိုက်ဆံရှာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လာမယ့်လူတယောက်အဖို့ ဂျပန်မှာ အဆင်ပြေချင်တယ်ဆိုရင် အထက်ကအရင်းအနှီး ၂ခုစလုံးလိုအပ်တယ်။ ငွေအရင်းအနှီးအနေနဲ့ ဂျပန်ကို ဘယ်ဗီဇာနဲ့ပဲလာလာ ဒီနေ့ခေတ် (၂၀၁၂ခုနှစ်) ပေါက်ဈေးအရဆို မြန်မာငွေကျပ်သိန်း(၁၀၀)လောက်တော့ လိုတယ်။ဗီဇာ အမျိုးမျိုးအစားအပေါ်မူတည်ပြီး ကံကောင်းရင်၊ အဆက်အသွယ်ကောင်းရင် သည့်ထက်လျော့တာလည်းရှိနိုင်သလို၊ ကံမကောင်းရင် သည့်ထက်မက ပေးရတာလည်း ရှိတယ်။

ခြွင်းချက်အနေနဲ့ ဂျပန်မှာ မိဘဆွေမျိုးအရင်းအခြာရှိတယ်လို့ ပြနိုင်သူတွေ၊ လက်ရှိအစိုးရနဲ့ အဆင်ပြေလို့ အစိုးရက ပညာတော်သင်လွှတ်လိုက်သူတွေ၊ လက်ရှိ မြန်မာနိုင်ငံက ဂျပန်ကုမ္ပဏီတခုခုကနေ အလုပ်သင်အဖြစ် လွှတ်ခြင်းခံရသူတွေ၊ မြန်မာပြည်ကနေ ဂျပန်လူမျိုးကိုယ်တိုင်က လက်ဆွဲခေါ်လာလို့ ဂျပန်ရောက်လာသူအချို့၊ ဂျပန်လူမျိုးနဲ့ တရားဝင် အိမ်ထောင်ကျနေတာကို အထောက်အထား ခိုင်ခိုင်လုံလုံပြနိုင်လို့ ဂျပန်ကိုလာခွင့်ရသူအချို့ကတော့ အဲသည့်လောက်မကုန်ဘူးပေါ့။ နေရာတိုင်းမှာ ခြွင်းချက်ဆိုတာရှိစမြဲမဟုတ်လား။

ဒီတော့ကာ ကိုယ်က ခြွင်းချက်ထဲမှာ မပါတဲ့ သာမာန်အနေအထားနဲ့ ဂျပန်ကို လာပြီးစီးပွားရှာမယ့် လူတယောက်ဆိုပါတော့။ သင့်မှာ လောလောဆယ် အဲသည့်လောက် ငွေကြေးအရင်းအနှီးရှိပါသလား၊ အဲသည့်လောက် ငွေကြေးပမာဏ ရင်းနှီးပြီး ဘယ်လောက်ပြန်ရမယ်လို့ရော တွက်ထားပါသလဲ။ တွက်ထားတဲ့အတိုင်းရော ပြန်ရမယ်ထင်ပါသလား၊ သင်တွက်ထားတဲ့အတိုင်း (ထားပါတော့ တလကို မြန်မာငွေ သိန်း(၂၀)လောက်) ဂျပန်မှာ ပုံမှန်ရနေဖို့ကို သင်ရဲ့ ပင်ကိုယ်အရည်အချင်းနဲ့ သင်လာတဲ့ ဗီဇာအမျိုးအစားနဲ့၊ သင့်ရဲ့ မမြင်ရတဲ့ ကံတရား (၃)ခုစလုံးအပေါ်မှာ မူတည်နေပါတယ်။

ကဲ…သင် ဘယ်လို ဗီဇာအမျိုးအစားနဲ့ ဂျပန်ကိုလာဖို့ စိတ်ကူးထားပါသလဲ။ အရပ်စကားနဲ့ ပြောရရင် ဘယ်လို နည်းနဲ့ ဂျပန်ကိုလာပြီး ဘယ်လိုနည်းနဲ့ ဂျပန်မှာ ပိုက်ဆံရှာဖို့ စိတ်ကူးထားပါသလဲ။ ဂျပန်ကို သာမာန်အနေအထားနဲ့ မြန်မာတယောက်လာပြီး ပိုက်ဆံရှာမယ်ဆိုရင် လာလို့ရတဲ့ ဗီဇာအမျိုးအစားပေါင်း များစွာထဲက လူသိများ၊ လူသုံးများ၊ ပိုက်ဆံရှိရင် လုပ်ရတာလွယ်ကူတဲ့ ဗီဇာတွေကတော (အရင်တုန်းက ခေတ်စားတဲ့ ဇီဇာတွေအကြောင်းထည့်မပြောတော့ဘူးနော်။ ယနေ့ခေတ် အသုံးဝင်တဲ့ အနေအထားကိုပဲ ပြောပါမယ်) အရပ်စကားနဲ့ပြောမယ်ဆိုရင်…

Training Visaလို့ခေါ်ကြတဲ့ အလုပ်သင်ဗီဇာ၊
Student Visa လို့ခေါ်ကြတဲ့ ကျောင်းသားဗီဇာ
Work Visa လို့ ခေါ်ကြတဲ့ အလုပ်သမားဗီဇာ
Refugee Visa လို့ခေါ်ကြတဲ့ နိုင်ငံရေးဗီဇာ တွေကတော့ လူသိအများဆုံးနဲ့ လူအသုံးအများဆုံး ဆိုပါတော့။

ပထမဦးဆုံးအနေနဲ့ Training Visa အနေအထားကို ကျွန်ုပ်သိထားသလောက် ပြောရမယ်ဆိုရင်…
Training Visaနဲ့ ဂျပန်ကို လာချင်သူတယောက်ဟာ ပထမဦးဆုံးအနေနဲ့ မြန်မာပြည်မှာရှိတဲ့ Training Visaနဲ့ ဂျပန်ကို ပို့ပေးတဲ့ Agency(ကိုယ်စားလှယ်လုပ်ငန်း) ကိုရှာရပါမယ်။ Agent ပဲခေါ်ခေါ်၊ Agency ပဲခေါ်ခေါ်၊ Training Visaနဲ့ ဂျပန်ကို ပို့ပေးတဲ့ ကုမ္မဏီလို့ပဲခေါ်ခေါ် အဓိက အရေးကြီးတာကတော့ မှန်မှန်ကန်ကန်နဲ့ ဂျပန်ကို ပို့ပေးတဲ့ ကုမ္မဏီကိုရှာနိုင်ဖို့ပါပဲ။ ဒါကတော့ သင့်ရဲ့ လူသားစွမ်းအား အရင်းအမြစ်တခုဖြစ်တဲ့ တဲ့တဲ့ပြောရရင် သင့်ရဲ့ အရည်အချင်းပေါ်မှာ မူတည်ပါတယ်။

ဂျပန်က မိတ်ဆွေက၊ ဂျပန်က ဆွေမျိုးက ဘယ်Agentကတော့ဖြင့် အမှန်အကန်လို့ ပြောလို့ အဲသည့်တဖက်စကားကိုပဲ နားထောင်ပြီး ကိုယ်ကိုယ်တိုင်က ဘာမှ ဦးနှောက်၊နား၊မျက်စိမသုံးဘဲ ဂျပန်လာချင်ဇောနဲ့ ပိုက်ဆံတွေ ပုံမအောမိဖို့ သတိပေးလိုက်ပါတယ်။ ဆုံးစရာရှိရင် ကိုယ့်ပိုက်ဆံက အရင်ဆုံး ဆုံးမှာကို သတိပြုပါ။

အများအားဖြင့်တော့ Training Visa နဲ့ခေါ်တဲ့ Agencyတွေရဲ့ လုပ်ရိုးလုပ်စဉ်တွေကတော့…အဲသည့် Agencyနဲ့ အလုပ်စလုပ်ပြီဆိုရင် သူတို့ဆီမှာ သတ်မှတ်ထားတဲ့ ငွေအရစ်ကျပေးချေတဲ့ စနစ်တွေကို သင့်ကိုပြပါလိမ့်မယ်။ စလုပ်ရင်ဘယ်လောက်၊ ဘယ်အဆင့်ရောက်ရင်ဘယ်လောက်၊ ဂျပန်ကိုရောက်သွားရင် ဘယ်လောက် စသဖြင့်ပေါ့လေ။

ဒီနေရာကမှာ ကိုယ်သတိပြုရမှာက သူတို့ဆီက ချပြလာတဲ့ စည်းကမ်းတွေ၊ ငွေချေစနစ်တွေကို ကိုယ်နားမလည်ရင် နားမလည်ဘူး ပွင့်ပွင့်လင်းလင်းပြောပါ။ ဘယ်နေရာကို ဘယ်လိုနားမလည်ဘူး ပွင့်ပွင့်လင်းလင်း ပြောပါ။ မေးပါ။ ရှင်းပြခိုင်းပါ။ အင်္ဂလိပ်လိုတွေ သိပ်ညှပ်ပြောနေလို့ နားမလည်ရင် နားမလည်ဘူး၊ ဗမာလို ၇ှင်းအောင်ပြောပြပါလို့ ပြောပါ။

ဒီနေရာမှာ ကိုယ့်ကို သူတို့အထင်သေးသွားလိမ့်မယ်ဆိုပြီး နားမလည်တာကို မသိတာကို ကြားဖူးနားဝမရှိတာကို သိချင်ယောင် နားလည်ချင်ယောင် တတ်ချင်ယောင်မဆောင်ပါနဲ့။ အခုရှူပ်မှ နောင်ရှင်းဆိုသလိုပဲ အစကတည်းက ကိုယ့်ကိုကိုယ် ကျေနပ်မှုရှိတဲ့အထိ သူတို့နဲ့ဆွေးနွေးပါ။ မသိလို့ မသိဘူးပြောတာ၊နားမလည်လို့ နားမလည်ဘူးပြောတာ ဘာမှ ရှက်စရာမလိုပါ။ ဒီလိုမှ မဟုတ်ရင် Agency ရုံးခန်းထဲကထွက်လာပြီး အူကြောင်ကြောင်နဲ့ ကိုယ်ကိုယ်တိုင်ပဲ နားလည်သလိုလို နားမလည်သလိုလို၊ မိဘဆွေမျိုးအုပ်ထိန်းသူတွေကို ပြန်ပြောပြတော့လည်း မရေမရာ မသေမချာနဲ့ အစမကောင်းခဲ့ရင် အနှောင်းမှာပိုလို့တောင် ခက်ခဲပါဦးမယ်။ ကိုယ်က အစမကောင်းလေ လိမ်ချင်သူက လိမ်လို့ကောင်းလေ ဆိုတာကို သတိပြုပါ။

Agentကပြောလိုက်တဲ့ သူတို့ရဲ့ လုပ်ထုံးလုပ်နည်းတွေကို သေသေချာချာနားလည်သဘောပေါက်ပြီး ကိုယ်ကိုယ်တိုင်ကလည်း သဘောတူကျေနပ်တယ်ဆိုရင် သူတို့Agency နဲ့ အလုပ်လုပ်ဖို့ စာချုပ်ရမယ်။ လက်မှတ်ထိုးရမယ်၊ သတ်မှတ်ထားတဲ့ ပထမအရစ်ကို သတ်မှတ်ထားသလို အရင်ဆုံးပေးချေရမယ်။ဒီ့နောက်မှာတော့ Agency အများစုက ဂျပန်က သူဌေး(သို့)သူဌေးကိုယ်စားလှယ်လို့ ပြောတဲ့ ဂျပန်လူမျိုးတယောက်(သို့)အများနဲ့ မိတ်ဆက်ပေးခြင်း၊ အင်တာဗျူးခြင်း၊ ဂျပန်က သူတို့အလုပ်နဲ့သက်ဆိုင်တဲ့ လုပ်ငန်းခွင် ကိစ္စရပ်များကို သင်ကြားပေးခြင်း၊ဂျပန်ဘာသာစကားကို ၄၊၅လ လောက်သင်ကြားပေးခြင်း စတာတွေကို လုပ်ပါလိမ့်မယ်။
နောက်ဆုံး ဂျပန်ကိုရောက်လာပြီး သူတို့သတ်မှတ်ထားတဲ့ အလုပ်မှာ အလုပ်ဝင်နိုင်တဲ့ အနေအထားကိုရောက်ပြီဆိုရင်တော့ နောက်ဆုံးအရစ်ငွေကို ပေးချေရလေ့ရှိတယ်။

ကဲ….မြန်မာငွေသိန်း(၁၀၀)လောက်ကတော့ သင့်လက်ထဲကနေ အရင်ဆုံး ထွက်သွားပြီပေါ့နော်။ Agency တခုနဲ့တခု လုပ်နည်းကိုင်နည်း အသေးစိတ်မတူတာတွေတော့ ရှိပါတယ်။ ဂျပန်ကို Training Visaနဲ့ ရောက်လာသူတွေဆီက လက်လှမ်းမီသလောက် အချိန်ပေးလိုက်လံမေးမြန်းစုံစမ်းပြီး Agency အတော်များများရဲ့ လုပ်ထုံးလုပ်နည်း တူတာတွေကို ကောက်နှုတ်ဘုံထုတ်ပြီး ရေးပြလိုက်တာပါ။ ကိုယ်ရွေးချယ်လိုက်တဲ့ Agencyက မှန်မှန်ကန်ကန်နဲ့ လုပ်ပေးလိုက်လို့ Training Visaနဲ့ ဂျပန်ရောက်လာပြီ ဆိုကြပါစို့။ ဂျပန်မှာ ဘာတွေ ဆက်ဖြစ်မလဲ…….
ဆက်ရေးပါဦးမယ်။

0 comments:

Post a Comment