လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြပါစေ။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ။

Saturday, March 29, 2014

ဒီလိုဆိုလည်း ပြီးရော.........

ဒီနေ့ ရထားပေါ်မှာ ကိုယ်တွေနဲ့မောင်နှမလို ခင်ရတဲ့ မြန်မာလူမျိုး ဖြူဖြူချောချော ကောင်လေး တယောက်နဲ့တွေ့တယ်။ မတွေ့ရတာ ကြာပြီမို့....

" ဟဲ့ မောင်လေး၊ ပျောက်လှချည်လား။ အရင်ကဆို လူချင်းမတွေ့ကြရင်တောင် ဖဘပေါ်မှာတွေ့သေးတယ်။ အခု နောက်ပိုင်း ဖဘပေါ်မှာတောင် မတွေ့တော့ဘူး။ ဟိုတလောက ဘာကိစ္စလဲမသိဘူး၊ တခုရှိလို့ မောင်လေးကို ဆက်သွယ်ဖို့တောင် အမ search boxကနေ မောင်လေးအကောင့်ကို ရှာသေးတယ်။အဲ့ဒါလည်း မတွေ့ဘူး။ အကောင့်ဖျက်လိုက်တာလား။ ဘာလိုဖြစ်လဲ။ ဘာတွေဖြစ်လဲ။ အကူအညီလိုလည်း ပြောလေဟယ်၊ အချင်းချင်းတွေပဲဟာ.....စသဖြင့်တို့ကို မတွေ့တာကြာသူကို နှုတ်ဆက်လေ့ရှိတဲ့ ကျွန်ုပ်ရဲ့ ထုံးစံအတိုင်းသော စကားတွေနဲ့တရစပ် နှုတ်ဆက်လိုက်တော့ ကောင်လေးက ခပ်အမ်းအမ်းဖြစ်နေတာကို တွေ့ရတယ်။

" ဟုတ်၊ ဟို၊ အဟဲ မဟုတ်ဘူးအမ၊ ကျနော်ရှိပါတယ်။ ဟိုလေ ကျနော့်အကောင့်လည်း မဖျက်ပါဘူး။"

"ဟဲ့ မဖျက်ဘူးသာဆိုတယ် ငါလည်း မတွေ့ရပါလား" ဆိုတော့...

" ဒီလိုအမရာ၊ စိတ်တော့မရှိပါနဲ့၊ ကျနော့်ကောင်မလေး ဘလော့လုပ်တဲ့အထဲ အမပါ ပါသွားတယ် ထင်တယ်" တဲ့။

" ဘာလဲဟယ်၊ နင့်ဟာက မရှင်းမရှင်းနဲ့၊ ရှင်းရှင်းပြောစမ်းပါ၊ ငါနားမလည်ဘူး "ဆိုတော့..

" ဒီလိုအမရာ၊ ကျနော့ကောင်မလေးက ကျနော့ဖဘအကောင့်ထဲဝင်ပြီး သူ့မျက်စေ့နဲ့ မတွေ့တဲ့ အကောင့်တွေကို ဘလော့တယ်။ အဲ့ဒီဘလော့တဲ့listထဲ အမပါသွားလို့ပါ" တဲ့။

ဆက်ပြောလိုက်တာက " စိတ်မရှိပါနဲ့အမရာ၊ ကျနော့်ကောင်မလေးက သဝန်တိုတတ်လို့" တဲ့။

သူလည်း အဲ့လိုပြောလိုက်ရော ဘာပြောကောင်းမလဲ ကျွန်ုပ်လည်း ဒေါသအမျက် ခြောက်ချောင်းရော ခုနှစ်ချောင်းပါ ထွက်ပြီး " အလိုလေးတော်၊ ငါ့ ဘလော့ရအောင်၊ ငါက ဘာဖြစ်နေလို့လဲ၊ ငါ့မလည်း လင်ကြီးငုတ်တုတ်ကို ပြူးပြဲနေအောင်၊ အများမျက်စိနောက်လောက်ကို publicကြီးနဲ့ကို တင်ထားပါရဲ့တော်၊ တကယ်တည်း နင့်ဖာသာနင် ဘယ်လောက်ချောချော ငါစိတ်မဝင်စားဘူး၊ ယောကျာင်္းလေးအသားဖြူရင် ခံစားလို့ကို မရဘူး၊
ဘယ်နှယ့်ဟယ် အမသာ ၁၆နှစ်လောက်နဲ့လင်ယူပြီး ကလေးမွေးရင်တောင် သားဦးလေးက မင်းထက်ကို ၂နှစ်လောက်တောင် ကြီးဦးမယ်ဆိုတာကို မင့်ကောင်မလေးကို ပြောမပြဘူးလား၊ တိုစရာရှားလို့၊ နည်းနည်းပါးပါး လူကြည့် မတိုဘူး၊ အရိပ်အခြေမကြည့် စွတ်ဘလော့နေ၊ သေမယ်၊ နင်တို့တွေ အဲ့ဒါနဲ့ပဲ......" စသဖြင့် စသဖြင့် ဘာညာ သရကာနေကြာ ကွာစေ့ စုံနေအောင် ကျွန်ုပ်လည်း ဆက်တိုက်ကို လွတ်ထည့်လိုက်တယ်ဆိုရင်ပဲ ကောင်လေးက သိပ်အများကြီးပဲ ပြန်မပြောဘဲ တခွန်းတည်းသော စကားကိုသာ ပြန်ပြောပါတယ်။

ဒါပေမယ့်လေ အဲ့တခွန်းတည်းက အထက်ပါ ကိစ္စရပ်ကြီးတခုလုံးနဲ့ သူတို့၂ယောက်စလုံးကို ခွင့်လွှတ်သွားစေတယ်။ ဘလော့ခံရတာကိုလည်း အကျေနပ်ကြီး ကျေနပ်မိတယ်။ အာ့လိုမျိုးဆိုလို့ကတော့ တခါမက ဆယ်ခါဘလော့လိုက်ဇမ်းဘာလေ။ ကျေနပ်ဒယ်။

သြော်....ကောင်လေး ပြန်ပြောတဲ့ စကားလား...???

"အမ ထင်သလို မဟုတ်ပါဘူး အမရယ်။ ကျနော့ကောင်မလေးက ပရိုဖိုင်တွေ ဘာတွေ ဘာမှ လိုက်ဖတ်နေ ကြည့်နေတာ မဟုတ်ဘူး၊ သူ့မျက်စေ့ထဲမှာ ပရိုဖိုင်ပုံက ကောင်မလေးက ငယ်ငယ်ချောချောလေးဖြစ်နေတာ တွေ့ရင် တန်းဘလော့လိုက်တာပဲ" တဲ့။

0 comments:

Post a Comment