လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြပါစေ။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ။

Sunday, December 25, 2011

ကျွန်ုပ် စပ်စု

by Ma Nandar on Sunday, December 25, 2011 at 6:46pm
စောစောက ဆောင်းပါးတပုဒ် ရေးနေတုန်း လမ်းမပေါ်ကနေ ( ဘကအဲရိုး) (ခနအဲရိုး)  စတဲ့ ဂျပန်လို ဆဲဆိုသံတွေ ကြားလိုက်ရတယ်။ သေသေချာချာ နားထောင်လိုက်တော့ အမျိုးသမီး အော်သံ၊ ကလေးငိုသံတွေကိုပါ ဆက်ပြီး ကြားရတယ်။ ဘာဖြစ်တာပါလိမ့်။ .......


သည်ဘက်ခေတ် ဂျပန်လူတွေမျိုးတွေရဲ့ ဓလေ့အရတော့ အဲလို လမ်းမပေါ်မှာ အော်ကြီးဟစ်ကျယ် ရန်ဖြစ်လေ့ သိပ်မရှိဘူး။ အရက်ဆိုင်တွေ၊ဇိမ်ခန်းတွေ စုနေတဲ့ ရပ်ကွက်မှာတော့ ရှိကောင်းရှိမှာပေါ့လေ။ ကျွန်ုပ်က အဲလို ရပ်ကွက်မျိုးကို တနှစ်နေလို့ တခါမရောက်ပါဘူး။ အဲလိုနေရာက ဆိုင်တွေမှာ နေ့တိုင်း အလုပ်လုပ်နေရတဲ့ ဗမာလူမျိုးတွေက သနားဖို့ကောင်းပါတယ်။ ထားပါတော့လေ... ပြောချင်တာက ကျွန်ုပ်အတွက် လမ်းမပေါ်ကနေ ကျွန်ုပ်နေထိုင်ရာ ၆ထပ်အထိ တက်လာတဲ့ ဆဲဆိုသံဟာ ထူးဆန်းနေတယ် ဆိုတာကိုပါ။

မိန်းကလေးလည်းဖြစ် သတင်းသမားလည်း ဖြစ်တော့ စာရေးနေရာကနေ  မွေ့ယာပေါ်ကို ဒိုင်ပင်ပစ်ပြီး မှန်ပြူတင်းကတဆင့် အောက်ကို ကြည့်လိုက်မိတယ်။ အားပါးပါး...ဟေ့ရှော့တွေ ဖြစ်နေပါလား။ ကားနှစ်စီး  ကားတံခါးတွေကို လေးဘက်စလုံးဖွင့်လျက်ထားပြီး လမ်းမပေါ်မှာ ပိတ်ရပ်ထားတာတွေ့လိုက်ရတယ်။ လူတွေကတော့ ကားနှစ်စီးကြားမှာ မျက်နှာချင်းဆိုင်၊ မျက်နှာချင်းတေ့ပြီး သူနိုင် ငါနိုင် အပြိုင် ကုန်းအော်နေကြတယ်။ ဂျပန်မှာ ရန်ဖြစ်ရင် အဲလိုပဲ။ တော်ရုံတန်ရုံ လက်မပါဘူး။ အသံကတော့ ရေရေလည်လည် ထွက်တယ်။

ကားနှစ်စီးကို လမ်းပိတ်ရပ်လိုက်တာကြောင့် နောက်မှာ ယာဉ်တန်းက စက္ကန့်ပိုင်းအတွင်းမှာပဲ တသီတတန်းကြီး ဖြစ်သွားတယ်။ ဒါပေမယ့် နောက်က ကားတွေက တချက်ကလေးတောင် ဟွန်းမတီးဘူး။
ဟွန်းတီးလိုက်ခြင်းအားဖြင့် ကိုယ်ချင်းမစာတဲ့သူ၊ လူမှုရေးညံ့တဲ့သူ၊ သည်းခံနိုင်တဲ့ အင်အားမရှိသူ လို့ အမြင်ခံရမှာစိုးလို့ပါ။
သူတို့အတွေးက ရှေ့က ကား(၂)စီးပေါ်က ငမိုက်သားတွေဟာ စည်းမရှိကမ်းမရှိ လမ်းမပေါ်မှာ ကားရပ်ပြီး ရန်ဖြစ်နေကြတယ်။
ဒါကို ငါတို့ကပါ ဟွန်းတီးပြီး ရန်ဖြစ်ချင်ရင် ဘေးမှာ ကားရပ်ပြီး ဆင်းဖြစ်ပါလားကွ၊ ဒါအများသုံး လမ်းကွ၊ မင့်တို့ အမေလင် လမ်းများထင်နေသလားကွ ...လို့ ပြောလိုက်ရင် ငါတို့ပါ အဆင့်မရှိတဲ့သူ စာရင်းထဲ ပါသွားလိမ့်မယ်။ ဒီတော့ လူမိုက်တွေကို ဆုံးမဖို့ ရဲတွေရှိတယ်။ မကြာမီ မိနစ်ပိုင်းအတွက်းမှာပဲ ရဲတွေ လာလိမ့်မယ်လို့ ...တွေးပါတယ်။

ဒီ့ထက်ပိုပြီး လူမှုဝန်ထမ်းစိတ်ရှိသူ တချို့တော့ မိမိတို့ရဲ့ ကားတွေကို လမ်းဘေးက ကားပါကင်မှာ ခက်ရာခဲဆစ် သွားရပ်ပြီး ကားပေါ်ကဆင်းပြီး၊အဲသည့်ရန်ဖြစ်နေတဲ့ လူတွေကို ဟိုဘက်လှည့် ခါးကုန်း တောင်းပန်လိုက်၊ ဒီဘက်လှည့် ခါးကုန်း တောင်းပန်လိုက် လုပ်နေပါတယ်။

ဒါကို ရန်ဖြစ်နေတဲ့သူတွေကလည်း " ခင်ဗျားတို့နဲ့ ဘာမှ မဆိုင်ဘူး၊ အသာနေစမ်းပါလို့"  မိုက်မိုက်ရိုင်းရိုင်း ပြောဆိုလွှတ်ခြင်း မရှိပါဘူး။ ရန်ဖြစ်ရာနေရာနဲ့ မလှမ်းမကန်းမှာတော့ တာဝန်သိ ပြည်သူတဦးက ရဲကို ဖုန်းဆက်ခေါ်နေတာကို တွေ့ရပါတယ်။ (ဒီနေရာမှာ မေးစဂာရှိတာက...ရဲကို ဖုန်းဆက်နေတယ်လို့ မနန္ဒာက ဘယ်လိုလုပ်ပြောနိုင်သလဲ လို့ မေးလို့ရပါတယ်)။ ပြောနိုင်ပါတယ်။

ဂျပန်လူမျိုးတွေဟာ ပုံစံခွက်ထဲက မထွက်တဲ့ လူမျိုးတွေဖြစ်ပါတယ်။ ရဲကို ဖုန်းဆက်ရင် ဘယ်လို အမူအရာ၊ ရည်းစားနဲ့ ဖုန်းပြောရင် ဘယ်လိုအမူအရာ၊ အလုပ်ရှင်နဲ့ ဖုန်းပြောရင်၊ အလုပ်ထဲက မိတ်ဆွေနဲ့ ဖုန်းပြောရင်၊ ငယ်သူချင်းနဲ့ ဖုန်းပြောရင်၊ ကိုယ့် အိမ်ထောင်ဖက်နဲ့ ဖုန်းပြောရင်၊ ကိုယ့် လက်အောက်ငယ်သားနဲ့ ဖုန်းပြောရင်...စသဖြင့် စကားပြောသံကို တချက်မှ မကြားရပေမယ့် အဲသည့်ကိစ္စကို တနှစ်လောက် လေ့လာလိုက်ပြီး လက်တွေ့ စမ်းသပ်ကြည့်လိုက်ရင် သိသာလာပါလိမ့်မယ်။

ဂျပန်ရောက် တခြားဗမာလူမျိုးတွေကတော့ မပြောတတ်ဘူးပေါ့နော်။ ကျွန်ုပ်ကတော့ ကိုယ့်တိုင်းပြည်မဟုတ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် အမှုမဲ့ အမှတ်မဲ့ မနေရဲဘူး ဆိုပါတော့။ တတ်နိုင်သလောက် လေ့လာတယ်။ ကိုယ့်မြေမဟုတ်တဲ့အတွက် ကိုယ်မသိ နားမလည်တွေက လေ့လာလို့ မကုန်နိုင်ဘူးလေ။ အထူးသဖြင့်တော့ ဂျပန်လူမျိုးတွေရဲ့ အမူအကျင့်နဲ့ အတွေးအခေါ်ကို လေ့လာတယ်။ နားလည်နိုင်အောင် ကြိုးစားတယ်။ နားမလည်တဲ့ကိစ္စတွေကို နီးစပ်ရာ ဂျပန်တွေဆီမှာ မေးတယ်။ အဲလိုနည်းနဲ့ ဂျပန်လူမျိုးတွေရဲ့ စဉ်းစားပုံ စဉ်းစားနည်းကို မှန်းတတ်လာတယ်။ အဲလို မှန်းတတ်လာတော့ သူတို့နဲ့ ဆက်ဆံရတာ သိပ်အဆင်ပြေသွားတယ်။ နို့မိုရင် တခါတခါ သူတို့ အပြုအမူတွေက မြန်မာလူမျိုးတယောက်အနေနဲ့ အင်မတန် နားလည်ရခက်တယ်။

ထားပါတော့လေ...ရန်ဖြစ်တဲ့ ကိစ္စဆက်ကြပါစို့။  (၂)မိနစ်လောက်ကြာတော့ ရဲရောက်လာပါတယ်။ ရဲကားကပါ လမ်းမပေါ်မှာ ပိတ်မိနေလို့ ရဲက ကားပေါ်ကဆင်းပြီး ပြဿနာ ဖြစ်တဲ့ဆီကို လမ်းလျှောက်လာရပါတယ်။ အနားရောက်တော့ ရဲက (၅) စက္ကန့်လောက် ဟိုဟို ဒီဒီ ပတ်ဝန်းကျင်ကို တချက်ဝေ့ပြီး မသိမသာလေး ကြည့်လိုက်တယ်။ သဘောက ဘယ်သူဖုန်းခေါ်တာလဲပေါ့။
ထင်တဲ့အတ်ုင်းပါပဲ စောစောက ကျွန်ုပ်ပြောတဲ့ ပုဂ္ဂိုလ်က ရဲကို ခေါင်းတချက် ဆတ်ခနဲ့ ငြိမ့်ပြလိုက်တယ်။ ရဲကလည်း အသိအမှတ်ပြုတဲ့အနေနဲ့ ၂၀ဒီဂရီလောက် ခေါင်းတချက် ဆတ်ပြလိုက်တယ်။

ရဲလာတော့ ငိုနေတဲ့ ကလေးလေးက အငိုတိတ်သွားပြီး ရဲသားတွေရဲ့ ဘောင်းဘီစကို သွားဆွဲတယ်။သဘောက ရဲသားကြီးရယ် လုပ်ပါဦး ပေါ့။ သူတို့ဆီမှာက ရဲက တကယ်ကို အားကိုးရတယ်လေ။ တကယ့်ကို ပြည်သူ့ ခိုင်းဖတ်ပါ။ အရက်မူးလဲလို့ ဖုန်းဆက်ခေါ်လည်း လာရတယ်။ ပြီးတော့ တွဲထူ မပြီး သင့်တော်ရာနေရာကို ပို့ရတယ်။ သက်ကြီးရွယ်အိုနဲ့ မသန်မစွမ်းသူတွေ ဖုန်းဆက်ရင်လည်း သွားရတယ်။
လိုအပ်တဲ့ အကူအညီကို ပေးရတယ်။ ကလေးတယောက်ယောက်က လမ်းမှာ ငိုနေလို့ ပတ်ဝန်းကျင်က ဖုန်းဆက်ခေါ်ရင်လည်း ပြေးရတယ်။ ကလေးကို အိမ်တိုင်ယာရောက် လိုက်ပို့ပေးရတယ်။ ကလေးက ရဲစခန်းလေးတွေဆီသွားပြီး ဗိုက်ဆာတယ်ပြောရင် ကလေးမိဘကို စုံစမ်းပြီး ဖုန်းဆက်အကျိုးအကြောင်း ပြောရတယ်။ အဲသည့်မှာ မိဘ လုပ်တဲ့လူက တခုခု ကျွေးထားနှင့်ပါဆိုရင် ကျွေးရတယ်။ မိဘကလည်း ကလေးကို လာခေါ်ပြီး ရဲကို ရိုရိုသေသေ တောင်းပန်ကျေးဇူးတင် စကားပြောလေ့
ရှိတယ်။ ကျွန်ုပ်တို့ မြန်မာပြည်က ရဲတွေ နီးနီး အားကိုးရတာပေါ့လေ.....

ရဲရောက်လာတော့ ရဲက လူစုခွဲပြီး ကားတွေကို ဘေးကပ်ရပ်ခိုင်းလိုက်တယ်။ နောက်က ကားတွေ ဘေးဘက်ကို နဲနဲစီ စောင်းပြီး ပြဿနာကား နှစ်စီးကို ကျော်တက်တဲ့ အချိန်မှာ အဲသည့် ကား(၂)စီးပေါ်မှာပါလာတဲ့ ကလေးနဲ့ အမျိုးသမီးတွေက နောက်က ကျော်တက်တဲ့ ကားတွေကို ခါးကုန်းပြီး တောင်းပန်နေကြတယ်။ ယာဉ်မောင်း (၂) ယောက်ကိုတော့
ရဲတွေက လူခွဲပြီး စစ်ချက်ယူကြတယ်။သိပ်မကြာပါဘူး။ တိတ်ဆိတ်စွာနဲ့ပဲ ပတ်ဝန်းကျင်ကို အနှောက်အယှက်မပေးဘဲ ရဲက ကျွမ်းကျင်စွာ
ဖြေရှင်းလိုက်တယ်။

ဒါတောင် လမ်းမပေါ် ကားပိတ်ပြီး ၅မိနစ်လောက် ရပ်လိုက်တာဟာ သူတို့အဖို့ တော်တော့်ကို မိုက်ရိုင်းလိုက်တာပဲ။ မတော်တဆ အသိမိတ်ဆွေ တယောက်ယောက်က သိသွားရင် အဲသည့် မိသားစုကို အရိုင်းအစိုင်းမိသားစုလို့ သတ်မှတ်ကြလိမ့်မယ်။ ပြီးတော့ ဆက်ဆံရေးက သိသိသာသာကြီး အေးစက်သွားရော။ အဲသည်လောက် အချိန်ကြမှမှာ ကျွန်ုပ်လည်း သူတို့ လုပ်ပုံကိုင်ပုံတွေကို ကြည့်ပြီး မြန်မာပြည်ကရဲတွေ၊ မြန်မာပြည်က ထစ်ကနဲဆို တုတ်ဆွဲပြီး ဆင်းလာတဲ့ ယာဉ်မောင်းတွေနဲ့ အခု ကိစ္စကို နှိုင်းယှဉ်သုံးသပ်မိတယ်။

တဆက်တည်းဆိုသလိုပဲ မိတ်ဆွေတွေကို ပြန်ပြောပြချင်လာတာနဲ့ ကင်မရာထယူပြီး အပေါ်ကနေပဲ မှီသလောက် လှမ်းရိုက်လိုက်တယ်။
ကျွန်ုပ်ရိုက်လိုက်တဲ့အချိန်မှာ ကိစ္စက ပြီးသလောက်ရှိနေပြီလေ။ ဘာပဲပြောပြော ကျွန်ုပ်တို့ တိုင်းပြည်ကိုလည်း အဲလို တိုင်းပြည်မျိုး ဖြစ်စေချင်ပါတယ်။

ပထမကားမှ ငမိုက်သား

လူခွဲ မေးနေပုံ

အခင်းဖြစ်ပွားသည့် ကျွန်ုပ်အိမ်ရှ့

ရဲကား

ဒုတိယကားက ငမိုက်သား

2 comments:

maungtutshwe said...

Our Burmese Police is more than polite because the owners of car are relations of the Kyatpaie (Naypyidaw).... if. It's not?

Unknown said...

right !!!maungtutshwe

Post a Comment