လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြပါစေ။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ။

Thursday, August 26, 2010

ရဲဘော် (၃၄) ယောက် အပြီးတိုင် လွတ်မြောက်ရေး ANC မှ ရခိုင်ပြည်သူများသို့ တိုက်တွန်းနှိုးဆော်


 “မိုးမိုးကျော် (Arakan Review)
(၁၉၉၈) ခုနှစ်မှစ၍ အိန္ဒိယနိုင်ငံတွင် ဖမ်းဆီးချုပ်နှောင်ခြင်းခံနေရသော ရခိုင်၊ ကရင် မျိုးချစ် ရဲဘော် (၃၄) ယောက် အပြီးတိုင်လွတ်မြောက်ရေးနှင့် တတိယနိုင်ငံတို့တွင် ခိုလှုံ့ခွင့်ရရှိရေး အထောက်အကူ ဖြစ်စေရေး တို့အတွက် ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) မှ ရဲဘော် (၃၄) ဦး လွတ်မြောက်ရေး ကော်မတီတရပ် ဖွဲ့စည်းကာ အလှူငွေများထည့်ဝင်ကြရန် ပြည်ပရောက် ရခိုင်လူမျိုးများအား တိုက်တွန်း နှိုးဆော်လိုက် ကြောင်း သိရှိရပါသည်။ထိုကဲ့သို့ တိုက်တွန်း နှိုးဆော်ရခြင်းနှင့် ပတ်သက်၍ ကော်မတီတာဝန်ခံ၊ ရခိုင်ပြည် အမျိုးသား ကောင်စီ၏ ဥက္ကဋ္ဌ ဆရာတော်ဦးသီဟအား ဆက်သွယ် မေးမြန်းလျှောက်ထားခဲ့ရာတွင်ဖမ်းဆီး ထိန်းသိမ်းခံနေရတဲ့ လွတ်မြောက်ရေး တိုက်ပွဲဝင် ကရင်၊ ရခိုင်တော်လှန်ရေးသမား (၃၄) ယောက်ဟာ အိန္ဒိယအစိုးရက စွပ်စွဲထားသလို အကြမ်းဖက်သမား၊ လက်နက် မှောင်ခို ကုန်ကူးသူတွေ ဆိုတာဟာ မဟုတ်မမှန်တဲ့ အကြောင်းကို ပြီးခဲ့တဲ့ ဇူလိုင်လ (၁၂) ရက်နေ့က တရားသူကြီးရဲ့ အဆုံးအဖြတ်က သက်သေပြပြီးပြီ။ ဆိုတော့ အိန္ဒိယအစိုးရက သူတို့ရဲ့ ဥပဒေကြောင်းအရ သူတို့နဲ့ပတ်သက်ပြီး ပြစ်ဒါဏ် စီရင်ချက် ချမှတ်ခဲ့တဲ့အခါ တစ်ဦးကို ဒါဏ်ငွေအားဖြင့် အိန္ဒိယရူပီးငွေ (၆၀၀၀) စီ ပေးဆောင်ဖို့ ကျန်ရှိ နေသေးတဲ့အတွက် အဲဒီ ဒါဏ်ငွေတွေကို ပေးဆောင်လိုက်မယ်ဆိုရင် ဥပဒေကြောင်းအရ ဒီရဲဘော် (၃၄) ဦးတို့ဟာ တရားရုံးမှ ချမှတ်လိုက်တဲ့ ပြစ်ဒါဏ်အားလုံးကနေ ကင်းလွတ်သွားမယ်။ ဒါပေမဲ့ သူတို့ကို အပြီးအပိုင် လွှတ်ပေးရေးနဲ့ ဘေးရန် ကင်းရှင်းစွာ လွတ်မြောက်လာစေရေးအတွက်ကတော့ အိန္ဒိယ အစိုးရရဲ့ နိုင်ငံရေး ပယောဂအပေါ်မှာ မူတည်နေတဲ့အတွက်ကြောင့် ဦးဇင်းတို့ ရခိုင်ပြည် အမျိုးသား ကောင်စီကနေ အခုလို အများပြည်သူတွေကို အသိပေး မေတ္တာရပ်ခံရခြင်း ဖြစ်ပါတယ်။ ဒီတော်လှန်ရေး သမား (၃၄) ယောက်ဟာ အကျဉ်းထောင်တွေထဲမှာ နှစ်ရှည်လများ မတော်မတရား ဖမ်းဆီးထိန်းသိမ်း ညှင်းပမ်း နှိပ်စက်ခံခဲ့ရတဲ့အတွက် စိတ်ပိုင်းရော ရုပ်ပိုင်းဆိုင်ရာတွေပါ အလွန်တရာမှ ထိခိုက်နေကြပါပြီ။ အိန္ဒိယအစိုးရဟာ ကမ္ဘာ့စံပြ ဒီမိုကရေစီ နိုင်ငံတော် အစိုးရတရပ်အနေနဲ့ အပြစ်မရှိတဲ့ အဖိနှိပ်ခံ လူသားတွေကို အမြန်လွှတ်ပေးသင့်တဲ့ အကြောင်းတွေကို အရေးဆိုသွားနိုင်ဖို့ အတွက်လဲ ရည်ရွယ်ပါတယ်” ဟု မိန့်ကြားခဲ့ပါသည်။
(၁၉၉၈) ခုနှစ် ဖေဖေါ်ဝါရီ (၈) ရက်နေ့တွင် အိန္ဒိယနိုင်ငံ အန်ဒမန်ကျွန်းစုရှိ လန်း (ဒ်) ဖေါ့ကျွန်း အိန္ဒိယစစ်တပ်နှင့် သဘောတူညီမှု ရရှိပြီး ရေတပ် အထောက်စခန်း တည်ဆောက်ရန် ရခိုင်ပြည် အမျိုးသား ညီညွတ်ရေးပါတီ (NUPA) ၏ ကာကွယ်ရေးဌာန တာဝန်ခံ၊ ရခိုင်ပြည် တပ်မတော် (Arakan Army – AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်ရာဇာ အပါဝင် ရခိုင်ရဲဘော် (၂၇) ဦး၊ ကရင် အမျိုးသား အစည်းအရုံး (KNU) မှ ဗဟိုကော်မတီဝင် နိုင်ငံရေးမှူး ဖဒိုမူးလွယ်အပါအ၀င် ကရင်ရဲဘော် (၁၃) ဦး စုစုပေါင်း (၄၀) ဦး ထိုင်း-မြန်မာနယ်စပ်မှ စတင် ထွက်ခွာလာခဲ့ကြသည်။

ဖေဖေါ်ဝါရီ (၁၀) ရက်နေ့တွင် လန်း(ဒ်)ဖေါ့ကျွန်းသို့ ဆိုက်ရောက်ခဲ့ပြီး ဖေဖေါ်ဝါရီ (၁၁) ရက်နေ့ နံနက်ပိုင်းတွင် အိန္ဒိယ ထောက်လှမ်းရေးများ၏ လှည့်စားမှုကြောင့် (NUPA) မှ ဗိုလ်ချုပ် ခိုင်ရာဇာ အပါအ၀င် ဗိုလ်မှူးကြီး စောထွန်း၊ ဗိုလ်ကြီး ရန်နိုင်၊ ဗိုလ်ကြီး လင်းဇံခိုင်နှင့် (KNU) မှ ဖဒိုမူးလွယ်၊ ဗိုလ်ကြီး မြင့်ဆွေတို့ လုပ်ကြံ သတ်ဖြတ်ခြင်း ခံခဲ့ကြရသည်။ ကျန်ရှိနေသည့် ရခိုင်၊ ကရင် (၃၆) ဦးတို့သည်လည်း မျှော်လင့်ချက်မဲ့ကာ ညှင်းပမ်းနှိပ်စက် ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရပြီး အန်ဒမန်ကျွန်းရှိ ပို့ဒ်ဘလေးယား အကျဉ်းထောင်တွင် တရားစစ်ဆေးမှု တစုံတရာမရှိဘဲ (၈) နှစ်ကြာမျှ ချုပ်နှောင်ထားခဲ့သည်။

ထိုသို့ ဖမ်းဆီး ထိန်းသိမ်းထားစဉ်အတွင်း ရခိုင်ရဲဘော် (၁) ဦးနှင့် ကရင်ရဲဘော် (၁) ဦး ပျောက်ဆုံးသွားခဲ့ပြီး သတင်းအစအနကို ယနေ့အချိန်ထိ မရရှိခဲ့ဘဲ လုပ်ကြံ သတ်ဖြတ် လိုက်သည်ဟုလည်း ယူဆလျက် ရှိနေကြသည်။

(၂၀၀၆) ခုနှစ်တွင် လူ့အခွင့်အရေးတိုက်ပွဲဝင် ရှေ့နေ နန္ဒိတဟာ (က) ဆာနှင့် မြန်မာ့ ဒီမိုကရေစီ တိုက်ပွဲဝင် မျိုးချစ်များ၊ လူ့အခွင့်အရေး လှုပ်ရှားသူများ၏ ကြိုးပမ်းမှုများကြောင့် ပို့ဒ်ဘလေးယား အကျဉ်းထောင်မှ ကာလက္တားအကျဉ်းထောင်သို့ ပြောင်းရွှေ့ယူလာကာ တရားရုံးတော်နှစ် (၂၀၁၀) ခုနှစ် ဇူလိုင်လ (၁၂) ရက်နေ့တွင် အမှုကို အပြီးသတ် စီရင်ချက် ချမှတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

သို့သော်လည်း လက်ရှိ အမှုသည် အိန္ဒိယဥပဒေကြောင်းအရ အတိုင်းအတာတခုထိ ပြီးစီးခဲ့ပြီဟု ယူဆနိုင်သော်လည်း အပြီးပိုင် လွတ်မြောက်ရေးအတွက် အခက်အခဲ ရှိနေသေးကြောင်း ဆရာတော် ဦးသီဟမှ ယခုကဲ့သို့ ဆက်လက်မိန့် ကြားခဲ့သည်။

“စောစောက ဦးဇင်းပြောခဲ့သလိုပဲ အိန္ဒိယအစိုးရရဲ့ နိုင်ငံရေး ပယောဂဆိုတာဟာ ဒီ လွတ်မြောက်ရေး တိုက်ပွဲဝင် တော်လှန်ရေးသမား (၃၄) ဦးကို လွှတ်ပေးလိုက်ရင် အိန္ဒိယအစိုးရ အတွက် အရှက်ရစရာ ဖြစ်သွားမယ်။ အိန္ဒိယနိုင်ငံရေးသမိုင်းမှာလဲ အာဏာပိုင်တွေရဲ့ ကိုင်တွယ်မှုအမှား အမဲစက်ကြီး တစ်ခုလို ဖြစ်သွားမယ်။ အဲဒါတွေကြောင့် ဥပဒေကြောင်းအရ ပြစ်ဒါဏ် ကင်းရှင်း သွားသည့်တိုင်အောင် သူတို့ကို လွှတ်ပေးဖို့အတွက် တွန့်တိုနေတယ်လို့ ဦးဇင်း အနေနဲ့ ယူဆတယ်။ အခြားတဖက်မှာလဲပဲ ဒီတော်လှန်ရေး သမားတွေကို လွှတ်ပေးပြီးရင် သက်ဆိုင်ရာ မူရင်းနိုင်ငံဖြစ်တဲ့ မြန်မာပြည်ကို ပြန်ပို့ရမှာ ဖြစ်တယ်။ ပိုဆိုးတာတခုက အိန္ဒိယအစိုးရနဲ့ နအဖစစ်အုပ်စုတို့ကြား နှစ်နိုင်ငံဆက်ဆံရေးထဲမှာ နားလည်မှု တခုရှိနေတာက နိုင်ငံတော် လုံခြုံရေး အနေအထားအရ အပြန်အလှန် အကူအညီပေးရေး ဆိုတဲ့အချက်က စိုးရိမ်စရာ အချက်တချက် ဖြစ်နေတယ်။ သိပ်မကြာခင်ကပဲ ဗိုလ်သန်းရွှေရဲ့ အိန္ဒိယ ရက်ရှည် ချစ်ကြည်ရေး ခရီးစဉ်ကိုပဲ ကြည့်ပါ။ ဒါတွေကို ကြည့်ခြင်းအားဖြင့် ဦးဇင်းတို့ရဲ့ တော်လှန်ရေးသမား (၃၄) ဦးကို မြန်မာပြည်ကို ပြန်ပို့နိုင်ခြေ ရှိနိုင်ပါတယ်။ ဒါကြောင့်မို့ ဒီရဲဘော် (၃၄) ဦးကို တရားရုံးက လွှတ်ပေးပြီးတာနဲ့ မြန်မာပြည်သို့ ပြန်မပို့နိုင်အောင် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ လုပ်ဆောင်သွားဖို့ ရှိပါတယ်။ ပြီးတော့ ပြည်ပရောက် ဒီမိုကရေစီအတိုက်အခံ တော်လှန်ရေး နိုင်ငံရေး အင်အားစုတွေရဲ့ ပူးပေါင်း ပါဝင်ဆောင်ရွက်မှုလည်း အရေးကြီးတဲ့အတွက်ကြောင့် ဦးဇင်းတို့ အနေနဲ့ လိုအပ်ရင် လိုအပ်သလို စည်းရုံးလှုံ့ဆော်ပြီး ဖိအားပေး တိုက်တွန်းသွားဖို့ အစီအစဉ် ရှိပါတယ်။”

အလှူငွေများကို မည်ကဲ့သို့ အသုံးပြုသွားမည်နည်းဟု ဆက်လက် လျှောက်ထား မေးမြန်းရာတွင် ဆရာတော်က “ပြည်သူလူထုရဲ့ ချွေးနဲစာထဲက လှူဒါန်း ကောက်ခံရရှိလာမယ့် အလှူငွေတွေနဲ့ ပတ်သက်လို့ ပထမအဆင့်အနေနဲ့ အိန္ဒိယအစိုးရက ဦးဇင်းတို့ ရဲဘော် တစ်ဦးစီ အတွက် ဒါဏ်ရိုက်ထားတဲ့ အိန္ဒိယရူပီးငွေ (၆၀၀၀) စီကို ပေးဆောင်နိုင်ဖို့ ကြိုးပမ်းသွားမယ်။ ပြီးရင် ဥပဒေကြောင်းအရ သက်ဆိုင်ရာ အမှုလိုက် ရှေ့နေတွေနဲ့ တိုင်ပင်ပြီး ရဲဘော်အားလုံး နိုင်ငံရေးအနှောင်အဖွဲ့ ကင်းကင်းနဲ့ အပြီးတိုင် လွတ်မြောက်လာ စေရေး စတဲ့ ကိစ္စရပ်တွေမှာ အသုံးပြုသွားမယ်” ဟု မိန့်ကြားခဲ့ပါသည်။

ရဲဘော် (၃၄) ဦး လွတ်မြောက်ရေး ကော်မတီကို (၂၀၁၀) ဖေဖေါ်ဝါရီလတွင် ကျင်းပခဲ့သော ဒုတိယ အကြိမ်မြောက် ရခိုင်ပြည်အမျိုးသားကောင်စီ ညီလာခံပြီးနောက် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ရခိုင်သဃာ့ သမဂ္ဂ (RSU)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ) (ALD-Exile)၊ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (AASYC) တို့မှ တဖွဲ့လျှင် အမေရိကန် ဒေါ်လာ (၁၀၀၀) စီဖြင့် ကော်မတီအတွက် မတည်အလှူငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ (၃၀၀၀) အား ထည့်ဝင်ခဲ့ကြကြောင်း သိရှိရသည်။

0 comments:

Post a Comment