လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြပါစေ။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ။

Thursday, March 17, 2011

Friday the eleven


ပျော်လိုက်တာအရမ်းပဲ။ ကံကောင်းချင်တော့ ကျွန်ုပ်ဂျပန်ယန်း သိန်းတစ်ထောင် ထီပေါက်တယ်။ သိသိခြင်းပဲ အဝတ်အစားတောင် မလဲတော့ဘဲ ချက်ချင်းသွားထုတ်ဖို့ အိမ်ကအထွက်… ဖုန်းတခုဝင်လာတယ်။ အရေးထဲနော်…ဘယ်ကဖုန်းပါလိမ့်။ 


ဖုန်းကိုကမန်းကတမ်း ကိုင်လိုက်တယ်။ ဒါပေမယ့် ဖုန်းမြည်သံက ရပ်မသွားဘူး။ ဟလို..ဟလို ဘယ်သူပါလဲ။ ဟလို.ဟလို..။ ဘယ်လိုပဲ ဟလိုလို ဖုန်းမြည်သံကရပ်မသွားဘူး။ 


သေသေချာချာ သတိထားမိလိုက်တော့မှ ကျွန်ုပ်ဖုန်းက နှိုးစက်မြည်သံဖြစ်နေတယ်။ ကံဆိုးချင်တော့ ဒီမှာတင်ပဲ အိပ်ယာကလန့်နိုးသွားရတယ်။ တောက်…သိန်းတစ်ထောင်တောင် မကိုင်လိုက်ရဘူးနော်။ ယုတ်မာလိုက်တဲ့ နှိုးစက် ခဏစောင့်ပြီးမှ မြည်ပါတော့လား။

မျက်လုံးဖွင့်ပြီး ဘေးကိုကြည့်လိုက်တော့ နီနီ၊ဝါဝါ၊စိမ်းစိမ်း မီးလေးတွေစီနေတဲ့ ကျွန်ုပ်laptopကိုတွေ့လိုက်ရတယ်။ အားပါးပါး ကျွန်ုပ်အိပ်နေတုန်း တညလုံး နှုတ်ဆက်ထားကြတဲ့ chattingတွေပါလား။ အင်း..ပြန်လာမှပဲ ပြန်နှုတ်ဆက်ရတော့မှာပဲ။ ခေါင်းထဲကမူးသလိုလိုခံစားရတယ်။ အိပ်ရေးမဝလို့ထင်ပါရဲ့။ နု- မနေနိုင်အားပါဘူးလေ။ အလုပ်သွားရတော့မယ်။ အလုပ်ပြီးရင်လည်း အိမ်တန်းမပြန်နိုင်သေးပါဘူး။ (၂၃)နှစ်မြောက် မြန်မာ့လူ့အခွင့်အရေးနေ့ ချီတက်ဆန္ဒပြပွဲအတွက် ဥက္ကဋ္ဌခိုင်းထားတာတွေ လုပ်ရဦးမယ်။ စိတ်ထဲမှာရော ခေါင်းထဲမှာရော နောက်ကျိကျိနဲ့ပေါ့။
ထုံးစံအတိုင်း LAPTOPတဖက်၊ လက်ကိုင်အိတ်တဖက်နဲ့ပဲ အလုပ်ရောက်သွားတယ်။ အလုပ်ထဲမှာ ဘာမှပြဿနာမရှိပေမယ့် ကံဆိုးချင်တော့ လက်ကိုရေနွေးပူလောင်ပါလေရော။ပူလိုက်တာ လွန်ပါရောလား။ ကံကောင်းချင်တော့ အလုပ်ထဲမှာ ဆားရှိနေတာနဲ့ လက်ကို အရှင်လတ်လတ်ပဲ ဆားသိပ်လိုက်ရတယ်။ဒါဆို အရည်ကြည်ဖုမထတော့ဘူးလေ။ (ဒီကိစ္စနဲ့ပါတ်သက်ပြီး မယုံဘူးဆိုရင် မိမိလက်ကို ရေနွေးပူဖြစ်ဖြစ် ဆီပူဖြစ်ဖြစ် လောင်းပြီးစမ်းသပ်ကြည့်ဖို့ တိုက်တွန်းပါရစေ။)

ကံဆိုးချင်တော့ အလုပ်ပြီးပြီးခြင်းပဲ ကျွန်ုပ်တို့BDAအဖွဲ့က နိုင်ငံရေးလှုပ်ရှားမှုတာဝန်ခံ အကိုဆီက ဖုန်းဝင်လာတယ်။ ဘာမှစားမနေနဲ့တော့တဲ့ ဒီရောက်မှ အလုပ်ကိစ္စပြောရင်း တခုခုစားမယ်တဲ့ အမြန်လာတဲ့။ ဘယ်လောက်များ ကိုယ်ချင်းမစာလိုက်လဲလို့နော်။ သူကြတော့ အဝစားရင် စားထားမှာသိလား။ အဲ…ကံကောင်းချင်တော့ ၂ယောက်စလုံးကို ဥက္ကဋ္ဌကကျွေးမယ်တဲ့။ ဒါဆိုရင်တော့မဆိုးပါဘူး။ ဒါနဲ့ပဲ ဘူတာကို ခပ်သွက်သွက်လေး လှမ်းလိုက်တယ်။ ကံကောင်းချင်တော့ ရထားဆိုက်တာနဲ့ PLATFORMပေါ်ရောက်တာနဲ့ ကွက်တိပဲ။ ဟင်း  ဟင်း တခါတလေလည်း ဒါမျိုးလေးတော့ ရှိဦးမှာပေါ့။ ဒီကနေ IKEBUKURO ကိုသွားမှာ။ 

ဒီလိုနဲ့ ချစ်စရာ ရထားကြီးဟာ တဘူတာဝင်တဘူထွက်နဲ့ မှန်မှန်ကြီးခုတ်မောင်း နေလိုက်တာဟာဆိုရင်…IKEBUKUROရောက်ဖို့ ၅ဘူတာအလို ဘူတာကနေထပြီး ရုန်းအထွက်မှာ…..ဖူးဖူး ရှူးရှူး ဆိုတဲ့ အသံကြီးနဲ့အတူ ဘူတာမှာပဲ ပြန်ရပ်သွားပါလေရော။ ကံရယ် ဆိုးပြန်ပြီနဲ့တူတယ်။ တချိန်ထဲမှာပဲ ဝူးဝူးဝူး ဂလူးဂလူး  ဂလူးဂလူး ဆိုတဲ့အသံတွေနဲ့အတူ ရထားကြီးက ဗယ်ညာလှုပ်ပါလေရော။
ဟာ….’’ငလျင်’’….ပါလား။ မတွေ့ရတာတောင် ကြာပြီနော်…နေကောင်းရဲ့လား။ အဲလေ..ဟုတ်ပါဘူး..ယောင်လို့။  

ဘယ်လိုလဲ ဘယ်လိုလဲ  ကြည့်နေတုန်းမှာပဲ ဂျိန်းဂျိန်း ဂျိန်းဂျိန်း ဆိုတဲ့အသံတွေက ကြောက်စရာကောင်းလောက်အောင် ထွက်လာတယ်။ ဘူတာစင်္ကြန်က ဆိုင်းဘုတ်တွေ၊ မီးဆိုင်းတွေ၊ မီးချောင်းတွေ၊ သံFRAME တန်းတွေဟာ တဂျိုင်းဂျိုင်းနဲ့ကို အသံတွေထွက်ပြီး ကမ္ဘာမြေကြီးရဲ့ ကိုင်လှုပ်ခြင်းကို ခံနေရတယ်။ ဘေးပတ်ဝန်းကျင်အဆောက်အအုံက မှန်တခါးတွေ တဗြန်းဗြန်း တဂျမ်းဂျမ်းနဲ့ ရိုက်ခတ်နေကြတယ်။ ကျွန်ုပ်ရှိနေတဲ့ ရထားကြီးဟာလည်း ပုခက်လွှဲသလို သွက်သွက်ခါအောင် လှုပ်ရန်းနေတော့တယ်။ သတ္တိခဲ နန္ဒာတယောက် ငိုမဲ့မဲ့ဖြစ်လာပြီ။ ခေါင်းက အရမ်းကျိန်းနေပြီ။ ဘယ်တော့များ ငါ့ခေါင်းပေါ်ကို ရထားလက်ကိုင် စတီးချောင်းတွေ ပြုတ်ကျမလဲ ပြုတ်ကျမလဲနဲ့ပေါ့။ မော့လည်း မကြည့်ရဲဘူး။ မော့အကြည့်မှာ ပြုတ်ကျလာရင် မျက်နှာပေါ်တည့်တည့်ပဲ။ 

နှလုံးရောဂါသမားဆိုတော့ ရင်တွေက တဒိန်းဒိန်း ခုန်လာတယ်။ ကြောက်လို့ ကြောက်လို့။ ခရီးသည် အားလုံးရဲ့ မျက်နှာတွေဟာလည်း ဖရိုဖရဲတွေဖြစ်နေကြပြီ။ သူတို့ကို ကြည့်လိုက်တော့မှပဲ ခေါင်းထဲက ပိုမူးလာတယ်။ မနက်ကတည်းက အဆာမရှိတဲ့ ဒဏ်ကြောင့်မျက်လုံးက ပြာလာပြီ။ ဖလန်းဖလန်းထအောင်လှုပ်နေတဲ့ လှုပ်ခတ်မှုတွေ၊ ဆူညံသံတွေ ကြားမှာ လူက ကတုန်ကယင်ဖြစ်လာတယ်။ ရင်တွေတအားတုန်ပြီး အန်ချင်လာပါရော။ လက်ကိုင်စတီးတန်းကို အားပြုကိုင်ထားရင်းနဲ့ပဲ လူကညွှတ်ကျသွားတယ်။ အဆာမရှိတော့ ဘာတွေမှန်းမသိဘူး အန်ပါလေရော။ ဘေးကခရီးသည်တွေက ရထားရဲကို ခလုတ်နှိပ်အကြောင်းကြားပေးကြတယ်။ ရေဗူးပါလာသူတွေကလည်း ရေတိုက်သူတိုက်ပေါ့။ ရထားရဲတွေလည်း  ကျွန်ုပ်လိုလူတွေများနေတော့ အလုပ်များနေကြတာပေါ့။ 

အဲသည့်အချိန်ကတည်းကစပြီး ဆိုးလိုက်တဲ့ ကံဟာ တချက်ကလေးမှ ပြန်ပြီး နလံမထူနိုင်တော့ပါဘူး။ ဒါနဲ့ပဲ ကျွန်ုပ်ကို ဘူတာက ရထားရဲ ရုံးခန်းမှာ နားနေခိုင်းလိုက်တယ်။ ရုံးခန်းရောက်တော့ ဂျပန်လူမျိုး ဖွားဖွား၂ယောက်လည်း ကျွန်ုပ်လိုပဲ အခြေအနေမကောင်းလို့ နားနေကြရတယ်။ သြော်…ဘာလိုလိုနဲ့ ကျွန်ုပ်တောင် “ဖွား”နေပါရောလား။ နားနေတဲ့အတောအတွင်း ဖုန်းတွေလျှောက်ခေါ်တယ်။ ပြည်တွင်းရော ပြည်ပရောပေါ့။ တခုမှ ခေါ်လို့မရဘူး။ု အားလုံးကတော့ဖြင့် ကျွန်ုပ်ကို စိတ်ပူနေရော့မယ်။ 

ဥက္ကဋ္ဌတို့လည်း အခုချိန်ဆို ဘယ်လိုင်းက ဘယ်ရထားပေါ်မှာ ဘယ်လောက်တောင် ဗျာများနေပြီလဲ။ ရုံးခန်းက TVမှာလည်း ဘယ်လိုလှုပ်ကြောင်း ဘယ်လောက်လှုပ်ကြောင်း ဘယ်နေရာမှာလှုပ်ကြောင်းကို Announcerတယောက်က ဟိုနေရာ ပြေးပြလိုက်၊ ဒီနေရာ ပြေးပြလိုက်၊ ပါးစပ်ကလည်း ရှင်းပြလိုက်နဲ့ တယောက်တည်းကို ဗျာများနေတော့တယ်။ သူတို့ သူတို့တွေထက်ကို ဗျာအများဆုံးလူသားကတော့ ဂျပန်နဲ့ မိုင်ပေါင်းများစွာ ဝေးတဲ့အရပ်ကနေ ကျွန်ုပ်အိမ်ကထွက်သွားတဲ့ အချိန်ကနေ အခုဒီစာရိုက်နေတဲ့အချိန်အထိ တညလုံး တမနက်လုံး မအိပ်နိုင်ဘဲ ကျွန်ုပ်အပါအဝင် ဂျပန်ကရှိရှိသမျှ အသိတွေကိုဖုန်းတွေခေါ်၊ ကျွန်ုပ်ဖုန်းကို mailတွေဆက်တိုက်ပို့၊ CNN၊ NHK၊ AlJazeera စတဲ့ သတင်းဋ္ဌာနတွေကို အင်တာနက်ပေါ်က ကြည့်လို့ရသမျှအကုန် လျှောက်ကြည့်၊ အဲသည့်ဘက်က အိမ်သားတွေလည်း တယောက်မှ အိပ်မရအောင် ဆူညံနေတဲ့သူပေါ့။သြော်…သူလည်းလေ ဦးဘညွန့် ပါတကား။

ဒီလိုနဲ့ ၂နာရီလောက်နားလိုက်ရတော့ သက်သာသွားတယ်။ နဲနဲပါးပါး ထူထူထောင်ထောင် ဖြစ်လာတော့ ပြန်လို့ရပြီဖြစ်ကြောင်း အရေးပေါ်ခေါ်ထားတဲ့ ဆေးမှူးကခွင့်ပေးလိုက်တယ်။ရုံးခန်းထဲမှာ ဖုန်းတလုံးနဲ့ ရှုပ်ယှက်ခတ်နေတဲ့ ကျွန်ုပ်ကို မျက်စိနောက်တာလည်း ပါမှာပေါ့လေ။ မြန်မြန်ပဲ ပြန်လွှတ်လိုက်တယ်။ဒီကလည်း ပြန်ချင်သူဆိုတော့ ခပ်တည်တည်နဲ့ ကျေးဇူးတင်ကြောင်း ပြောပြီး ထွက်လာလိုက်ပါတယ်။ 

ဘူတာအပြင်ရောက်တော့ အလိုလေး…လူတွေ လူတွေ။ အချိန်တိုလေးအတွင်းမှာ ဤမျှဖြစ်သွားသော လူတွေကို လူကိုမမြင်ဖူးတဲ့လူတယောက်လို ကျွန်ုပ်သည် လူသားစင်စစ်ဖြစ်ပါလျက် ပါးစပ်အဟောင်းသားနဲ့ပေါ့။
ငေးနေလို့မပြီးသေးပါဘူးလေ…နေဝင်တော့မယ်။ အေးလာပြီ။ ပြန်ရအောင် တက္ကစီငှားမှပဲ။ ဒီတခါတော့ ပိုက်ဆံမနှမြောတော့ပါဘူး။ အို.ဖြစ်ချင်ရာဖြစ် ကပ်စေးနဲသူတို့၏ စွန့်စားခန်းလို့ပဲ ပြောပြော ငှားပစ်လိုက်မယ်…လာစမ်းကွဲ့ TAXI ။ ဒီလိုနဲ့ လမ်းမကြီးပေါ်တက်၊ ဂျပန်က အတက်မြန်လှတဲ့ တက္ကစီမီတာကို ဂရုမထား ဘယ်လောက်ကျကျ ငှားမှာကွဆိုတဲ့ မျက်နှာပေးနဲ့ တက္ကစီအလာကို စောင့်နေလိုက်တယ်။ 

သိပ်မကြာပါဘူး လာပါပြီ တစီး။ သြော်…လူပါတာပဲ။ မအားဘူးပေါ့။ ကိစ္စမရှိပါဘူး နောက်တသုတ်မီးပွိုင့်လွှတ်ရင် တက္ကစီသုံးစီးလောက် ပါလာဦးမှာပဲလေ။ ဟော…မြင်နေရပြီ နောက်တစ်စီး။အင်..ဒါလည်း ခရီးသည်ပါတာပဲလား။ ဟယ်..ဟိုးနောက်က တက္ကစီအဖြူလေးက ဒီဘက်ကို ကပ်မောင်းလာပါလား။ငါ့ကိုလှမ်းမြင်ရလို့နေမှာ။ ဘယ်ဆိုးလို့လည်း ဒီငနဲ လာဘ်မြင်တယ်။ခရီးသည်ကို မြင်တတ်တယ်။ ကိုယ့်အတွေးနဲ့ကိုယ် ဘေးကဓါတ်တိုင်ဘေးမှာ မှီချထားတဲ့ laptopအိတ်လေးကို ကောက်ကိုင်ပြီး အဆင်သင့်စောင့်နေလိုက်တယ်။ လာပြီ လာပြီ ကျွန်ုပ်နဲ့ နီးလာပြီ။ နီးသတထက်နီးလာတော့မှ ဗယ်ကိုကွေ့မယ့် မီးလေးလင်းလာပြီး ဗယ်ဘက်က လမ်းချိုးလေးထဲ ကွေ့ဝင်သွားပါလေရော။သြော်…ငါသည် ငကြောင် ပါတကား။

ဒီလိုနဲ့ နာရီဝက်ကြာသွားတယ်။ တက္ကစီသည်ကား လာကားလာ၏ သို့သော် မအား။ နေလည်းဝင်သွားပြီ။ လေလည်း ပိုတိုက်လာပြီ။ အရမ်းလည်း ချမ်းလာပြီ။ ဗိုက်ကလည်း ဆာနေပြီ။ ဆိုင်တွေကလည်း အပျက်အစီးတွေကြောင့် ရုတ်တရက်ပိတ်လိုက်ပြီ။ဘာလုပ်ရမလဲ..ဘာလုပ်ရမလဲ။ ဘူတာရုံးနားက ရဲစခန်းလေးဆီသွားမေးတယ်။ အိမ်ရှိတဲ့နေရာကိုပြောပြီး ဘယ်လိုပြန်ရင်ရမလဲပေါ့။ ထုံးစံအတိုင်းဆိုရင်တော့ Busရှိတယ်တဲ့။ ဒီနေ့ကတော့ တော်တော်နဲ့ မလွယ်ဘူးတဲ့။ ကဲ…ဒါဆို ဖြစ်ချင်ရာဖြစ် လမ်းလျှောက်မယ်လို့ ပြောပစ်လိုက်တယ်။ ရဲပေါက်စက မျက်လုံးပြူးသွားတယ်။ ပြီးတော့ အထစ်ထစ် အငေါ့ငေါ့နဲ့ ၂နာရီလောက်ကြာမယ်ပြောတယ်။ ခြေကားယား လက်ကားယားနဲ့ လေတွေတိုက်ပြီး အရမ်းအေးနေပြီ မဖြစ်ဘူးမဖြစ်ဘူးလို့ ဆိုပြန်တယ်။ ဒါဆိုဘယ်လိုလုပ်မလဲလို့။ အနီးစပ်ဆုံး ရဲစခန်းကို ဖုန်းဆက်ပေးမယ်တဲ့။ အချုပ်ထဲမှာ တညအိပ်ပေါ့တဲ့။ အာ…နေရင်းထိုင်ရင်း အချုပ်သားဖြစ်ရဦးမယ်။

မိုးကား စုန်းစုန်းချုပ်သွားလေပြီ။ ခန္ဓာကိုယ်ထဲက ရှိသမျှအင်အားတွေကိုစုပြီး ရေခဲလေ အေးစက်စက်ကို တဝကြီးရှူပစ်လိုက်တယ်။ ဆုံးဖြတ်လိုက်ပြီ။ လမ်းလျှောက်ပြန်မယ်။ ဗယ်ဘက်ခုံးမှာ လက်ကိုင်အိတ်ကြိုးကို စလွယ်သိုင်းလိုက်တယ်။ ညာလက်က laptopအိတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး၊ ရေနွေးပူလောင်ထားတဲ့လက်နဲ့ ရဲစခန်းက ဆွဲပေးလိုက်တဲ့ မြေပုံစာရွက်ကို ကိုင်လိုက်တယ်။ ရေခဲလေအေးအေးကို ဆန်ပြီး စတင်လျှောက်လာလိုက်တယ်။

အိမ်ကထွက်လာတုန်းက ညနေ နေမဝင်ခင်ပြန်ရောက်မှာပဲ ဆိုပြီး လက်အိတ်ယူမလာဘူး။ မာဖလာကလည်း ပါးပါးလေး။ ဦးထုတ်လည်း မလိုဘူးဆိုပြီး ဆောင်းမလာဘူး။ ရုတ်တရက် မီးဖြတ်ခြင်း ခံလိုက်ရလို့ လမ်းတလျှောက်က ခါတိုင်းထက် ပိုမှောင်နေတယ်။ ဘယ်လိုပင် လုံခြုံစိတ်ချရတဲ့ တိုင်းပြည်ပဲပြောပြော အခုလို ကစဥ့်ကလျားဖြစ်တဲ့အချိန်မှာတော့ မိန်းကလေးတယောက်အတွက် အမှောင်ထဲကနေ အန္တရာယ်ဆိုတာ အချိန်မရွေး ဖြစ်လာနိုင်တယ်လေ။ သမ္ဗုဒ္ဓေသာကိုးကွယ်ရာပေါ့။ နာရီဝက်လောက်ရှိသွားတော့ ညာလက်က laptopကအရမ်းလေးလာသလို ခံစားရတယ်။ ဗယ်လက်ကလည်း အထိမခံနိုင်အောင် ပူလောင်နာကျင်နေတော့ ပြောင်းကိုင်လို့မရဘူး။လက်ချောင်းလေးတွေက တအားကို အေးစက်ထုံကျင်နေပြီ။တဟူးဟူးတိုက်နေတဲ့ လေအေးတွေကြောင့် ဆံပင်တွေက မျက်နှာပေါ်မှာ ဖရိုဖရဲနဲ့ပေါ့။

အဲသည့်အချိန်မှာပဲ coatအကျီ င်္အိတ်ကပ်လေးထဲက handphoneလေးက တုန်လာတယ်။ ဝမ်းသာလိုက်တာမပြောပါနဲ့တော့။ ဖွင့်ကြည့်လိုက်တော့ စိတ်ပူကြောင်း၊ ဘာကြောင်း၊ညာကြောင်းနဲ့ အဆုံးမှာ stanby for Nandarlayတဲ့။ ရင်ထဲမှာနွေးသွားတယ်။ ဘာကြောင့်မှန်းမသိဘူး ရင်ထဲမှာ လှိုက်ပြီးဝမ်းနည်းလာတယ်။ ဒါပေမယ့် အားတွေပြန်ရှိလာသလို ခံစားရတယ်။ ချက်ခြင်းပဲ mailပြန်ပို့လိုက်တယ်။ငိုနေပြီ.လို့။

ဒီလိုနဲ့ပဲ ဖရိုဖရဲ အမှောင်ထဲမှာ တယောက်တည်းပဲ ခရီးဆက်ခဲ့ရတယ်။ အိမ်ရောက်ခါနီးလောက်မှာတော့ လူကယိုင်နေပြီ။ မျက်နှာတခုလုံးက လေတိုက်ခံရတဲ့ ဒဏ်ကြောင့် အေးစက်နေပြီး ပါးစပ်က လှုပ်လို့မရတော့ဘူး။ အဲသည့်အချိန်မှာ တခုခုဖြစ်လို့ ကယ်ပါဦးလို့ အော်ဖို့တောင် ပါးစပ်ကို ဟလို့မရတော့ဘူး။ နားရွက်တွေက နီပြီးအရမ်းကိုက်ခဲလာတယ်။ ညာလက်က ပြတ်သွားပြီလို့ ခံစားရတယ်။ ၂လက်မခွဲလောက်မြင့်တဲ့ ဒေါက်ဖိနပ်အရှည်ရဲ့ကောင်းမှုကြောင့် ခြေလှမ်းလိုက်တိုင်း ကတ္တရာလမ်းဟာ မီးကျီခဲလားလို့ထင်ရတယ်။

စုစုပေါင်းကြာချိန်၂နာရီကျော်ကျော်လောက်မှာ အိမ်ပြန်ရောက်လာခဲ့တယ်။ ဓါတ်လှေကားက မောင်းလို့မရတော့ဘူး။ ဖန်ဖန်လေ အားအင်နှိုးလို့ရယ် ဘုံဝတိံသာ၆ထပ်ကို ကြိုးစားတက်ရပြန်ပေါ့။
တကယ့်ကို မိစ္ဆာပူးတဲ့ သောကြာညကြမ်းကြမ်းဟာ။
Friday the eleven ပါ။  

10 comments:

တောက်ပကြယ်စင် said...

တစ်ခါတစ်ရံ ကြုံရတဲ့ အဖြစ်အပျက်တွေက ကြမ်းလှချည်လားနော်...ကျန်းမာရွှင်လန်း အေးချမ်းပါစေ...

Aye Nandar Aung said...

တင်ပါ့ဘုရား.......ကျေးဇူးတင်ပါတယ်ဘုရား

Ashin said...

မနန္ဒာ၊ ဂျပန်မှာအသိရယ်လို့မရှိပေမဲ့ အားလုံးသောလူတွေအတွက်တော့ စိတ်မကောင်းဖြစ်နေမိပါတယ်၊ ရေခြားမြေခြား ဒုက္ခတွေခြား သောကများနေတဲ့ မနန္ဒာလိုညီမတွေ အမတွေခံစားရတဲ့ အဖြစ်တွေ ခပ်မြန်မြန်လေး ဝေးကွာပါစေလို့...ဆုမွန်ခြေလျှက်..

Aye Nandar Aung said...

ကျေးဇူးတင်ပါတယ်..........ဘုရား။

ဒီရေ said...

လာဖတ်သွားပါတယ် အစ်မ... ဖြစ်တဲ့ အချိန် ကျွန်တော်လည်း စိတ်ပူမိသမို့ နီးစပ်ရာ သူငယ်ချင်းတွေကိုတော့ လှမ်းမေးလိုက်ပါတယ်... ဂျပန် နယ်စပ် ကမ်းနားတွေသာ အဖြစ်များတယ်လို့ သိရပြီး မြို့တွင်းဘက်မှာ ပျက်စီး ဆုံးရှုံးမှု မရှိလို့ သိလိုက်ရတဲ့ အတွက် အစ်မကို စိတ်အေးသွားရပါတယ်.. အခုလို အစ်မ ကြုံခဲ့ရတဲ့ ဖြစ်စဉ်တွေကို ဖတ်ကြည့်မိတော့ တော်တော်လေး ကြောက်စရာ ကောင်းမှန်း သိရပါပြီး.. ဖတ်ရတာ သည်းထိတ်ရင်ဖို ဖြစ်မိပါတယ်.... နောက်လည်း ဒီအလို အဖြစ်ဆိုးတွေ မကြုံပါစေနဲ့လို့ ဆုတောင်းရင်း... နောက်လည်း သည်လို သည်းထိတ်ရင်ဖို ဇတ်လမ်းတွေ အများကြီး ဖတ်ချင်ပါတယ်လို့ တောင်းဆိုချင်ပါတယ်...

ခင်မင်လေးစားစွာဖြင့်
ဒီရေ

မေ့မေ့သား said...

အားလုံး အဆင်ပြေပါစေ။ ဒုက္ခ သုက္ခတွေကို ကျော်လွှားနိုင်ပါစေ။ ကံကောင်းပါစေ။ ပျော်ရွှင် ချမ်းမြေ့ချင်းတွေကို အမြန်ဆုံး ရယူပိုင်ဆိုင်နိုင်ပါစေ။ မရှောင်နိုင်လို့ ကြံရတဲ့ ဒုက္ခတွေဟာလည်း သင်တို့အတွက် အားဖြစ်ပါစေ

Aye Nandar Aung said...

ကျေးဇူးတင်ပါတယ် ကိုဒီရေ.....

Aye Nandar Aung said...

ကျေးဇူးတင်ပါတယ် ဘုရား

Ashin said...

ဂျပန်အစိုးရက ညုးကလီယားအန္တာယ်နဲ့ ပါတ်သက်ပြိး အမြင့်ဆုံးတပ်လှန့်ထားတယ်ဆိုတော့၊ မနန္ဒာတယောက် မြန်မာပြည်ပဲပြန်ရောက်နေလား၊ တခြားတနိုင်ငံပဲ ပြောင်းရွေ့သလား၊ ဂျပန်မှာဘဲ သောင်တင်နေလား၊ အဲလိုနေရင်ရော ဓါက်ရောင်ခြည်သင့်အစားအသောက်တွေနဲ့ ဆိုတဲ့အတွေးတွေနဲ့ပါ၊ သတိနဲ့ဉာဏ်နဲ့သာယှဉ်ပြီးနေပါလို့...

Aye Nandar Aung said...

တပည့်တော်အတွက် စိုးရိမ်ပေးတာ ကျေးဇူးတင်ပါတယ်ဘုရား။ တပည့်တော် ဂျပန်မှာပဲ ရှိပါတယ်ဘုရား။ တပည့်တော်တို့ တိုင်းပြည်တွင်းပြန်ဝင်ရင် ဒုက္ခရောက်ရမယ့် အနေအထားမျိုးမှာ ဂျပန်အစိုးရက လူသားခြင်းစာနာစွာ နေထိုင်ခွင့်ပေးခဲ့ထားခဲ့ပြီးမှ အခုအခါ ဂျပန်နိုင်ငံက သဘာဝဘေးအန္တရာယ်ကျရောက်ခါမှ ဂျပန်နိုင်ငံကို စွန့်ပြီး ကိုယ်လွတ်မရုန်းချင်ပါဘုရား။
ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်ရှိမိမိခိုလှုံနေထိုင်ရာ တိုင်းပြည်ကို တတ်နိုင်သလောက် အကျိုးပြုရမယ်လို့ ပြည်ပရောက် မြန်မာအားလုံးကို ပြောကြားထားတာရှိပါတယ်ဘုရား။

Post a Comment